Monday, August 24, 2009

စစ်တပ်မှ ရွာသားများ ပူးပေါင်းစုထားသော စုဗူးကို ခိုးယူ

ပါးရယ်/ သြဂုတ် ၂၄၊ ၂၀၀၉

မြန်မာစစ်အစိုးရတပ် ခလရ ၁၀၂ တပ်ရင်းသည် ရွာသားများ အရေးပေါ် အသုံးပြုရန် စုပေါင်းစုထားသော စုဗူးကို ခိုးယူသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါ တပ်ရင်းသည် ဒီမောဆိုမြို့နယ် ထီးဖုကလိုးကျေးရွာအုပ်စုရှိ ဒေါကူလီရွာနေ ဂျိုးဇက်၏ နေအိမ်သို့ ယခုလဆန်းပိုင်းတုန်းက တက်ရောက် မွေနှောက်ရှာဖွေခြင်းဖြင့် ရွာသားများ ပိုင်သော ပိုက်ဆံစုဗူးကို ခိုးယူသွားခြင်းဖြစ်သည်ဟုဆိုသည်။

“အခြားပစ္စည်းက သူတို့ ဘာမှ မယူသွားပါဘူး။ ရွာသားတယောက်ရဲ့ ပိုက်ဆံ ၁၀၀၀၀ တော့ တက်ယူသွားတယ်။ နောက်ပြီး စုဗူးတလုံး ထပ်ယူသွားသေးတယ်။ စုဗူးက ဒေါကူလီ ရပ်ကွက် (၁) ဟာ ဖြစ်တယ်” ဟု ဒေါကူလီရွာသားတဦးကပြောပြသည်။

ငွေကြေးများ အခိုးခံရသော ဂျိုးဇက်သည် နေအိမ်တွင် မရှိသည့် အတောအတွင် စစ်တပ်က တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကျေးရွာတွင် လူဦးရေး ၂၀၀ ခန့်ရှိပြီး လူနေ အိမ်ခြေ ၆၀ ၀န်းကျင်ခန့်ရှိသည်။

စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၁၀၂ သည် ကရင်နီပြည် ဒီမောဆိုမြို့တွင် တပ်ဆွဲထားသော တပ်ရင်း ဖြစ်သည်။

No comments: