Thursday, August 27, 2009
လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ပေးရန် အေးဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရများက မြန်မာစစ်အစိုးရအား ဖိအားပေးပြောဆိုမှုများ တစထက်တစ ကျယ်လောင် စွာ ကြားလာရသည်။
နိုင်ငံတနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးရေးနှင့် ကြွယ်ဝချမ်းသာစေရေးအတွက် အဓိက အရေးကြီးဆုံး အချက်တချက်မှာ နိုင်ငံရေးတည်ငြိမ်မှုပင် ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကူလှပေ။ နိုင်ငံရေးတည်ငြိမ်မှု ရှိစေရန်မှာလည်း ပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သည့် အစိုးရ တနည်းအားဖြင့် ပြည်သူလူထုအကျိုးကို ကာကွယ်စောင့်ရှောက်သည့် အစိုးရတရပ်ဖြစ်ရန် လိုသည်။ ထိုအစိုးရဆိုသည်မှာလည်း ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ဆန္ဒသဘောထား အမှန်နှင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် အစိုးရသာလျှင် ဖြစ်ရမည်ကို အထူးပြောရန် မလိုပေ။
ထို့ကြောင့် နိုင်ငံတိုင်းတွင် ပြည်တွင်းငြိမ်းချမ်းမှုရရန်နှင့် နိုင်ငံရေးတည်ငြိမ်မှုရှိစေရန် အဓိကထား ကြိုးပမ်းဆောင်ရွက်ကြရသည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှသာ နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများအကြား ဒေသတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ၊ အရေးအခင်းများနှင့် နိုင်ငံရေးပြဿနာများကို စေ့စပ်ညှိနှိုင်း အဖြေရှာသည့ှ်နည်းကို ယခုအခါ နိုင်ငံအများက လက်ခံကျင့်သုံးလာကြသည်။ ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်း အဖြေရှာရာတွင် နိုင်ငံရေး အယူအဆ မတူကြသဖြင့် လက်နက်စွဲကိုင် တော်လှန်မှုများကြောင့် လူအများ သေကြေပျက်စီး ဆုံးရှုံးမှုများကို မည်ကဲ့သို့ ကုစားမည်ဆိုသည့် အချက်မှာ အဓိကပြဿနာတရပ် ဖြစ်လာခဲ့သည်။
နိုင်ငံရေးအယူအဆကို အခြေခံ၍ ဖြစ်ပွားခဲ့ရသည့် လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းဖက် လုပ်ရပ်များအား အရေးမယူဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်လား၊ သို့မဟုတ် အပြစ်ပေး အရေးယူမည်လား စသည့် ပြဿနာများသည် အဓိကဆွေးနွေးရမည့် ပြဿနာများ ဖြစ်လာခဲ့သည်။ အဓိကအားဖြင့် လူသတ်မှု၊ မုဒိန်းမှု စသည့် ရာဇဝတ်ပြစ်မှုကြီးများကို ကျုးလွန်သူများကိုပါ တရားစွဲဆို အရေးယူ အပြစ်ပေးခြင်းမှ လွတ်ငြိမ်းချမ်းခွင့် ပြုသင့်၊ မပြုသင့် စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားလာရပြန်သည်။ ထိုသို့ နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းများကို စေ့စပ်ညှိနှိုင်းကြရာတွင် တရားစွဲဆို အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးရန် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခြင်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လာသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည့် စကားရပ်နှင့်ပတ်သက်၍ အဘိဓာန်တွင် ဖော်ပြထားချက်များအရ နိုင်ငံရေးကိစ္စများနှင့်ပတ်သက်၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရက အာမခံ၍ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။
ထိုကဲ့သို့ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ၃ မျိုး တွေ့နိုင်သည်။
၁။ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ (Blanket ammesty)
၂၊၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ (General Amnesty)
၃။ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်၊ (Limited Amnesty)
၁။ အကြွင်းမဲ့လွတ်ငြိမ်းချမ်းသာခွင့်၊ (Blanket Amnesty)
အယူဝါဒမတူသူများ ဆင်နွှဲကြသည့် ပြည်တွင်းစစ်ပွဲများအတွင်း ကျူးလွန်ခဲ့သည့် မည်သည့်ပြစ်မှုမျိုးကိုမဆို တရားစွဲဆို၍ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်းကို ဆိုလိုသည်။
ဥပမာ - လူသတ်မှု၊ ဓားပြမှု၊ မုဒိန်းမှုအပါအဝင် အခြားပြစ်မှုကြီးများကို ကျူးလွန်ခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း ဖြစ်သည်။
၂။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ (General Amnesty)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုရာတွင် နိုင်ငံရေးနှင့်စပ်ဆိုင်သည့် ပြစ်မှုများကိုသာ အပြစ်ပေးအရေးယူခြင်းမှ
ကင်းလွတ်ခွင့်ပေးပြီး၊ အခြားနစ်နာသူများက တိုင်တန်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍မူ ပြစ်ဒဏ်မှ အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် မပြုပေ။
၃။ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်၊ (Limited Amnesty)
ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုရာတွင် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်ခြင်းတို့ ပါဝင်သည်။ နိုင်ငံတနိုင်ငံ၏ ထူးမြတ်သည့် နေ့ရက်များတွင် ပြစ်မှုများဖြင့် ပြစ်ဒဏ်ပေးခြင်း ခံရသူများ၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပြောင်းလဲ သတ်မှတ်ပေးခြင်းမျိုးကို ဆိုလိုသည်။
ထိုကဲ့သို့ ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ပတ်သက်၍ ဗြိတိသျှ ကိုလိုနီလက်အောက်တွင် ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်များကို ဥပမာအဖြစ် တွေ့ရှိနိုင်သည်။
လွတ်ငြိမ်းချမ်းသာခွင့်သည် မြန်မာနိုင်ငံတွင် မည်သည့်ကာလက အစပြုခဲ့ပါသလဲဆိုသည့် အချက်နှင့်ပတ်သက်၍
မြန်မာနိုင်ငံအတွင်း ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးအခင်းမှ စတင်ခဲ့သည်ဟု မှတ်တမ်းများအရ တွေ့ရှိရသည်။
ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားများ၏ တော်လှန်ပုန်ကန်မှုတွင် ဗြိတိသျှအစိုးရသည် ၁၉၃၁ ခုနှစ် ဇူလိုင်လ အတွင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် ထုတ်ပြန်၍ -
၁။ ဟင်္သာတ
၂။ ပြည်
၃။ သရက်
၎။ အင်းစိန်
၅။ သာယာဝတီ စသော ခရိုင်များတွင် ကြေညာလေသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် အစိုးရ အမှုထမ်းအရာထမ်းများ၊ အစိုးရသစ္စာရှိသော ရွာသူရွာသားများအား သတ်ရာတွင် ကိုယ်ထိလက်ရောက် ပါဝင်ခြင်း မပြုသူမှန်သမျှ လက်နက်ချ ဝင်ရောက်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် အစိုးရအနေဖြင့် မည်သည့်သူပုန်ကိုမဆို တရားစွဲလိုက စွဲနိုင်သည်ဟု ဖော်ပြကန့်သတ်ထားသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်အရ ၁၉၃၁ ဇူလိုင်လ ၁၅ ရက်မှ ၁၉၃၂ ခု ဇန်နဝါရီလ ၁ ရက်နေ့အထိ ခရိုင်အလိုက် လက်နက်ချဝင်ရောက်သော ဦးရေမှာ -
ခရိုင် လက်နက်
သာယာဝတီ ၄၇၅
ပြည် ၃၄၈၆
သရက် ၂ဝ၈၅
ဟင်္သာတ ၁၅
အင်းစိန် ၃ဝ၂
ပဲခူး ၂၈
စုစုပေါင်း ၆၃၉၁
လက်နက်ချဝင်ရောက်လာသော်လည်း အရေးကြီးသော ခေါင်းဆောင်များကိုမူ ချက်ချင်း ပြန်မလွှတ်သေးဘဲ ချုပ်နှောင်ထား၍ စစ်ဆေးပြီးလျှင် အချို့ကို ခုံရုံးတင်၍ တရားစွဲဆိုရာ လွတ်သူနည်းလှ၍ သေဒဏ်၊ တသက်တကျွန်းဒဏ် စသည့် ပြစ်ဒဏ်များကို ခံခဲ့ကြရသည်။ ထို့ကြောင့် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် (Blanket Amnesty) နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ဟု မဆိုနိုင်ပေ။
၁၉၃၁ ခုနှစ် ဇူလိုင်လတွင် ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကန့်အသတ်ဖြင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် (Limited Amnesty) ဖြစ်သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ မှ ယနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ဖြစ်ရပ်များ။
၁၉၄၈ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နှစ်ကြီးသမားများ ၃ ပုံ တပုံ၊ ကျန်ပြစ်မှုများ ၆ လ လျှော့ရက်ပေးခဲ့သည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၁၉၄၈ ဇွန်လ ၁၅ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး၊ ဇွန် ၃ဝ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ု ထုတ်ပြန်သည်။
ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် ၁၉၅၅ အောက်တိုဘာ ၁ ရက်နေ့မှ ၁၉၅၆ မေလ ၃၁ ရက်နေ့အထိ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက ၁၉၅၆ မေလ ဆဌသံဃာယနာတင်ပွဲနှင့် သာသနာနှစ် ၂၅ဝဝ ပြည့်၊ အထူးလျှော့ရက်များကို ထုတ်ပြန်ကြေညာ၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခဲ့သည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီသည် စောဟံသာမွှေး ဦးဆောင်သော ကရင်တော်လှန်ရေးကောင်စီနှင့်သာ သဘောတူညီမှု ရရှိခဲ့သည်။ ၁၉၆၃ ဧပြီလ ၁ ရက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် အဆိုပါ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂ဝဝဝ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားကြရသည်။ ထိုပြစ်ဒဏ်များမှ လွတ်မြောက်လာသူများတွင် နိုင်ငံတော်လုံခြုံရေး အက်ဥပဒေဖြင့် အရေးယူ ဖမ်းဆီးခြင်း ခံရသူများ မပါဝင်ပေ။
၁၉၆၃ ခုနှစ် တပ်မှူးများ ညီလာခံနှင့် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၃ ကြိမ်မြောက် တော်လှန်ရေးကောင်စီ အစည်းအဝေးက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို အတည်ပြုကြောင်း ကြေညာသည်၊၊ ယင်းအမိန့်အရ ဖမ်းဆီးထားသူ နိုင်ငံရေးအကျဉ်းသား၂၃ ဦး၊ သတင်းစာဆရာ ၅ ဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ၅ ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ ၄ ဦးအား ရန်ကုန်ထောင်၊ အင်းစိန်၊ မင်္ဂလာဒုံတို့မှ လွှတ်လိုက်သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးသမားများတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဝင်မစ္စတာ ရာဂျန်၊ ဆေးမှူးဒေါ်မိုးဆွေ ခေါ် ဒေါ်ကံရှိ၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်ဖေဌေး၊ သခင်စိုး၏ ဇနီးဟောင်း ဒေါ်နှင်းမေ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ မိုးကျော် ခေါ် ကျော်နိုင်၊ ကေအင်ယူ ပေါလစ်ဗြူရိုအဖွဲ့ဝင် ဆရာသာမြိုင်၊ သတင်းစာဆရာများနှင့် ကျောင်းသားများလည်း လွတ်မြောက်လာကြသည်။
နောင်ကို ထောင်ထဲပြန်မရောက်အောင် ကိုယ့်ကိုယ်ကို ထိန်းကြပါ၊ စိတ်တိုင်းကျ အားလုံးမရစေကာမူ၊ စားရမဲ့ သောက်ရမဲ့ ဘဝ မရောက်အောင် တတ်နိုင်သမျှ လုပ်ပေးသွားမည်၊ ထောင်မှလွတ်သူများ အပြင်တွင် ငြိမ်ငြိမ် မနေလျှင် အစိုးရ အလုပ်တိုးမည်၊ အလုပ်မတိုးပါရစေနဲ့ဟု ရန်ကုန်ထောင်မှ အကျဉ်းသားများအား မလွတ်ပေးမီ ဗိုလ်ချုပ်နေဝင်းက မိန့်ကြားသည်။
၁၉၆၃ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာများ တိုးတက်ကောင်းမွန်လျက်ရှိသည်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အားထုတ်ဆောင်ရွက်လာကြသည့် ဦးကျော်ငြိမ်း၊ သခင်ခံမြင့်၊ ဗိုလ်ကြာညွန့်၊ ဗိုလ်ထွန်းတင်၊ ဦးကြီးချိုင်၊ ဦးဝင်း၊ ဦးမင်းခေါင်၊ ဦးချမ်းသာ၊ ဦးချန်ထွန်းနှင့် ဦးလောရုံတို့ကို ထိန်းသိမ်းလိုက်ပြီးဖြစ်ကြောင်း ဆိုင်ရာမှ ကြေညာသည်။
ထိုနေ့တွင်ပင် အထိန်းသိမ်းခံနေရသော သခင်တင်၊ ဗိုလ်မှူးအောင်နှင့် သခင်တင်မောင်တို့ကို လွှတ်လိုက်သည်။
၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် မဒညတတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီဖြစ်ကြောင်း တော်လှန်ရေးကောင်စီမှ ကျေညာသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဆွေးနွေးပွဲပျက်ပြီးနောက် မြို့ပေါင်း ၂၇ မြို့မှ နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊ သတင်းထောက်များ စုစုပေါင်း ၂၇၁ ဦးကို ထိန်းသိမ်းလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်လက်ျာအား ဖမ်းဆီးရမိသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပထစ အဖွဲ့ချုပ် ဥက္ကဋ္ဌအသစ်ဖြစ်သူ ဗိုလ်မှူးအောင်အား ဆိုင်ရာမှ ဖမ်းဆီးသည်။
၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြေပေါ်၊ မြေအောက်အပါအဝင် အုပ်ချုပ်ရေးအပိုင်း၌၎င်း နိုင်ငံရေးအပိုင်း၌၎င်း တကြိမ်တခါ မှားယွင်းခဲ့သော ပြစ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို နောက်ဆုံးရက်အဖြစ် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိသာ တည်ရှိရမည်ဟု တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ကြေညာသည်။
ထိုသို့ ကြေညာပြီးနောက် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ပုပ္ပားတွင်ကျင်းပသည့် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေ့တွင် မိမိတို့၌ အတွေ့အကြုံ ပြည့်ပြည့်စုံစုံမရှိ၊ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးကို မကြိုက်သော အစိတ်အပိုင်းကလည်း ရှိနေ၍ အခက်တွေ့နေရသည်။ အသွင်ကူးပြောင်းရေးကာလတွင် အခက်အခဲတွေ့ရဦးမည်။ ကုန်သည်နှင့်အစိုးရ ဘတပြန် ကျားတပြန် ဖြစ်နေသည်။ တနေ့တွင် အစိုးရပဲ နိုင်ရမည်။ ကန်တကောဇ အမျိုးမျိုး ဆက်ဒုက္ခပေးနေလျှင် ယခင်ကကဲ့သို့ ငြင်ငြင်သာသာ လုပ်နေတော့မည် မဟုတ်ဟု ကြေညာလိုက်သည်။
၁၉၆၄ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေပြဋ္ဌာန်းကာ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖျက်သိမ်းခဲ့သည်။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ချီတက်မည့် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအား ဦးဆောင်မည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ထောင်ရန် လုပ်ဆောင်ခဲ့သည်။
၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံအထိမ်းအမှတ်အဖြစ် ရာဇဝတ်ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းဆိုင်ရာ ကြေညာချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ကြေညာချက် အမှတ် ၈၇ ဖြင့် ထုတ်ပြန်ခဲ့သည်။
၁၉၇၄ ခုနှစ် မတ်လ ၁၉ ရက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီရုံး၊ ကြေညာချက် အမှတ် (၁) နိုင်ငံတော်အား လက်နက်စွဲကိုင် တော်လှန်သောင်းကျန်းနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပြစ်ဒဏ်ကျခံနေသူများအား ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ၁၉-၃-၇၄ မှ ၁၆-၆-၇၄ နေ့အတွင်း တရားဥပဒေဘောင်အတွင်း ဝင်ရောက်လျှင် ယင်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ခြွင်းချက်များဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။
၁၉၇၄ ခုနှစ် စက်တင်ဘာလတွင် အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ခွန်ဆာ ပြန်လည်လွတ်မြောက်လာသည်။
၁၉၈ဝ ခုနှစ် ဇူလိုင်လ ၁၅ ရက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ ၁၉၈ဝ ပြည့်နှစ် မေလ ၂၇ ရက်နေ့၌ ရန်ကုန်မြို့ အလုံလမ်း သမ္မတအိမ်တော်ဝင်းအတွင်း၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ အစည်းအဝေးတရပ် ကျင်းပသည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် မြန်မာနိုင်ငံတဝှန်းလုံးမှ တက်ရောက်လာကြသော သံဃာတော်များ၏ သြဝါဒများ၊ ဆွေးနွေးမှုများသည် အလွန်ထူးခြားမွန်မြတ်သော၊ အလွန်ကြည်ညိုလေးစားဖွယ်ဖြစ်သော လုပ်ငန်းရပ်ကြီးဖြစ်သဖြင့် ကြုံတောင့်ကြုံခဲလှသော အခါသမယဖြစ်၍ ယင်းပွဲကြီး အောင်မြင်စွာပြီးမြောက်သည်ကို နှစ်ထောင်းအားရစွာ ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးနှင့် ညီညွတ်သော စိတ်ဓာတ်ကို ဖြစ်စေသည့် မဟာသမယနေ့တွင် နိုင်ငံရေးပြစ်မှုများနှင့် အခြားပြစ်မှုများ ကျုးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ဂုဏ်ပြုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တရပ် ထုတ်ပြန်ရန်ကို နိုင်ငံတော်ကောင်စီက ထုတ်ပြန်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် နိုင်ငံတော်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးစိတ်ဓာတ်ကို ပွားများစိမ့်သောငှာ အမိန့်အမှတ်၂-၈ဝ ကို၁၉၈ဝ ပြည့်နှစ် မေလ ၂၈ ရက်နေ့စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြည်ပြေးအဖွဲ့မှ ဦးနုနှင့် ဇနီး ဒေါ်မြရီ၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဇာလီမော်၊ စခန်းမှူးဦးလှိုင်နှင့် မိသားစုဝင် ၁၁ ဦး၊ သခင်သင်းကြည်၊ ဒေါက်တာမန်းမြင့်ဆိုင်၊ ရန်ကုန်ဘဆွေနှင့် မိသားစု၊ ကျားနက်တပ်ရင်းမှူး ထွန်းမြိုင်နှင့် ၁ဝ ဦး၊ အလယ်ပိုင်းတိုင်းမှ ပြည်သိမ်းတပ်ရင်းမှူး ဖေတင်၊ တပ်မမှူး တင်ငွေ၊ ဒုတိယတပ်ရင်းမှူး အောင်နိုင်၊ တပ်ရင်းမှူး ဖေသိန်းနှင့် ၁၄ ဦး၊ အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်ကျော်ဒင်၊ လူငယ်ဥက္ကဋ္ဌ မြဝတီ ဦးရဲခေါင်၊ တွဲဖက်အတွင်းရေးမှူး ဦးသုဝေနှင့် ဇနီးအပါအဝင် ပြည်ပြေးအဖွဲ့မှ ၄၈၅ ယောက်။
ထိုင်းနိုင်ငံအတွင်းရှိ ပြည်သူ့ပြည်ချစ်ပါတီမှ ဦးသက်တင်နှင့်အဖွဲ့ဝင် ၃၉ ဦး၊ ဇွန်လ ၁၉ ရက်နေ့၊ ဦးမောင်ကလေးနှင့် ဦးတင်မြင့်တို့သည် ဇွန်လ ၁၂ ရက်နေ့၊ ယင်းပါတီမှ အလယ်ပိုင်းတိုင်းရုံး တိုင်းမှူး ဗိုလ်အောင်မြင့်နှင့် အဖွဲ့ဝင် ၈ ဦးသည် ဇွန်လ ၁၈ ရက်၊ ဗိုလ်မှူးအောင်နှင့် ၂ ဦးသည် ဇွန်လ ၂၁ ရက်၊ ဗကပ ဗဟိုကော်မတီဝင် အနောက်မြောက်တိုင်းမှူး ဗိုလ်သက်ထွန်းနှင့် အဖွဲ့ဝင် ၆၄ ဦးသည် ဇူလိုင်လ ၁၈ ရက်၊ ရခိုင်ပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ကျော်ဇံရွီးနှင့် အဖွဲ့ဝင် ၅ ဦးသည် ဇူလိုင် ၁၉ ရက်၊ မေ ၂၈ ရက်မှ ရက်ပေါင်း ၉ဝ အတွင်း ပြည်တွင်းပြည်ပမှ အလင်းဝင်သူစုစုပေါင်း ၂၁၈၉ ဦး ရှိခဲ့သည်။
နိုင်ငံတော်တဝှန်းရှိ အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား အမျိုးသား ၃၆ဝ၁ ဦီးနှင့် အမျိုးသမီး ၃၄၃ ဦးတို့ကို လွှတ်ပေးခဲ့သည်။
၁၉၈ဝ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ဘိန်းဘုရင် ဦးလော်စစ်ဟန် ပြန်လည်လွတ်မြောက်လာသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအုံကြွမှုကြီး မြန်မာနိုင်ငံအနှံအပြားတွင် ဖြစ်ပွားခဲ့ရာ အကျဉ်းထောင်များမှ အကျဉ်းသားများကို ထောင်ဖွင့်၍ လွှတ်ပေးခဲ့သည်။ ထိုသို့ လွှတ်ပေးခဲ့ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အရေးအခင်းကာလများအတွင်း လွတ်မြောက်သွားသူများနှင့် ပတ်သက်၍ အာဏာသိမ်း စစ်အစိုးရက ၁၉၈၈ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း၊ စသည်တို့ကို ထုတ်ပြန်ပြီး ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ကို တွေ့ရသည်။
၁၁/၉၂ တွင် အမိန့်ကြော်ငြာစာဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃ဝဝ ခန့် ပြန်လည်လွှတ်ပေးခဲ့သည်။ အမျိုးသား ညီလာခံ တက်ရောက်စေရန်နှင့် အမျိုးသားညီလာခံက ချမှတ်မည့် အခြေခံမူများ ရေးဆွဲရန် ရည်ရွယ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးကို ရည်ရွယ်၍ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေး အဖွဲ့အမိန့်၊ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲလျှော့ပေါ့ သတ်မှတ်ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်ကြေညာ၍ ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြုခဲ့သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ၁/၉၇ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်သည့် ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့်များ ပြုခဲ့သည်။
ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့်အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရ သူများအား ပြစ်ဒဏ်မှကင်းလွတ်ခွင့် ပြုသည့်အမိန့်ကို ၂ဝဝ၅ တွင်ထုတ်ပြန်ကျေညာခဲ့သည်။နအဖလက်ထက်တွင် လွတ်ငြိမ်း ချမ်း သာ ခွင့်ပေးရာတွင် ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြစ်ဒဏ်များပြောင်း လဲသတ်မှတ်ခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိကြောင်း တင်ပြလိုက်ရပေသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment