Saturday, August 22, 2009

ဘယ်သူနဲ့မဆို သင့်မြတ်လိုက်လျောနိုင်တယ်

တူမောင်ညို

ဒီမိုက ရက်ဆီး နိတ် တာ မစ္စတာ ဂျင်ဝဘ် (Mr. Jim Webb) ခရီးစဉ်မှာ အမြင်သာဆုံးအချက်ကတော့ လူရှုပ်ယက်တော (John W. Yettaw) ကို (နအဖ)စစ်အစိုးရက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်ထားရာကနေလွှတ်ပေးလိုက်တာပါပဲ။

မစ္စတာဂျင်ဝဘ်ကို (နအဖ)စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ တရားဝင်နိုင်ငံရေးပါတီ ၁၀ ပါတီ၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့တို့ မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။

မစ္စတာ ဂျင်ဝဘ်ကို ဗိုလ်သန်းရွှေကိုယ်တိုင်က လက်ခံတွေ့ဆုံခဲ့ပြီး၊ ဒီလိုတွေ့ဆုံရာမှာ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ် တင် အောင်မြင့်ဦး စတဲ့ စစ်အုပ်စု ထိပ်သီးတွေနဲ့ပါ တပြိုင်တည်းတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေရမှာ သတိပြုမိတာတခုက တခြားနိုင်ငံခြားဧည့်သည်သတင်းတွေမှာ ဖေါ်ပြသလို “ဗိုလ်ချုပ်မှူးကြီးကို လာရောက်ဂါရဝပြု တွေ့ဆုံ တယ်”လို့ သတင်းစာမှာ စာလုံးအမည်းကြီးနဲ့ ပြူးတူးပြဲတဲ ဖေါ်ပြတာလည်း မတွေ့ရပါဘူး။

သူတို့ကပဲ ဂါရဝပြုရလို့ ထည့်မရေးတာလား၊ သူတို့နဲ့ တန်းတူရည်တူချင်းမို့ ထည့်မရေးတော့တာလားဆိုတာတော့ စာဖတ်သူများပဲ စဉ်းစားကြည့်ကြပါတော့။

ဒီအချက်တွေအပေါ်ကနေ ပြောရရင် (နအဖ)စစ်အစိုးရဟာ အမေရိကန်အစိုးရနဲ့ ဘယ်လောက်ပြေလည်ချင်သလဲဆိုတဲ့ အချက်ဟာ ထင်ရှားလှပါတယ်။

(နအဖ)စစ်အစိုးရဟာ အမေရိကန်အစိုးရနဲ့ ပြေလည်သင့်မြတ်ချင်တယ်၊ လိုက်လျောနိုင်သမျှ လိုက်လျောနိုင်ခဲ့ပေမယ့်၊ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်နိုင်ငံသားချင်းဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေမှာတော့ ပြေလည်ချင်ပုံမရတာနဲ့ လိုက်လျောနိုင်ခဲ့ခြင်းလည်းမရှိတာကို တွေ့မြင်နေရပါတယ်။

အမှုက “လူရှုပ်ယက်တော” က စခဲ့ပေမယ့် လူသားချင်းစာနာစိတ်ရှိသူ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆက်လက်ပြီး နေအိမ်အကျယ်ချုပ် ချခံနေရပါတယ်။ ကိုယ့်တိုင်းရင်းသားချင်းဖြစ်တဲ့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်း ညွန့်လွင်တို့နဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စဝ်ဆေထင်တို့ကို နှစ်ရှည်ထောင်ဒဏ်များကနေ လျော့ပေါ့ပေးနိုင်ခြင်းမရှိသလို ဆက်လက်ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် ရာသီဥတုဆိုးရွားပြီး သွားရလာရခက်ခဲတဲ့ အကျဉ်းထောင်တွေဆီကိုလည်း ပို့ထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့ အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို အလားတူပါပဲ ရာသီဥတုဆိုးရွားပြီး သွားရလာရခက်ခဲတဲ့ အကျဉ်းထောင်တွေဆီပို့ပြီး ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ စာနာလိုက်လျောမှုဆိုတာက ပြည်တွင်းကိုတမျိုး၊ ပြည်ပကိုတမျိုး ကျင့်သုံးနေတာ သိပ်ထင်ရှားပါတယ်။

တိုင်းပြည်တိုင်းနိုင်ငံတိုင်းမှာ အမျိုးသားအကျိုးစီးပွားဆိုတာ ရှိစမြဲပါ။ အမျိုးသားအကျိုးစီးပွားဆိုတာ အချိန်ကာလ၊ အခြေအနေအမျိုးမျိုးကို လိုက်ပြီး ပုံစံမျိုးစုံနဲ့ တည်ရှိနေမှာဖြစ်ပြီး၊ ရရှိနိုင်ဖို့၊ ထိန်းသိမ်းကာကွယ် တိုးချဲ့နိုင်ဖို့ သက်ဆိုင်ရာ တိုင်းပြည်တိုင်းနိုင်ငံတိုင်းက အမြဲမပြတ် ရှာဖွေလုံးပမ်းနေကြတာာပါ။ “ထာဝရရန်သူ/ထာဝရမိတ်ဆွေ မရှိ၊ ထာဝရအကျိုးစီးပွားသာရှိတယ်” လို့ ဆိုစမှတ်ပြုထားတယ်မဟုတ်ပါလား။

ဆီးနိတ်တာ ဂျင်ဝဘ်ကလည်း သူ့လတ်တလောအမျိုးသားအကျိုးစီးပွားဖြစ်တဲ့ သူတို့ အခွန်ထမ်းနိုင်ငံသား ဂျွန်ယက်တော လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ခဲ့သလို၊ ရေရှည်မှာ အမျိုးသားအကျိုးစီးပွားအတွက် ဘာတွေရှာဖွေသွားနိုင်ခဲ့သလဲဆိုတာ လောလောဆယ် မပြောနိုင်သေးပါဘူး။ သူ့ခရီးစဉ်ရည်ရွယ်ချက်ကတော့ အမေရိကန်အကျိုးစီးပွားကို ရှာဖွေဖို့ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ကြေညာပြောဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ ပြေလည်သင့်မြတ်ချင်နေတဲ့ (နအဖ)စစ်အစိုးရကို အပြန်အလှန်အားဖြင့် ဆီးနိတ်တာ ဂျင်ဝဘ်က ဘာတွေများ လိုက်လျောခဲ့ပါသလဲ။ ဒါကလည်း မြန်မာပြည်က လူမျိုးပေါင်းစုံပြည်သူများ သိချင်နေကြတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

မြန်မာပြည် လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ အဓိက အမျိုးသားအကျိုးစီးပွားကတော့ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းပြီး၊ အမျိုးသားများရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရေးဖြစ်ပါတယ်။

ဒီလို အမျိုးသားအကျိုးစီးပွား တည်ဆောက်ဖေါ်ဆောင် အောင်မြင်ရေးမှာ မိတ်ကောင်းဆွေကောင်းများရဲ့ စာနာထောက်ထားမှုနဲ့ ကူညီမှုကို လူမျိုးပေါင်းစုံ ပြည်သူများက လက်ကမ်းကြိုဆိုနေမှာ ဖြစ်ပါတယ်။ ထာဝရ မှတ်တမ်းတင်ထားမှာလည်း ဖြစ်ပါတယ်။

(နအဖ)စစ်အစိုးရရဲ့ အကျိုးစီးပွားကတော့ တပ်မတော်တစ်ခုလုံးကို စစ်အုပ်စုက အပိုင်စီးထားတဲ့ အခြေခံအောက်မှာ သိမ်းပိုက်ရရှိထားတဲ့ အာဏာကို စစ်အုပ်စုသားစဉ်မြေးဆက် လက်မလွှတ်ရေးပဲ ဖြစ်ပါတယ်။

ဒီလို စစ်အုပ်စု အာဏာသားစဉ်မြေးဆက်လက်မလွှတ်ရေးအခြေခံကို မထိခိုက်ရင် (နအဖ)စစ်အစိုးရဟာ ဘယ်သူနဲ့မဆို မည်သည့်နိုင်ငံနဲ့မဆို ပြေလည်သင့်မြတ်နိုင်ပြီး လိုက်လျောနိုင်သမျှ လိုက်လျောပါလိမ့်မယ်။

အခုလည်း (နအဖ)စစ်အစိုးရဟာ ဒီလို အာဏာလက်မလွှတ်ရေးဆိုတဲ့ အခြေခံပေါ်ကနေ ဒီမိုကရက်ဆီးနိတ်တာ မစ္စတာဂျင်ဝဘ်ကို လိုက်လျောခဲ့ခြင်းဖြစ်ပါတယ်။

No comments: