Thursday, August 27, 2009

ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား

ခိုင်လင်း / ၂၇ သြဂုတ် ၂၀၀၉

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူး ဒေသ (၁) ကိုးကန့် နယ်မြေ အတွင်း တရုတ် - မြန်မာ နှစ်နိုင် ငံဖြတ်ကျော် ဂိတ်ပေါက် တခုဖြစ်သော လောက်ကိုင်မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့က ယနေ့ နံနက်ပိုင်း တွင် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ဂိတ်တာ ဝန်ကျရဲ (၁) ဦးထက် မနည်း ကျဆုံးခဲ့သည်။

ကိုးကန့်နယ်မြေရှိ ရန်လုံကျိုက်နှင့် တရုတ်ပြည်ဘက် နမ်ဆာမြို့တို့ အဝင်အထွက်ပြုရာ နယ်စပ်ဂိတ်ပေါက် လုံခြုံရေး တာဝန်ယူထားသည့် ရဲစခန်းအား အဆိုပါ ကိုးကန့်အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရဲများဆုတ်ခွာသွားသကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့လည်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု လောက်ကိုင်မှလာသည့် သတင်းများအရ သိရသည်။

“ဒီမနက်ပိုင်းမှာဘဲ ဖုန်အဖွဲ့က ဝင်တိုက်တာ။ အနည်းဆုံး ရဲ (၁) ယောက် ကျသွားတယ်။ အချို့က (၃) ယောက်လို့လည်း ပြောတယ်။ ရဲတွေ ပြေးသွားပြီ။ ကိုးကန့်တပ်တွေလည်း ပြန်ဆုတ်သွားပြီ” ဟု ဒေသခံတဦးက ပြောသည်။

ယခုလ (၂၅) ရက်တွင် လောက်ကိုင်မြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးသည့်နောက် အဆိုပါရဲစခန်းအား မြန်မာရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်။

ထိုသို့နေရာယူခဲ့သည့်နေ့ ညနေပိုင်းတွင် မြန်မာရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခဲ့သည့်အတွက် ၎င်းတို့ကို တရုတ်ဘက်က ပြန်လည်မောင်းထုတ်ခဲ့ပြီး နယ်မြေကျူးကျော်မှုဖြင့် ကန့်ကွက်စာ ပို့ထားသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အရေးအခင်းအား စောင့်ကြည့်နေသည့် ဦးအောင်ကျော်ဇောက ပြောသည်။

ဖုန်ကျားရှင်တို့ထံမှ အာဏာသိမ်းယူခဲ့သည့် ပိုင်စုံချိန်က ဥက္ကဋ္ဌတာဝန်ယူမည့် ဗဟိုကော်မတီ (၁၁) ဦးပါ ကိုးကန့်အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့က ကြေညာလိုက်သကဲ့သို့ ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်မှာ ကိုးကန့်နှင့် ဝနယ်မြေဆက်စပ် သည့် နမ့်တင်းနယ်မြေဘက်ရောက်ရှိနေပြီး ပိုင်စုံချိန်တို့ ကိုးကန့်တပ် ပြန်လည်ဖွဲ့စည်းခြင်းအပေါ် တရားမဝင်ကြောင်းနှင့် နအဖက ကိုးကန့်အချင်းချင်းကြား ရန်တိုက်ပေးနေကြောင်း ဖုန်ကျားရှင်တို့အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်အား ယခုလ (၈) ရက်တွင် လောက်ကိုင်အခြေစိုက် စစ်တပ်နှင့် ရဲများက ဝင်ရောက်ရှာဖွေရန် ကြိုးစားရာမှ နှစ်ဘက်ပစ်ခတ်လုနီးပါး ပြဿနာဖြစ်ခဲ့ပြီးနောက် ဖုန်ကျားရှင် အပါအဝင် ဖုန်အမျိုးနွယ် ခေါင်းဆောင် (၄) ဦးအား လားရှိုးရဲစခန်းက ယခုလ (၂၂) ရက်တွင်ဆင့်ခေါ်ပြီး နောက်တနေ့တွင် ဖုန်ကျားရှင်နေအိမ်သို့ ဝင်စီးကာ ဖမ်းဆီးရန်ကြိုးစားခဲ့ရာမှ ဒေသအတွင်း မငြိမ်မသက်ဖြစ်ခဲ့ရပြီး ဒေသခံ လူထုအများအပြားလည်း တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်သည် ၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့သည့် အဖွဲ့ဖြစ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့်နောက်ပိုင်း အဖွဲ့တွင်း အခြေအနေရှုပ်ထွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

No comments: