Thursday, August 27, 2009

သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော်

ဧရာဝတီ

သံဃာ့လှုပ်ရှားမှု နှစ်နှစ်ပြည့် ကာလအတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် သပိတ်မှောက် ကံဆောင်ရန် အတွက် နိုင်ငံတကာရောက် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုက ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။


စစ်အစိုးရဘက်က ဖိနှိပ်မှု ကြီးမားလွန်းသည့်အတွက် ဤကဲ့သို့ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင် မှု အမှန်တကယ်ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ကို လေ့လာသူများကလည်း ဝေဖန်ဆန်းစစ်မှုများ ရှိနေသည်။

သံဃာ့တပ်ပေါင်းစု အဖွဲ့ကမူ စစ်အစိုးရအနေနှင့် ၂၀၀၇ ခုနှစ်တွင် သံဃာထုအပေါ်ဖိနှိပ်ခဲ့မှုများအား တောင်း ပန် ၀န်ချခြင်းမပြုပါက တတိယ အကြိမ် သပိတ်ဆင်နွှဲရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် သံဃာ လှုပ်ရှားမှု အဖွဲ့ခွဲများ တိုးချဲ့ဖွဲ့စည်း၍ ပတ္တနိက္ကုဇ္ဇန ကံဆောင် ရန်လှုပ်ရှားမည်ဟု သိရသည်။

ရဟန်းပျိုများသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့တို့က ပူးပေါင်းဖွဲ့စည်းထားသည့် သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများအား ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီး အခြား ပြည်နယ်နှင့်တိုင်းများတွင်လည်း ထပ်မံဖွဲ့စည်းရန်ကြိုးပမ်းနေသည်ဟု သံဃာ့ တပ်ပေါင်းစု အဖွဲ့ကဆိုသည်။

ပြည်ပ အခြေစိုက် သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် ဦးဣဿရိယ က " ဦးပဉ္ဇင်းတို့ ပြောမှာကသံဃာနဲ့ သာသနာကိစ္စ။ ဒါကိုဘာနဲ့မှလှည့်ဖျားလို့မရဘူး။ တောင်းပန်သလိုလို၊ ခြိမ်းခြောက် သလိုလို အပြုအမှုတွေနဲ့ ဆိုရင်တော့ (နအဖ)စစ်အုပ်စု နဲ့သံဃာထုတွင်မက မြန်မာနိုင်ငံသားအားလုံးနဲ့ ထိပ်တိုက်တွေ့မှာသေချာပါ တယ်။ ဒီတစ်ခါ တတိယအကြိမ်သပိတ်သည် လုံးဝနောက်မဆုတ်ဘဲ အောင်မြင် သည်အထိ အဆင့်ဆင့် တိုက်ပွဲဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဧရာဝတီသို့ မိန့်ကြားသည်။

လာမည့် အောက်တိုဘာ ၂ ရက်နေ့နောက်ဆုံးထား၍ စစ်အစိုးရက သံဃာထုကို တောင်းပန်ရန်နှင့် ထိုသို့မပြု ပါက အောက်တိုဘာ ၃၀ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာလှုပ်ရှားမှုများနှင့် လှုပ်ရှားတောင်းဆိုသွားမည် ဟု ဆိုသည်။

ပြည်တွင်းမှ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တပါးကလည်း"အခုထိ ကံဆောင်ထားတဲ့ သံဃာတွေရှိ နေသေးတယ်။ ဒါကို နအဖ သိအောင် လုပ်ဖို့လိုတယ်။ ကမ္ဘာကိုလည်း မြန်မာပြည်အခြေအနေကို သိအောင် လုပ်ဖို့လိုတယ်။ အခုတည်းက အဖွဲ့ခွဲတွေနဲ့ စလုပ်နေပြီ။ တရားမျှတတဲ့အစိုးရ တင်မြှောက်ဖို့ ဦးပဉ္ဇင်းတို့ခေါင်း မြေမှာကျပါစေ ဒကာတွေ ဒကာမတွေအကျိုးအတွက် သံဃာတွေက ဦးဆောင်မယ်"ဟု မိန့်ဆိုသည်။

စစ်အစိုးရက အကျဉ်းကျခံနေရသော သံဃာတော်များကို ပြန်လွှတ်ပေးရန်၊ သံဃာတော်များအပေါ် ပြုမူထား သည်များကို ပြန်လည်ဝန်ချ တောင်းပန်ရန်တို့ကို သံဃတပ်ပေါင်းစုမှ ထုတ်ပြန်ကြေညာထားသည်။

"မြတ်စွာဘုရားရှင်ချမှတ်ထားတဲ့ ၀ိနည်းဥပဒေအတိုင်း သံဃာတော်များအားလုံး စည်းဝေးတိုင်ပင် လုပ် ဆောင် ထားတာဖြစ်တဲ့အတွက် သံဃာစစ်သံဃာမှန်ရင် အားလုံးလိုက်နာရမှာဖြစ်ပါတယ်။ မြတ်စွာဘုရား ချမှတ်ထားတဲ့ ဥပဒေကိုမလိုက်နာပဲ အကျင့်ပျက် န အ ဖ စစ်အုပ်စုနဲ့ပေါင်းသင်းမယ် ဆိုရင်အဲဒီသံဃာကို ပကာသနီယကံပြုကာသာသနာတော်မှကျဉ်ဖယ်ပြစ်မှာဖြစ်ပါတယ်။ တရားဝင် ဘွဲ့အမည် မိဘအမည် ကျောင်းတိုက်အမည် ရပ်ရွာအမည် ရေးသားထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဦးပဉ္ဇင်းတို့မှာ ရွေးချယ်စရာ လမ်းမရှိဘူးဆိုရင်တော့ ဒီလိုဘဲအဖြေရအောင် ထုတ်ယူသွားမယ်၊ သာသနာကို အသက်ပေး ဘ၀ပေးပြီး ကာကွယ်သွားမယ်"ဟု အထက်ပါ ဆရာတော်က ဆက်မိန့်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာသည်နှင့်အမျှ သံဃာထုအပေါ် စောင့်ကြည့်ခြင်းများ၊ လုံခြုံရေးတင်းကြပ်ခြင်းများရှိနေသော်လည်း သံဃာထုမှ ချမှတ်ထားသော လုပ်ဆောင်ချက်များကို အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု သံဃာတော်များက ဆိုသည်။

အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ သာသနာ့မောဠိအဖွဲ့မှ အရှင်စန္ဒောဘာသ ကလည်း“ရွှေဝါရောင် ၂ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ နယူးယောက်မှာ စက်မှုထိပ်သီး နိုင်ငံ ၂၀ က ခေါင်းဆောင် တွေ စည်းဝေးတဲ့အချိန် လာမယ့် စက်တင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြဖို့ တနင်္လာနေ့က ကြေညာထားပါတယ်”ဟု မိန့်ဆိုသည်။

“စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် ပြည်သူတရပ်လုံးနဲ့ အားလုံးသော အဖွဲ့အစည်းတွေ ပူးပေါင်း လုပ် ဆောင်ဖို့ လိုပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ရွှေဝါရောင်တော်လှန်ရေးအား စစ် အစိုးရ က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ရန်ကုန်မြို့ရှိ မဂ္ဂင် ကျောင်း၊ ငွေကြာယံကျောင်းများကို ဝင်ရောက် စီးနင်း၍ ပိတ်ပင်ခဲ့သည်။ ရာနှင့်ချီသော သံဃာတော်များမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး သံဃာတချို့ကို ထောင်သွင်း အကျဉ်းချခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်သည့် လောင်စာဆီ ဈေးနှုန်း အဆမတန်မြှင့်တင်မှုကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ မေတ္တာပို့ရွတ်ဆို လမ်းလျှောက်သည့် သံဃာတော် အပါး ၅၀၀ ခန့်ကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသောကြောင့် သံဃာတော် ၁၀ ပါး ခန့် ဖမ်းဆီးခံ ခဲ့ရပြီး သံဃာ တချို့ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတပါး ရိုက်နှက် ခံရသည့်ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရ သည်။

ယင်းသို့ သံဃာတော်များကို အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည့် စစ်အစိုးရက ယင်းလုပ်ရပ်အား မတောင်းပန်သောကြောင့် နိုင်ငံတ၀န်းရှိ သံဃာတော်များက ထိုအချိန်မှ စ၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြ ခြင်း ဖြစ်သည်။

စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ဆွမ်း အစရှိသည့် လှူဖွယ် ဝတ္ထုများကို သံဃာတော်များက ငြင်းပယ်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းအား ၁၉၉၀ ခုနှစ်က ပထမအကြိမ် အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။


No comments: