Monday, August 31, 2009

ရေခွန် အဆမတန် တိုးမြှင့်ကောက်ခံမှုကြောင့် လယ်သမားများ အခက်တွေ့

ပါးရယ်/ သြဂုတ် ၃၁၊ ၂၀၀၉

ကရင် နီပြည်တွင်း ရှိ ဆည်မြောင်း ရေကို အသုံးပြု နေသော လယ်သမားများ အပေါ် မြန်မာ စစ်အစိုးရ သည် ရေအခွန် အဆမတန် တိုး မြှင့်ကောက်ခံ မှုကြောင့် အချို့လယ်သမား များမှာ လယ်ယာ လုပ်စား ရာတွင် အခက်အခဲ များ ကြုံတွေ့ နေကြရသည်ဟု ဒေသခံ လယ် သမား တဦးက ပြောသည်။

အာဏာပိုင်များသည် ယခင်က လယ်ယာတစ်ဧကလျှင် ရေအခွန်ကို ၇၀၀ သို့မဟုတ် ၈၀၀ ကျပ် ကောက်ခံခဲ့ရာကနေ ယခုနှစ်စပိုင်းမှ စ၍ တစ်ဧကအား ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ တဟုန်ထိုး တိုးမြှင့်ကောက်ခံလိုက်ခြင်း ဖြစ်သည်။

“လယ်တစ်ဧက နှစ်ဧက လုပ်တဲ့ သူတွေအတွက်တော့ ၀မ်းစာရေးအတွက်ပဲ လုပ်ကိုင်နေရတယ်။ အမြတ်တွေ မရရှိတော့ဘူး” ဟု ဒေသခံလယ်သမားက ပြောသွားသည်။

လယ်သမားများသည် လယ်ယာအတွက် ရေအခွန်ကို ပေးဆောင်နေကြရသော်လည်း အာဏာပိုင်များက ၎င်းတို့ လယ်ယာစိုက်ပျိုးရေးအတွက် လယ်ယာသို့ ရေလွတ်ပေးရာတွင်လည်း အကန့်အသတ်နှင့် ပုံမမှန်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ပြည်တွင်းကွင်းဆင်းလှုပ်ရှားသူ ကရင်နီ လူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို) အဖွဲ့ကလည်း ပြောသည်။

“မပေးရင် ကျနော်တို့ လယ်မစိုက်ရတော့ဘူး။ သူတို့ ရေ မလွတ်ပေးတော့ဘူး။ ရေပိတ်မယ်။ သူတို့ လာကြည့်လို့ ရှိရင် ကျနော်တို့ ရေသယ်ထားတာတွေ ဘာတွေ တွေ့မယ်ဆိုရင်တော့ ရေပိုင်ရှင်ကို အရေးယူတာတို့ ဘာတို့ လုပ်မယ်ပေါ့နော်။ နောက်ပြီးတော့ လယ်သိမ်းတာတို့ ဘာတို့ ဖြစ်သွားနိုင်တယ်လို့ သူတို့က အဲလိုပြောလာတယ် လေ” ဟု လယ်သမားများပြောပြချက်ကို ကေအဲန်ဝိုင်အို တာဝန်ခံ ဆိုင်းရှိုင်းက ပြန်လည်ပြောပြသွားသည်။

လယ်သမားများအပေါ် ရေခွန် မြှင့်မားကောက်ခံခြင်းသည် မည်သည့် အကြောင်းအရာမှ ပြောပြမှု မရှိသော်လည်း ရွေးကောက်ပွဲအတွက် လူအင်အား တိုးချဲ့ရေးကို လိုက်လံ လုပ်ဆောင်နေသောကြောင့် ငွေကြေး လိုအပ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြကြောင်း ဆိုသည်။

“လက်ရှိ သူတို့ ရွေးကောက်ပွဲအတွက် ရပ်ကွက်တွေထဲမှာ လူအင်အားတွေ တိုးချဲ့ထားတာတို့ ဘာတို့ အဲဒီအတွက် အဲဒီလူတွေအတွက် သူတို့ ပေးဖို့ ကမ်းဖို့ငွေ အဲလိုမျိုး လိုနေတဲ့အပေါ်မှာ သူတို့ လုပ်တယ်လို့ သူတို့ အဲလိုမြင်နေကြတယ်။ ဘာဖြစ်လဲဆိုတော့ ရွေးကောက်ပွဲအတွက် သူတို့ အခုကတည်းက ပြင်ဆင်နေတယ်လေ” ဟု ဆိုင်းရှိုင်းက ဆက်လက်ပြောသွားသည်။

စစ်အစိုးရအာဏာပိုင်များသည် ဆည်မြောင်းရေ လယ်ယာအခွန်ကို ရာသီအလိုက် ကောက်ခံခြင်း ဖြစ်ပြီး ယခုလို အဆမတန် တိုးမြင့် ကောက်ခံရာတွင်လည်း ပုံမှန် မဟုတ်ကြောင်း ဆိုသည်။ ပြည်တွင်းရှိ လယ်ယာများသည် တနှစ်အတွင်း နွေးစပါးနှင့် မိုးစပါး ဟူ၍ လယ်သမားများက နှစ်ကြိမ် စိုက်ပျိုးလေ့ရှိကြသည်ဟု သိရသည်။

No comments: