Monday, August 31, 2009

အထက်လွှတ်တော်အမတ်၏ ခရီးစဉ် အောင်မြင်ပါသလား

ဒက်ဘီ စတူးဟတ်

အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် စီစဉ်ထားသည့် အချက် ၃ ချက်ကို ဆောင်ရွက် နိုင်ခဲ့သောကြောင့် သူ၏ မြန်မာပြည် ခရီးစဉ်ကို “အောင်မြင်မှု” ရှိသည်ဟု ယူဆကြသည်။ ထို ၃ ချက်မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသော အမေရိကန် နိုင်ငံသား ဂျွန်ယက်ထောကို ကယ်ထုတ်နိုင်ခဲ့ခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခြင်းတို့ ဖြစ်သည်။

မြန်မာစစ်အစိုးရ၏ တင်းမာသည့် သဘောထားကို အကျွမ်းတဝင်ရှိသော နိုင်ငံတကာ၏ အမြင်တွင် ယခု ခရီးစဉ်သည် အောင်မြင်သော လျှပ်တပြက် စွမ်းဆောင်ချက် ဖြစ်နေသည်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့သူ ရာဇလီအစ္စမေးလ်၏ ၂ဝဝ၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရန် ဆောင်ရွက်နိုင်မှု၊ ၂ဝဝ၇ ခုနှစ် နာဂစ်ဒုက္ခသည်များ အတွက် တန်ဖိုး ကြီးမားသည့် အကူအညီများကို ဗိုလ်ချုပ်ကြီးများ လက်ခံလာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆွဲဆောင်နိုင်မှုတို့ နောက်ပိုင်းတွင် ယခုခရီးစဉ်သည် အကြီးမားဆုံး ရှေ့တိုးခဲ့သည့် ခြေလှမ်း တရပ် ဖြစ်သည်။

မည်မျှ အံ့သြဖွယ် ကောင်းသနည်း ဟုဆိုလျှင် အထက်လွှတ်တော်အမတ် ဝက်ဘ်၏ “အောင်မြင်မှု” သည် အမေရိကန် ပြည်ထောင်စု၏ ထူးခြားသော (ထိရောက်မှုရှိသော) အရေးယူ ပိတ်ဆို့မှုများက ဖြစ်ပေါ်လာသော သြဇာ သက်ရောက်မှု အပေါ်တွင် အခြေခံနေသည်။ ၁၉၉၇ ခုနှစ်က အမေရိကန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု အသစ်များ ပြုလုပ်ခြင်းကို တားမြစ်ခဲ့သည်။ ထိုအရေးယူမှု အပေါ် ထပ်ဆင့်ပြီး ၂ဝဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ သွင်းကုန်များကို တားမြစ်ခြင်း၊ ဘဏ္ဍရေး အရ အရေးယူခြင်းများကို ပြုလုပ်ခဲ့သည်။

ငွေပုံပေးထားလိုသော အမေရိကန် ပြည်ထောင်စု၏ ယခင်က ဆန္ဒကို မြန်မာ စစ်အစိုးရက လေးစားခဲ့လေသည်။ စစ်အစိုးရက အာဆီယံကို အလေးမထားဟန် ဆက်ဆံခဲ့သော်လည်း အမေရိကန်ကို ပိုမို ပူးပေါင်း ဆောင်ရွက်မှုများ ရရှိနိုင်ရေးအတွက် ဆွဲဆောင်သည့်အနေဖြင့် ယခင် နှစ်များက ဒေါ်လာ သန်းပေါင်း များစွာ ရင်းနှီး သုံးစွဲခဲ့လေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမေရိကန်တို့၏ ကြေညာချက်များ နောက်တွင် လက်တွေ့ လှုပ်ရှားမှု တွဲလျက် ပါလာတတ်သည့် အစဉ်အလာ ရှိသည်ကို သိထားသည်။ ဆိုင်ကလုန်း နာဂစ် အကူအညီပေးရေး လမ်းကြောင်းများ ဖွင့်ပေးရန် နအဖကို ဆွဲဆောင်ခဲ့သည့် အာဆီယံ၏ ကြီးမားသော အောင်မြင်မှုကို မှတ်မိကြပါလိမ့်မည်။ အမေရိကန် လေယာဉ်တင် စစ်သင်္ဘော USS Essex ဦးဆောင်သည့် အုပ်စုနှင့် တခြား နိုင်ငံခြား ရေတပ် သင်္ဘောများ မြန်မာ နိုင်ငံ ကမ်းလွန် ဒေသတွင် ကျောက်ချပြီး အဆင်သင့် စောင့်ဆိုင်း နေခြင်း မရှိပါက အာဆီယံသည် အောင်မြင်မှု ရရှိမည် မဟုတ်ပါ။ ထိုအချိန်က အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မည်လား သို့မဟုတ် အမေရိကန် ရေတပ်နှင့် ဆက်ဆံမည်လား ဆိုသည့် အခြေအနေမျိုး နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြုံခဲ့ရခြင်း ဖြစ်သည်။

စစ်အစိုးရက ယုတ္တိမရှိသည့် ကတိကဝတ်များ၊ ကြေညာချက်များဖြင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ တို့၏ ပွယောင်းယောင်း သံတမန်ရေး အဆိုပြုချက်များကို ခပ်ပေါ့ပေါ့ပင် တုံ့ပြန်ခဲ့သည်။ ၎င်းတို့သည် အမှန်တကယ် ထိခိုက် နိုင်စွမ်း မရှိ ဟူသော အတွေ့အကြုံကြောင့် စစ်အစိုးရက သက်သောင့် သက်သာ ဖြစ်နေသည်။

တကမ္ဘာလုံး ပါဝင်သည့် လက်နက် ရောင်းချမှု ပိတ်ဆို့ခြင်း၊ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ စုံစမ်း စစ်ဆေးရေး ကော်မရှင် တို့ကိုသာ စစ်အစိုးရက အလေးထားလာမည် ဖြစ်သည်။ ထိုနည်းလမ်းသည် ပူးပေါင်း ဆောင်ရွက်မှု အမျိုးအစား တခု ဖြစ်ပြီး တွေ့ဆုံဆွေး နွေးရေးနှင့် စေ့စပ် ညှိနှိုင်းရေးတို့ အပေါ်တွင် အခြေခံပါသည်။

လွှတ်တော်အမတ် ဝက်ဘ် ဂုဏ်ယူ ဝံ့ကြွားနေချိန်တွင် မည်သည့်နည်းနှင့်မျှ မြန်မာနိုင်ငံမှ ပျောက်ပျက် မသွားနိုင်သော အရေးကြီးသည့် ပြဿနာရပ်များကို မေ့ထား၍ မရနိုင်ပေ။ သူ့အပေါ် မကောင်းသည့် စိတ်နှင့် ပြောခြင်း မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝကျော် အကျဉ်းကျနေကြဆဲဖြစ်သည်။ မြန်မာပြည် အရှေ့ပိုင်းတွင် ရွာသားများကို မုဒိမ်းကျင့်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လုပ်အားပေး စေခိုင်းခြင်း၊ သေဆုံးမှုများ စသည့် အကြမ်းဖက်မှုများကို စစ်တပ်က ရက်ရက် စက်စက် တိုးမြှင့်လုပ်ဆောင်နေသည်။

ဇူလိုင်လ ၂၇ ရက် မှ ယနေ့အထိ ရှမ်းပြည်နယ် အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၅ဝဝ မှ အတင်း အဓမ္မ ရွှေ့ပြောင်းခံရသူ ပေါင်း ၁ဝဝဝဝ ကျော် ရှိနေသည်။ ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူပေါင်း ၆ဝဝဝကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ ဒုက္ခသည်များက နေစဉ်နှင့်အမျှ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ ထိန်းချုပ်နိုင်ရန် ကြိုးစားသည့် အနေဖြင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား အဖွဲ့များနှင့် အပစ် မရပ်စဲသေးသည့် အဖွဲ့များကို စစ်အစိုးရက တင်းကျပ်လာမည် ဆိုလျှင် ကမ္ဘာ့အရှည်အကြာဆုံး စစ်ပွဲများထဲတွင် ပါဝင်သည့် မြန်မာပြည်မှ စစ်ပွဲများသည် ပို၍ ဆိုးရွာလာပါလိမ့်မည်။

စစ်အစိုးရ၏ မြောက်ကိုရီးယားနှင့် ရင်းရင်းနှီးနှီး ပူးပေါင်း ဆောင်ရွက်နေသော ကြောက်မက်ဖွယ်ရာ အထောက် အထားများ ဖြစ်သည့် ဥမင်လိုဏ်ခေါင်းများ၊ တာဝေးပစ် ဒုံးပျံ နည်းပညာများ နှင့် အဏုမြူ အစီအစဉ် တို့ကိုလည်း မေ့ထား၍ မဖြစ်ပေ။

အမေရိကန် ပြည်ထောင်စု၏ အကူအညီ မပါဘဲ စစ်အစိုးရက ဤသို့ ပျက်စီးရာ ပျက်စီးကြောင်းများ လုပ်ဆောင် နိုင်သော အခြေအနေတွင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက်မည် ဆိုလျှင် မည်ကဲ့သို့ ဖြစ်လာမည်နည်း ဆိုသည်ကို အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အလေးအနက် စဉ်းစားရမည် ဖြစ်သည်။

ဤအချိန်သည် မြန်မာနိုင်ငံ အတွက် ဆောင်ရွက်ရန် အကြောင်းအရာများအပေါ် ပြန်လည် အာရုံစိုက်ရမည့် အချိန် ဖြစ်သည်။ ၎င်းတို့မှာ နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ တိုင်းရင်းသား လူမျိုးစုတို့ နေထိုင်ရာ ဒေသများတွင် စစ်တပ်၏ ရန်လိုသော အပြုအမူများ အဆုံးသတ်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သုံးပွင့်ဆိုင် ပြန်လည် သုံးသပ်ရေးတို့ ဖြစ်ပါသည်။

ဒက်ဘီ စတူးဟတ်သည် Alternative Asean Network ၏ မြန်မာပြည်ဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်ပါသည်။

No comments: