Friday, August 28, 2009

နအဖနှင့် အပစ်ရပ် ကိုးကန့်တို့ ကြား သွေးထွက်သံယိုမှု စတင်ပြီ

သျှမ်းသံတော်ဆင့်

နအဖ စစ်တပ်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) (ခေါ်) ကိုးကန့် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ တို့ကြား သြဂုတ်လ ဆန်းပိုင်းမှ စတင်၍ စစ်ရေးအရ တင်းမာမှု ရေချိန် ထိုးတက် လာနေရာ ယနေ့တွင် အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့ ကြောင်း သိရသည်။

ယနေ့နံနက်(၁၀)နာရီခန့်က သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့ အနီးရှိ ရန်လုံကိုင်းရွာတရုတ်နယ်စပ်ဂိတ်အနီးတွင် နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်အဖွဲ့ဥက္ကဌ ဦးဖုန်ကြားရှင်းခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် နယ်စပ်ဂိတ်စောင့် ဗမာရဲတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး ပစ်ခတ်မှုတွင် ဗမာရဲတပ်ဖွဲ့မှ (၃) ဦးသေဆုံးသွားကြောင်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသား စစ်ဘက်သတင်း ရပ်ကွက်မှ သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနေ့မနက်ပိုင်း (၁၀) နာရီထိုးခါနီး (၁၅) မိနစ်လောက်မှာ နယ်စပ်တံတားမှာစောင့်နေတဲ့ ဗမာရဲနဲ့ ကိုးကန့်အဖွဲ့ တွေ့ပြီး ပစ်ကြတယ် ရဲ (၃) ယောက်သေသွားတယ် ကျန်တဲ့ (၄) ယောက်ကတော့ တရုတ်ပြည်ထဲထွက်ပြေးသွား တယ် ” လို့ အဆိုပါ တိုင်းရင်းသားစစ်ဘက်သတင်းရပ်ကွက် က ပြောသည်။

(၁၉၈၉) ခုနှစ်ကတည်းက ငြိမ်းချမ်းရေးရယူထားသည့် ကိုးကန့်အဖွဲ့ ဥက္ကဌ ဦးဖုန်ကြားရှင်း နေအိမ်အား မူးယစ်ဆေးဝါး နှင့် လက်နက်စက်ရုံရှိသည်ဟု ဆိုကာ ယခုလ (၈) ရက်နှင့် (၂၃) ရက်နေ့များက နအဖလက်နက်ကိုင် တပ် ဖွဲ့များက (၂)ကြိမ်ဝင်စီးခဲ့သည့်အတွက် နှစ်ဘက် တင်းမာလာခဲ့သည်။

ထိုသို့ နှစ်ဘက်တင်းမာမှု (၁) လနီးပါးကြာ အချိန်ကာလအတွင်း၌ နအဖစစ်တပ်၏ စစ်ရေး ခြိမ်းခြောက်မှုများကြောင့် ကိုးကန့်အဖွဲ့အစည်း၏ ရပ်တည်မှုမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားရသည်။

အဖွဲ့အတွင်း မတည်မငြိမ်ဖြစ်ပေါ်လာသောကြောင့် ဒေသတွင်းရှိပြည်သူများမှာ တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်သူ (၁၀၀၀၀) နီးပါးခန့်ရှိကြောင်း သိရသည်။

“ ဒီလ စောစောပိုင်း တိုင်းမှူးအောင်သန်းထွဋ် လောက်ကိုင်လာကတည်းက ရပ်ဝေးက ဗမာ အလုပ်သမားတွေကို နေရပ်ပြန်ဖို့ ပြောထားပြီးပြီပဲ အခုဖြစ်တော့ လူတော့အကုန်ရှောင်သွားကြပြီ အသက်ကြီးတဲ့အဖွားကြီး အဖိုးကြီးတွေ လောက်ပဲ အိမ်စောင့်ကျန်ထားတော့တယ် ” လို့ ဒေသတွင်းအခြေအနေကို ဆို့စ် က ပြောသည်။

ယခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး အခြေအနေသည် အေးစက်ငြိမ်သက်လျှက်ရှိကာ အချိန်မရွေးသေနတ်သံများ ပြန်
ထွက်ပေါ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အခုလောလောဆယ်တော့ ဘယ်လိုပြောမလဲ ငြိမ်နေတယ် ဒါပေမဲ့ ညဖြစ်မလား နေ့ဖြစ်မလား ဆိုတဲ့ အခြေ အနေမျိုးပဲ ခန့်မှန်းရခက်တယ် ” လို့ သူကပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်တပ်အင်အား (၂၀၀၀) ကျော်ခန့် ကိုးကန့်နယ်မြေအတွင်းသို့ ပို့လွတ် ထားပြီး နောက်ထပ်စစ်အင်အားဖြည့်တင်းမှုများလည်း ရှိနေကြောင်း စောစောက စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

“နောက်ထပ်ဗမာစစ်တပ်က အင်အားပြန်ဖြည့်နေတယ်လို့ကြားတယ် တိုင်းရင်းသား မဟာမိတ်တပ်တွေကရောပဲ အင်အား တွေဖြည့်ပြီး အားလုံးအသင့်ပြင်ထားကြပြီ ” လို့ သူကပြောသည်။

မနေ့က ဖုန်းကြားရှင်းခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက ကြေငြာချက်တစ်စောင်ထုတ်ပြန်ထားရာတွင် နအဖ စစ်တပ်များ ကိုးကန့်ဒေသအတွင်းမှ ထွက်ခွာပေးရန်တောင်းဆိုချက်လည်း ပါဝင်ကြောင်း သိရသည်။

သို့သော် ယခုအခြေအနေသည် နအဖက နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကိုငြင်းဆိုခဲ့သည့် ဥက္ကဌ ဖုန်ကြားရှင်း အပါအ၀င် ခေါင်းဆောင် (၄) ဦးကို ၀ရမ်းပြေးအဖြစ် ထုတ်ပြန်ထားကာ ဒုဥက္ကဌ ပိုင်ဆုံချိန်အား ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့၍ ကျောထောက်နောက်ခံပေးထားသဖြင့် အဖွဲ့လည်း (၂) ခြမ်းကွဲသွားသည်။

နအဖက အခြေအနေကို အခွင့်ကောင်းယူအမြတ်ထုတ်နိုင်ရန် စစ်တပ်အင်အား(၂၀၀၀)ကျော်ကို အစောပိုင်းက တည်းက အထူးဒေသ (၁) လောက်ကိုင်မြို့သို့ ပို့ဆောင်၍ မြို့အား ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

No comments: