Wednesday, August 26, 2009

စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေကြေညာ

NEJ / ၂၆ သြဂုတ် ၂၀၀၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုးကို မြန်မာ နိုင်ငံ ဗ ဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက် သော်လည်း ဗိုလ်မှူး ချုပ်အောင်သိန်းလင်းက ၎င်း၏အမှားကို တရားဝင်ဝန်မခံသေးကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆီကုန်သည်တဦးက ပြောသည်။


၎င်းက “ကျနော်တို့ စုံစမ်းလို့ ရသလောက် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စားသုံးရန် မသင့်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြေညာ၊ ဈေးတွေ၊ စူပါမားကက်တွေ၊ ကုန်စုံဆိုင်တွေကနေ ကိုယ့်ဘာသာကိုယ် လိုက်လံဖမ်းဆီးအရေးယူခဲ့တဲ့ စားဆီ (၇) မျိုးကို စားသုံးဖို့ သင့်တော်တဲ့ ဆီတွေဖြစ်တယ်လို့ အက်ဖ်ဒီအေက အဖြေပေးလိုက်ပြီ။ ဒါပေမယ့် ဗိုလ်မှူးချုပ်အောင်သိန်းလင်း က သူကြေညာခဲ့တာကို မှားပါတယ်ဆိုပြီး တရားဝင်ဝန်ခံတာမျိုး မလုပ်သေးတော့ ပြည်သူတွေ သိပ်မသိကြသေးဘူး။ နောက် ဈေးတွေ စူပါမားကက်တွေမှာလည်း ဘယ်သူမှပြန်ပြီး ဆိုင်တင်ရောင်းချတာ မလုပ်ရဲကြသေးဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အက်ဖ်ဒီအေမှ တာဝန်ကျဝန်ထမ်းတဦးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက ဓာတ်ခွဲစမ်းသပ်ရန် လာရောက်ပေးထားသည့် ထိုင်းနှင့်မလေးရှားသွင်း စားဆီ (၁၁) မျိုးအနက် (၇) မျိုးကို စားသုံးရန် သင့်တော်သည်ဆိုပြီး အကြောင်း ပြန်ကြားခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

မသင့်တော်သည့် (၄) မျိုးမှာ အက်ဖ်ဒီအေက ဇူလိုင် (၂၅) ရက် သတင်းစာများတွင် တရားဝင် ကြေညာထားသည့် (၄) မျိုးပင် ဖြစ်ပြီး အခြားစားသုံးရန် မသင့်သည့် ဆီအမျိုးအစားများ ထပ်မံမတွေ့ရသေးကြောင်း၊ တွေ့ရှိပါက ကြေညာမည်ဖြစ်ကြောင်း ၎င်းက ဆက် လက် ရှင်းပြသည်။

ယခုအခါ ဈေးများတွင် စည်ပင်သာယာက ယခင်ဖမ်းဆီးသိမ်းယူခဲ့သည့် စားဆီ (၇) မျိုးကို ရောင်းချနိုင်ပြီး ဖမ်းဆီးတော့မည် မဟုတ် ကြောင်း၊ အကယ်၍ အောက်ခြေဈေး စည်ပင်သာယာတာဝန်ရှိသူများက ဖမ်းဆီးလျှင် မိမိတို့ထံ အကြောင်းကြားပါက ဖြေရှင်းပေး မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

သို့သော် အက်ဖ်ဒီအေက စားသုံးရန်သင့်သည့် စားဆီ (၇) မျိုးကို အမည်စာရင်းနှင့်တကွ သက်ဆိုင်ရာ ဈေးအသီးသီးကို အကြောင်းကြား ညွှန်ကြားထားခြင်းမရှိသည့်အတွက် ဈေးများ၊ ကုန်တိုက်များနှင့် စူပါမားကက်တို့တွင် ပြန်လည်မရောင်းချ ရဲကြကြောင်း ဈေးသည်များထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်း သည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ကျောက်ပုဇွန်နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန်တစ်ကောင် အမှတ်တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော်အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်သည်။

ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကြေညာဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်းနိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်းတံဆိပ်တို့ဖြစ်ပြီး ဇူလိုင် (၃၁) ရက်နေ့အထိ ပိဿာ ချိန် (၂,ဝဝဝ) ကျော် ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ အက်ဖ်ဒီအေက စားသုံးရန်သင့်ကြောင်း အကြောင်းပြန်ပြီးသော်လည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တရားဝင် ဝန်ခံခြင်း၊ သိမ်း ဆည်းထားသူများထံ စားဆီများ တရားဝင် ပြန်ပေးခြင်း၊ ပုဂ္ဂလိက ဂျာနယ်များသို့ သတင်းထုတ်ပြန်ခြင်းတို့ မပြုလုပ်သေး သည့်အ တွက် ဈေးဆိုင်များ၊ ကုန်တိုက်များ၊ စူပါမားကက်များတွင် ပြန်လည်ရောင်းချခြင်း မတွေ့ရသေးကြောင်း စုံစမ်းသိရသည်။

No comments: