Thursday, August 27, 2009

ဘူးသီးတောင်တွင် လုံခြုံရေး တင်းကျပ်

Narinjara News

ရခိုင်ပြည် နယ် ဘူးသီး တောင်မြို့တွင် ယနေ့နံနက်မှ စပြီး လုံထိန်း တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကို တင်းကျပ် လိုက်သည်ဟု သတင်းရရှိသည်။

မြို့ခံ လူငယ် တဦးက “အဓိက နေရာ သုံးခုမှာ လုံထိန်း တပ်သားတွေကို ဖြန့်ကျက်ချထားတာကို တွေ့ရ ပါတယ်။ တဖွဲ့မှာ အင်အား ၇၀ စီပါတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လုံထိန်း တပ်သား များကို အဓိက ချထားလိုက်သော နေရာများမှာ ဦးဥတ္တမခန်းမ၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနှင့် တောင်ဘ ဇား သို့ သွားသည့် စက်လှေ ဆိပ်များတွင် ဖြစ်သည်။

“ဘာကြောင့်ခုလို လုံထိန်းတပ်တွေကို ချထားလိုက်တယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မြို့မှာ တခုခု ဖြစ်မယ်လို့ သတင်းရတဲ့ အတွက် ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့တွင် တကိုယ်တော် ဆန္ဒပြပွဲမှ အပ တခြား ကြီးကျယ်သော ဆန္ဒပြပွဲများ ယခင်က ပေါ်ပေါက် ခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ကိုရဲသိန်းခေါ် ကိုဘူမောင်မှ စစ်အစိုးရအား ဆန့်ကျင်သည့် တကိုယ်တော် ဆန္ဒပြပွဲများကို (၂) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး နောက်ဆုံး အကြိမ်တွင် ကိုရဲသိန်းကို သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက ဖမ်းဆီး ထောင်ချခဲ့သည်။

ဘူးသီးတောင်မြို့မှာ ရခိုင်ပြည်နယ်တွင် စစ်တပ် အများဆုံး တပ်စွဲထားသော မြို့ဖြစ်ပြီး စကခ ၁၅ နှင့် ဗျူဟာ (၂) တို့ တည်ရှိသည်။

ယခုကဲ့သို့ စစ်တပ် အများဆုံး တပ်စွဲရာ မြို့တွင် လုံခြုံရေးကို တင်းကျပ်လိုက်ခြင်းမှာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့နှင့် နီးကပ်လာသည့် အတွက် ဖြစ်နိုင်သည်ဟု အများ ယူဆနေကြသည်။


No comments: