Monday, August 31, 2009

စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ

ခိုင်လင်း / ၃၁ သြဂုတ် ၂၀၀၉

ကိုးကန့် နယ်မြေ အတွင်းသို့ မကြာသေးမီ ရက်ပိုင်းက စ၍ စစ်ဆင်ရေး ဝင်ရောက်ခဲ့ သည့် နအဖ စစ်တပ်က ချင်းရွှေဟော် နယ်စပ် ကုန် သွယ်ရေး တွင် လုပ်ကိုင် နေကြသည့် ကုန်သည်ကြီး များ၏ ဂိုဒေါင် များကို ဖောက်ပြီး ပစ္စည်းများ သိမ်းယူ နေသည်။


ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင် ၏ ကိုးကန့် တပ်ဖွဲ့ က နအဖ နှင့် ဆက်ဆံရေး ယာယီရပ်စဲ လိုက်ကြောင်း ကြေညာလိုက် သည့် အချိန်တွင် ဒေသ အတွင်း စစ်မက်ဖြစ်ပွား တော့မည်ကို စိုးရိမ်ကြ သည့် တရုတ် - မြန်မာ နယ်စပ် ကုန်သည်များ က ၎င်းတို့ ကုန် ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့် နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံး ဂို ဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင် ချီပြီး တန်ဖိုး ရှိတယ်။ သူတို့ အလုပ်သမား တွေနဲ့ ပစ်ထား ခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

ဒေသကွပ်ကဲ ရေးစစ်ဌာန ချုပ်ရှိရာ လောက်ကိုင်မြို့ နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းရှိရာ ချင်းရွှေ ဟော်မြို့တွင် အစောပိုင်း နှစ်ကာ လ များက တည်းက နအဖ စစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ် များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ် များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူ တ ဦးက ပြောသည်။

၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီ တွေ ဒီအတိုင်း ပစ်ထား ခဲ့ရတာ။ ကိုးကန့် ကျေးရွာတွေ ကျတော့ တရုတ်နှစ်သစ်ကူး ကာလ စားသောက်ဖို့ ဆိုပြီး အိမ်တိုင်း လိုလို ဝက် ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာ လုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သား တွေက ရွာတွေကို ဝင်ရှင်း နေတော့ အဲလို စားသောက်စရာ တွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။

၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

No comments: