Sunday, August 23, 2009

၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော

မုံပီး

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ စစ် အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ကျယ်ပြန့်စွာ ဝေဖန် ပြောဆို မှုများ ရှိနေ သော်လည်း ယင်း သည် `အပြောင်း အလဲ အတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်း နှင့် ထို့ကြောင့် လည်း အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပို မိုကျယ်ပြန့် သည့် နိုင်ငံတကာ အသိုင်းအဝိုင်း ကို ဤအခွင့် အရေးအား `အချည်းနှီး ဖြုန်းတီး´ မပစ်ရန် အပြည်ပြည်ဆိုင် ရာ ပဋိပက္ခ လေ့လာရေး အဖွဲ့ (ICG) က တိုက်တွန်း လိုက်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည် မဟုတ်သော်လည်း ယင်းသည် မြန်မာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင်ကြောင်းနှင့် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများ အနေဖြင့်လည်း ရာထူးမှဆင်းပေးရပြီး အဆောင်အယောင်မျှသော ရာထူးများကိုသာ ယူထားရသည့် အခြေအနေမျိုး ကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ICG က ယမန်နေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်တရပ်တွင် ရေးသားထားသည်။

`ကာယကံရှင်အားလုံးအနေနှင့်လည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ တွန်းအားပေးသွားနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်သည့်အတွက် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း´ ဟု `မြန်မာနိုင်ငံ-ရွေးကောက်ပွဲဆီသို့´ ဟူသော အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်အစိုးရအနေဖြင့် မိမိတို့၏ လက်ရှိလွှမ်းမိုးချုပ်ကိုင်နိုင်မှုကို အာမခံချက်ရစေရန် ရွေးကောက်ပွဲကို အသုံးချလိုနေသည်ဟု ယူဆနိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် မျိုးဆက်တဆက်အတွင်း အကျယ်ပြန့်ဆုံး လှုပ်ခါပစ်လိုက်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကာယကံရှင် အားလုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲအတွက် ပြင်ဆင်ထားသင့်ကြောင်း ICG ၏ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဆန့်ကျင်ခြင်းတို့သည် စစ်အစိုးရ၏ အကြိုက်သာ ဖြစ်သွားမည်ဖြစ်ကာ၊ ရွေးကောက်ပွဲကျင်းပမည်ကို တားဆီးနိုင်မည်မဟုတ်၍ အစိုးရဘက်သား မဟုတ်သော ကိုယ်စားလှယ်လောင်းမျာ၏ မဲရရှိနိုင်မှုကို ပိတ်ပင်ထားသလို ဖြစ်မည်ဖြစ်ကြောင်းနှင့် အနာဂတ် ဥပဒေပြုလွှတ်တော်များတွင် အသံအမျိုးမျိုး ထွက်နိုင်မှုကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်နေမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့များအနေနှင့် မိမိတို့ တပါတီချင်းသော်၎င်း၊ အဖွဲ့အစည်းများအနေနှင့်သော်၎င်း၊ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး ပါဝင်နိုင်မှုကို အားပေးကြရန် ဤအဖွဲ့က ဆိုထားသည်။

ဒီချုပ်ကမူ သူတို့၏ ရွှေဂုံတိုင်ကြေညာချက်၌ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သော ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးပြီး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်ခွင့် ပေးမှသာ သူတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်းမှ ရပ်တန့်ရှောင်ရှားရန် စစ်အစိုးရကို ဤအဖွဲ့က တောင်းဆိုထားသည်။ ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်းသည့် တရားမျှတသော အုပ်ချုပ်မှုဥပဒေများ၊ စည်းမျဉ်းများကို ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတကာနှင့် ပြည်တွင်းအကဲခတ်များကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကဲခတ်လေ့လာခွင့် ပေးရန်တို့ကိုလည်း သူတို့က တိုက်တွန်းတောင်းဆိုထားသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး နောက်ထပ် ၁၈ လ ထိန်းသိမ်းထားရန် အမိန့်ချမှတ်လိုက်ခြင်းသည် `တိုင်းပြည်က နောက်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အချိန်တွင် ဖြစ်နေသည့်အတွက် ဤနိုင်ငံရေးဖြစ်စဉ်အပေါ် ယုံကြည်ကိုးစားရမှုကို လျော့ပါးစေခဲ့ကြောင်း´ Giacoma က မဇ္ဈိမကို ယနေ့ ပြောသည်။

ရွေးကောက်ပွဲက လွတ်လပ်မျှတမည် မဟုတ်သော်လည်း မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ပို၍ ယုံကြည်ကိုးစားခံရအောင် လုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောသည်။

`နိုင်ငံရေးလှုံ့ဆော်ချက်နဲ့ ဖမ်းဆီးတာတွေကို ရပ်ရမယ်။ အဓိကကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို မြန်နိုင်သမျှ မြန်မြန်ပြဋ္ဌာန်းပေးဘို့ကလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေကို မလျော်ကန်တဲ့ ကန့်သတ်မှုတွေမရှိဘဲ မှတ်ပုံတင်ခွင့် ပေးရမယ်၊ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်၊ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။

ICG ၏ ဤအစီရင်ခံစာသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေကြချိန်၊ ဖိအားများတိုးမြင့်လာနေချိန်နှင့် စစ်အစိုးရသည် အပြောင်းအလဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု အတိုက်အခံတို့က ပြောဆိုနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည့် အလားအလာလည်းမရှိ၊ အပြောင်းအလဲများ အားလုံးသည်လည်း အပေါင်းလက္ခဏာဆောင်မည့် အလားအလာ မရှိကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံအပေါ် ဒေါသထွက်ရခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ဖိနှိပ်နေခြင်းတို့ကြောင့်တော့ဖြင့် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များအပေါ် သြဇာသက်ရောက်စေနိုင်မည့် အခွင့်အလမ်းများအပေါ်တော့ အတားအဆီး မဖြစ်စေသင့်ကြောင်း ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပလာ (Robert Templer) က ပြောသည်။

`နောက်ဆုံးအနေဖြင့်ပြောရလျှင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုအတွက် အကြီးမားဆုံးသော တန်ဖိုးကို ပေးခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အခွင့်အလမ်းသစ်များအတွက် နိုးနိုးကြားကြား ရှိနေသင့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက်လည်း အလားတူ နိုးကြားနေသင့်ကြောင်း´ တင်ပလာက ပြောသည်။

No comments: