Saturday, August 22, 2009

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်နိုင်ရန် ဖန်တီးမှုများဖြစ်ပေါ်

နှောင်းလှိုင်/ သြဂုတ် ၂၂၊၂၀၀၉

မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ထပ်မံချမှတ်မှု ခံလိုက်ရခြင်းသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် မရှိအောင် စစ်အစိုးရမှ တမင်တကာ ဖန်တီးလိုက်ခြင်း ဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများ ကောင် စီ (အီးအဲန်စီ)ကဆိုပါသည်။

ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားကြရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွတ်ပေးဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နေသည့် အချိန်၌ စစ်အစိုးရမှ ဒေါ်စုအားယခုလို နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်လိုက်ပါသည်။

“ဒါကတော့ မရဘူးထင်တယ် အမေရိကန် အထက်လွတ်တော် ဆောင်ရွက်လို့ မရဘူး ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နအဖကနေပြီးတော့ ရွေးကောက်ပွဲ မဝင်နိုင်အောင်လုပ်တယ် အဲဒါကြောင့်” ဟု အီးအဲန်စီဥက္ကဌ ခူထဲဘူးဖဲကပြောပါသည်။

“အစပိုင်းကတည်းက ကြည့်မယ်ဆိုရင် ဒီအမှုက လုပ်ကြံမှုတခုလို့ အများအားဖြင့်ကမြင်ကြတယ် ဒီလိုမျိုး အနေနဲ့ က ယက်တော လွတ်သွားတယ် ဆိုတဲ့နေရာမှာ သိပ်ပြီးတော့ သံသယ ရှိဖို့တော့ မလိုဘူးပေါ့ ဒါသူတို့ လုပ်ကြံ အမှု တခု”ဟု ရှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းကပြောသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စစ်အစိုးရအပေါ် အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှု လုပ်လာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အောင်မြင်မှု မရှိခဲ့သလို စစ်အစိုးရကို တပိုင်းတစသာ ထိခိုက်သည်။

“အရာရှိကြီးတွေ အပိုင်း တော့ သူတို့ အတွက်ကတော့ သူတို့ ရှိတာပေါ့နော် ဒါမဲ့ ပြည်သူတွေပဲ ဒုက္ခရောက် နေတာပေါ့ နအဖက ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးမထားခဲ့ဘူး ” ဟု စိုင်းဆိုင်မိဏ်း က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ပြည်သူများနှင့်အတူ တိုင်းရင်းသားအဖွဲ့အစည်းများလည်း အဖက်ဖက် ပူးပေါင်းခဲ့ပါသည်။ သို့သော် ယခုလက်ရှိအချိန်တွင် စစ်အစိုးရမှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် တိုင်းရင်းသားအဖွဲ့များမှ လက်မခံပဲ ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေသည့်အတွက် ဒေါ်စုအား လွတ်မြောက်ရန် အလားအလာနည်းသည်ဟု ခူထဲဘူးဖဲကပြောသည်။

မြန်မာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်လာခြင်းကြောင့် စစ်အစိုးရက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁နှစ်ခွဲ ချထားခြင်းဖြစ်သည်။ ယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကာ ထောင်ဒဏ်မှ ကင်းလွတ်ရန် အမေရိကန်အထက်လွတ်တော် မစ္စတာ ဂျင်မ်ဝက်ဘ် အနေဖြင့် ဆောင်ရွက်ပေးသည့်အတွက် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့သည်။

No comments: