Saturday, August 29, 2009

ကိုးကန့်ဒေသအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွား

သျှမ်းသံတော်ဆင့်

ယနေ့နံနက်ပိုင်း နေ့လည်ပိုင်းအထိ လောဝ်ကိုင်းမြို့အရှေ့မြောက်ဘက် ယန်လုံကျိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်ဆိုသည်။

မနေ့ညက သေနတ်သံမကြားရတော့ပေမဲ့ ဒီနေ့ ရန်လုံကျိုက်ဘက်မှာ ဆက်ဖြစ်နေတယ်၊ မွန်းလွှဲပိုင်း ဘက်မှာတော့ မကြားရတော့ဘူး၊ လူအသေပျောက်လဲမကြားရဘူး၊ ဒေသခံတွေကတော့ တရုတ်ဘက်ခြမ်း ထွက်ပြေးလာနေတုန်းဘဲ” - ဟု ဒေသခံတဦးကပြောပြပါသည်။

စစ်အစိုးတပ်များ အင်အားဆက်လက်ဖြည့်တင်းပြီး ဖုန်ကြားရှင်း သြဇာခံတပ်များအား ဆက်လက်တိုက်ခိုက် နေ ကြောင်း၊ စစ်အစိုးရအားပေးထောက်ခံသည့် ပိုင်ဆုံချိန်နှင့်အဖွဲ့ ကိုးကန့်နယ်မြေထိန်းချုပ်နိုင်ရန် ၀ တပ်ဖွဲ့ နှင့် ဆွေးနွေးနေ ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်ဟုလည်း ဒေသခံများကပြောပြပါသည်။

“တရုပ် ရုပ်မြင်သံကြားဌာန တခုက ကိုးကန့်နယ်မြေအတွင်းဖြစ်ပွားနေတဲ့ ကိုးကန့်အဖွဲ့ နဲ့ ဗမာ စစ်တပ် အကြား တိုက်ပွဲဟာ မူးယစ်ဆေးဝါး လက်နက်မှောင်ခိုသူတွေကို စစ်အစိုးရ နှိမ်နင်းတဲ့ တိုက်ပွဲဖြစ်တယ် ဆိုတဲ့သတင်းကို ထုတ်ပြန်ကြေငြာခဲ့တယ်” - ဟု ဆက်ပြောပြပါသည်။

ကိုးကန့်နယ်မြေအတွင်း စစ်အစိုးရ အင်အားဖြည့်တင်းထိုးဖေါက် ၀င်ရောက်နေရာယူမှုသည် PDF တပ်ပေါင်း စု အား သွေးတိုးစမ်းခြင်းဖြစ်သည်ဟု တိုင်းရင်းသားအရေးလေ့လာသူများက ပြောဆိုနေကြသည်။

No comments: