Friday, August 28, 2009

နာမည်ကြီး ထမင်းငတ် ရန်ကုန်တိုင်း တိုင်းမှူးတွေရဲ့ဇာတ်

ဗိုလ်ထက်မင်း

ရန်ကုန်တိုင်း တိုင်းမှူး အဆက်ဆက်ရဲ့ အကြောင်းကို ပြောပြရရင် တိုင်းမှူး စီနီယာကြီး တဦးဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီး မျိုးညွန့်ဟာ အခြား တိုင်းမှူး တွေ ဇိမ်ကျနေ ချိန်မှာ သူ့ခမျာ နေ့ည မပြတ် ညကျောင်း လည်း တက်ရ၊ အစည်းအဝေး တွေလည်း လုပ်ရ၊ ဖွင့်ပွဲ အခမ်းအနား တွေ ဆိုလည်း စနေ၊ တနင်္ဂနွေ နေ့တွေမှာပဲ ရွေးလုပ်ကြ တာမို့ အဲဒီလို ပိတ်ရက် တွေမှာ အတွင်းရေးမှူး (၁)၊ အတွင်းရေးမှူး (၂) တို့ရဲ့ နောက်ကို တကောက်ကောက် လိုက်ရနဲ့ မမောနိုင် မပန်းနိုင် ဆက်တိုက် လှုပ်ရှားခဲ့ ရပါတယ်။

ရာထူးတိုးမြှင့်ပေးပြန်တော့လည်း သူ့ခမျာ အများစုမကြိုက်တဲ့ သာသနာရေးဝန်ကြီးနေရာကိုသာ အောင့်သက်သက်နဲ့ ရသွားရှာပါတယ်။ ဗိုလ်မျိုးညွန့် ညည်းတွားခဲ့ပုံက “ငါ့အနေအထားက တခြားဝန်ကြီးနဲ့ မတူဘူးကွာ။ သာသနာရေးဝန်ကြီးမို့ ဘုန်းကြီးကျောင်းတွေ ၀င်ရင် ဖိနပ်ချွတ်၊ ဦးထုပ်ချွတ်နေရတယ် မချောင်ဘူး” လို့ ပြောတတ်ကြောင်း သိရှိရပါတယ်။ နောက်ဆုံးမှာ ဗိုလ်မျိုးညွန့်ဟာ ဦးနေ၀င်းမွေးနေ့ပွဲကို တက်ရောက်မိလို့ ဗိုလ်သန်းရွှေက ရွှေစိတ်တော်ညိုပြီး မြောင်းထဲပို့တာ ခံလိုက်ရပါတယ်။

ရန်ကုန်တိုင်း တိုင်းမှူး နောက်တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ခင်မောင်သန်းကိုကျတော့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝမကြိုက်ဘူး၊ မကြည်ဘူး။ မကြည်မှန်းသိတော့ တိုင်းမှူးကတော် ဒေါ်မာလာတင့်အနေနဲ့ အဆင်ပြေအောင် အစွမ်းကုန် ဖားနေရတာပေါ့။ တိုင်းမှူးကတော် ဖားနေပုံကိုကြည့်ရတာ အတော်စိတ်ပျက်စရာ ကောင်းလှသလို သနားကရုဏာဖြစ်စရာလည်း ကောင်းလှပါတယ်။ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ ကြင်ယာတော်တို့ဟာ သင်္ကြန်ရက်တွေမှာဆိုရင် ဗိုလ်မောင်အေးရဲ့ အမျိုးအိမ်ဖြစ်တဲ့ ဘောင်ဒရီလမ်း၊ ၀င်ဒါမီယာမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်ကို သွားရောက်ပြီး စံတင်လောက်အောင် ‘ဖား’ နေခဲ့ရပါတယ်။

တခါမှာတော့ ဇိမ်ခေါင်းတဦးဖြစ်တဲ့ ဦးတင်နွယ်က အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အသုံးချပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူပိုင်တဲ့ဟိုတယ်မှာ ချိတ်ဆွဲထားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဇိမ်ခေါင်း ဦးတင်နွယ်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က မကြည်မလင်ဖြစ်ပြီး ဖမ်းခိုင်းခဲ့တာကို သတိရကြဦးမယ်ထင်ပါတယ်။ အဲဒီမှာ သတင်းဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တဲ့ တာဝန်ရှိသူ ရန်ကုန်တိုင်း ဒု-တိုင်းရဲမင်းကြီး ရဲမှူးကြီးမြင့်အောင်ဆိုတာ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အမျိုးတော်သူ ဖြစ်နေပါတယ်။ ဗိုလ်ချုပ်ခင်မောင်သန်းတယောက် အဲဒီဖြစ်စဉ်မှာ ကြားညှပ်ပြီး ကစထမှူးဘ၀သို့ စံမြန်းခဲ့ရရှာပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အုပ်ချုပ်ခွင့်မရတဲ့ ကစထမှူးဘ၀နဲ့သာ (နတခ၊ တပခ၊ နပခ) တိုင်းသုံးတိုင်းကို ကိုင်တွယ်ရတဲ့နေရာကို ရောက်သွားခဲ့ပါတယ်။

နောက်ထပ် ရကတ တိုင်းမှူးတဦးဖြစ်တဲ့ အိတ်ဆွဲမြင့်ဆွေလို့ခေါ်တဲ့ ဗိုလ်ချုပ်မြင့်ဆွေတယောက်လည်း ရန်ကုန်က ရှစ်မိုင် - JUNCTION 8၊ မြေနီကုန်း - ဒဂုံစင်တာနဲ့ ပုဇွန်တောင် - ပလာဇာတွေမှာ ဗုံးကြီးသုံးလုံးကွဲခဲ့တဲ့ ပြဿနာကြောင့် ထောက်လှမ်းရေး (စရဖ) အကြီးအကဲနေရာကနေ ဖယ်ပေးရပြီး ရကတ တိုင်းတတိုင်းတည်းကိုသာ ကိုင်တွယ်ရတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ ကစထမှူးဆိုတာဟာ တပ်မဲ့ဗိုလ်သာဖြစ်ပြီး စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ်တို့လို နောက်လိုက်ဗိုလ်ပါ လက်အောက်ငယ်သား တပ်တွေနဲ့ တရားမ၀င် ၀င်ငွေတွေ သောက်သောက်လဲရရှိတဲ့ ရာထူးဌာနကြီးမဟုတ်လို့ ကစထမှူးတိုင်းလိုလို စိတ်ဓာတ်ကျရပါတယ်။

ထူးခြားတာက ရကတတိုင်းမှူးဘ၀ဟာ နာမည်ကြီး ထမင်းငတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မဆလ စစ်အာဏာရှင်လက်ထက်က ရကတတိုင်းမှူး တဦးဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အေးကိုသာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကျန်တိုင်းမှူးတွေဟာ အရေးပါတဲ့ ရာထူးနေရာတွေဖြစ်တဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်စတဲ့ ရာထူးတွေကိုတောင် မရတော့တာ တွေ့ရပါတယ်။

ရကတတိုင်းမှူးဟာ လူထုအုံကြွမှု အရေးအခင်းတွေမှာ အာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ တိုင်းမှူးတယောက်ဖြစ်ခဲ့သလို အမျိုးသားညီလာခံကဲ့သို့သော နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာလည်း ထိပ်တန်းက ပါဝင်ခဲ့ရပါတယ်။ ဒါ့အပြင် တပ်မတော် ကြည်း/ရေ/လေ ပူးပေါင်းစစ်ဆင်ရေးလိုမျိုး ထိပ်တန်းလျှို့ဝှက်အဆင့် လေ့ကျင့်ခန်းကြီးတွေကို နအဖစစ်အာဏာရှင်တွေ တပြုံတမကြီး သွားရောက်ကြည့်ရှုချိန်ဆိုရင်လည်း နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးကို ခေတ္တထိန်းချုပ်ခွင့်ရတဲ့ တိုင်းမှူးတဦးဖြစ်ပါတယ်။

ဒါပေမယ့် ရကတတိုင်းထက် ငယ်တဲ့ နိမ့်တဲ့ နတခတိုင်းလို တိုင်းမှူးတချို့ ရာထူးတက်တဲ့အခါ စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် ဖြစ်ကုန်ကြတာတွေ့ရပါတယ်။ နတခ တိုင်းမှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်တင်လှ၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်သူရမြင့်အောင်တို့ဟာ စစ်ထောက်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ရေးချုပ်များ ဖြစ်ခဲ့ကြသလို ဗိုလ်ချုပ်ညွန့်တင်ဟာလည်း ၀န်ကြီးရာထူးထဲမှာ ထိပ်ဆုံးကဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီးအဖြစ် ရရှိသွားတာ တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု၊ သံဃာတော်တွေရဲ့  လှုပ်ရှားမှု၊ ရန်သူထိုးဖောက်ဝင်ရောက်မှု၊ UG မြေအောက်လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် ပြင်ပမှာရှိခဲ့စဉ်က လှုပ်ရှားမှု စတဲ့ ထိပ်တန်းသတင်းတွေဟာ ရန်ကုန်တိုင်းအတွင်းမှာသာ Hot News ဖြစ်တတ်တာမို့ ရကတတိုင်းမှူးအနေနဲ့ အခြားတိုင်းမှူးတွေနဲ့ မတူဘဲ ရင်တထိတ်ထိတ်နဲ့ စားမ၀င်အိပ်မပျော်တဲ့ ဘ၀ကိုလည်း ဖြတ်သန်းရတတ်ပါတယ်။

အင်းစိန် ကရင်နှစ်သစ်ကူးပွဲက ဖိတ်လို့ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် သွားရောက်ခဲ့တုန်းက ရကတတိုင်းမှူး ကုန်းမြင့်သာ တိုင်းစစ်ဌာနချုပ်ရုံးမှာ မရှိတာမို့ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သူရမြင့်မောင်ကို စော်ဘွားကြီးကုန်းကို ချက်ချင်းစေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လမ်းမှာ ကဗျာကယာ သွားရောက်တားဆီးခိုင်းခဲ့ရတဲ့ ဒုက္ခကလည်း မသေးလှပါ။ နံနက်တိုင်း စစ်ဒေသတွေက သတင်းတွေတင်တာ နောက်ကျရင်ဖြစ်စေ၊ သတင်းမစုံရင်ဖြစ်စေ စစ်ရုံးညကျောင်းမှာ တိုင်းမှူးတယောက်အနေနဲ့ အထုအထောင်းခံရတယ်လို့လည်း ကြားသိရပါတယ်။

တခါတလေ ညကျောင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေက ဦးနှောက် ဖောက်စားတာများရင် ညမိုးချုပ်လွန်ပြီး နံနက်အာရုံတက်ခါနီးမှ ပြန်ရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရကတ တိုင်းမှူးဟာ လုပ်ဖော်ကိုင်ဖက်တွေကို Good morning လို့ နှုတ်ဆက်ပြီး စိတ်ပျက်လက်ပျက် ညည်းညူပြောဆိုတတ်တယ်လို့လည်း ကြားရပါတယ်။ တဖန် ဗိုလ်သန်းရွှေက စစ်ရုံးကို အလံပြဘုရားလမ်းကနေ ရကတစစ်ဌာနချုပ်ရုံးဖြစ်တဲ့ (၈) မိုင် ကုန်းမြင့်သာ မရမ်းကုန်းကို ပြောင်းခိုင်းလိုက်လို့ ရကတ တိုင်းမှူးကြီးခမျာ သူ့ရဲ့  ရကတရုံးကို ကသုတ်ကရက် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ အဆင့်အတန်းဟာ စစ်အင်္ဂါစဉ်အရဖြစ်စေ၊ Power စဉ်အရဖြစ်စေ နအဖတိုင်းမှူးများရဲ့ တန်းစီဇယားမှာ (နေပြည်တော်တိုင်းမှူး မပေါ်ခင်အထိ) ထိပ်ဆုံးက ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့နယ်ပယ်မှာတော့ ရကတ တိုင်းမှူးတွေဟာ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ကြရသလို ၀န်ကြီးဌာနတွေက ဗိုလ်ချုပ်တွေ၊ စစ်ရုံးက ဗိုလ်ချုပ်တွေ၊ ကြံ့ဖွံ့ စွမ်းအားရှင် ၀န်ကြီးတွေနဲ့လည်း ပဋိပက္ခ သဘောကွဲလွဲမှုတွေဖြစ်ပြီး အကြိတ်အနယ် ဖြေရှင်းဆောင်ရွက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။

ဒါ့ကြောင့် ရကတတိုင်းမှူးရဲ့ တာဝန်ဟာ အခြားတိုင်းမှူးတွေ စစ်ပွဲတရာ ဆင်နွှဲနေရတယ်ဆိုတာထက် ပိုမိုခက်ခဲပြီး အတွေ့အကြုံအထာမသိရင် တော်ရုံတန်ရုံ အရည်အချင်းနဲ့ လုပ်ဖို့မလွယ်ကူတာကို အရာရှိတိုင်း သိနေကြပါတယ်။ ဒါပေမယ့် လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေရဲ့ စွမ်းဆောင်ချက်ကို စစ်အာဏာရှင်တွေက မြှောက်စားခြင်း၊ အသိအမှတ်ပြုခြင်း မရှိတဲ့အပြင် ဥပေက္ခာပြုခံနေရတာကို ရကတ တိုင်းမှူးတွေသာ အသိဆုံးဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုချိန်မှာ ရန်ကုန်တိုင်း တိုင်းမှူးရဲ့  သဘောထားနဲ့ ရပ်တည်ချက် ပြတ်သားဖို့လိုနေပြီဖြစ်ကြောင်း နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြသွားပါမယ်။

No comments: