Sunday, August 23, 2009

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်


စစ်အာဏာရှင်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အင်အားကောင်းတဲ့ အတိုက်အခံကင်းကင်းနဲ့ အထူးသဖြင့် လူထုထောက်ခံမှု၊ ကြည်ညို လေးစားမှုနဲ့ ယုံကြည်မှု အပြည့်အ၀ ရရှိထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ၊ သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အင်အားကောင်းတဲ့ အတိုက်အခံ အင်အားစုအနေနဲ့လည်း ပါဝင်ယှဉ်ပြိုင်လို့မရအောင် ကြိုတင်ကာကွယ်ဖို့ ဒေါ်အောင်ဆန်း စုကြည်အပေါ် နေအိမ် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူတရားစွဲဆိုမှုကြီးကတော့ အဆုံးသတ်သွားပါပြီ။


ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာလိုက်တဲ့ စစ်အစိုးရရဲ့ အားထုတ်မှုကတော့ စစ်အစိုးရအတွက် ပြည်တွင်းမှာရော၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာပါ မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသလို နိုင်ငံရေးအရလည်း အရှုံးပေါ်ခဲ့ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပအတိုက်အခံ အင်အားစုတွေကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပိုပြီး ညီညီညွတ်ညွတ်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားဆောင်ရွက်လာအောင် တွန်းအားပေးလိုက်သလို ဖြစ်သွားစေတဲ့အပြင် အာဆီယံနိုင်ငံတွေအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်းများစွာက စစ်အစိုးရရဲ့ ညစ်ပတ်ကောက်ကျစ်တဲ့ လုပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းပြီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလာတဲ့အထိ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တချို့နိုင်ငံတွေက စစ်အစိုးရပါဝင်နေတဲ့ အာဆီယံ အဖွဲ့အစည်းကြီးကနေ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို ဆိုင်းငံ့ထားဖို့၊ ထုတ်ပစ်ဖို့အထိ တောင်းဆိုလာခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးလာမှုတွေကို ကြံ့ကြံ့ခံ ခေါင်းမာမနေရဲတော့တဲ့ စစ်အစိုးရဟာ မတတ်သာလို့ တထစ်လျှော့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျှော့ပေါ့ပေးပြီး၊ နေအိမ်အကျယ်ချုပ် ပြန်ထားပေးခဲ့တာပါ။ တဖက်မှာ သူတို့လိုချင်တဲ့ ၂၀၁၀ လွန်ကာလအထိ ဒေါ်အောင်ဆန်းကြည်ကို နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားလို့မရအောင် ထိန်းထားပြီး၊ တဖက်ကလည်း ထိုးဇာတ်တခုကို ကမန်းကတန်း ခင်းလိုက်တာပါ။ သူတို့ရဲ့ သဘောထားမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တသက်လုံး ထောင်ထဲမှာ အကျဉ်းချထားချင်တာပါ။

ဒါပေမဲ့ အရှက်နဲ့ သိက္ခာ လုံးဝမရှိတော့တဲ့ ဗိုလ်သန်းရွှေက ပျက်သွားတဲ့ မျက်နှာကို ပြန်အဖတ်ဆည်တဲ့အနေနဲ့ သဘောထားပဲ ကြီးသယောင်ယောင်၊ တိုင်းပြည်မျက်နှာပဲ ထောက်သယောင်ယောင် ပြစ်ဒဏ်လျှော့တဲ့ အမိန့်ကြေညာချက်ကို ခပ်တည်တည် ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ့်စေတနာကတော့ သုညပါပဲ။

အာဏာကို ရေရှည်ကိုင်စွဲနိုင်ဖို့နဲ့ ကိုယ်ကျိုးစီးပွားကလွဲလို့ ဘာမှ မစဉ်းစားဘဲ ပြည်သူလူထု လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံနဲ့ နောက်ဆုံး သံဃာတော်တွေကိုတောင် အန္တရာယ်ပေး၊ သတ်ဖြတ်ညှင်းဆဲနေတဲ့ စစ်အာဏာရှင်တွေကို အစဉ်တစိုက် ကျားကုတ်ကျားခဲ အာခံဆန့်ကျင်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ စစ်အာဏာရှင် အစိုးရကတော့ ဒီလိုပဲ သူတို့အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာမယ့် အခြေအနေဖြစ်လာရင် တင်းထားရစ်ထားတဲ့ ၀က်အူရစ်ကို နည်းနည်းပြန်လျှော့ပေးလိုက်၊ ပြည်တွင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ပြည်သူလူထုတွေက အားပြိုင်ဆန့်ကျင်လှုပ်ရှားလာရင် ပြင်းပြင်းထန်ထန် နှိမ်နှင်းဖမ်းဆီးနှိပ်စက် ထောင်ချပစ်လိုက်၊ နိုင်ငံတကာက ၀ိုင်းပြီး ကန့်ကွက်ဆန့်ကျင်လာရင် နိုင်ငံရေးလှုပ်ရှားသူ နည်းနည်းနဲ့ ရိုးရိုး ရာဇ၀တ်အကျဉ်းသား ခပ်များများ လွှတ်ပြလိုက်၊ အလျှော့အတင်းလုပ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ ကြိုးစားနေတာပါ။ ၂၀၁၀ လွန်တာနဲ့ တရားဝင် စစ်အစိုးရ ဖြစ်လာပါမယ်။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အမြင့်ဆုံး တာဝန်ရှိပုဂ္ဂိုလ် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာပြည်ကို သွားရောက်ပြီး၊ ဆွေးနွေးညှိနှိုင်း ဖျောင့်ဖျပြောဆိုခဲ့ပေမယ့် မြန်မာစစ်ဗိုလ်ချုပ်တွေက အရေးတယူ မလုပ်ခဲ့ပါဘူး။

မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချပြီး၊ နေအိမ်အကျယ်ချုပ် ဆက်ထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အထောင်းက သက်သာဖို့သာ မရဲသော်လည်း ပြေးခဲစေ တခန်းရပ်ပြဇာတ်တိုလေး ကပြသွားခဲ့ပါတယ်။ ရယ်စရာတော့ အတော်ကောင်းပါတယ်။

၁၁၊ ၈၊ ၂၀၀၉ နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်၊ နေအိမ်အကျယ်ချုပ် ပြန်ချထားတဲ့ နေ့မှာပဲ ကုလ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ ဆွေးနွေးခဲ့ပါတယ်။ လုံခြုံရေးကောင်စီဝင် တချို့နိုင်ငံတွေက သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်ပြီး အကြံဉာဏ်ရယူလိုတဲ့အတွက် မပြီးပြတ်ဘဲ နောက်တနေ့မှာလည်း ဆက်ပြီးဆွေးခဲ့ပါတယ်။ အခြေအတင် ဆွေးနွေးပြီးလို့ ကြေညာချက်ထွက်လာတဲ့ အချိန်မှာတော့ မြန်မာအစိုးရအပေါ် ပြင်းထန်တဲ့ စကားလုံးတောင် သုံးစွဲပြီး မဝေဖန်ရဲ၊ အပြစ်မတင်ရဲတာ တွေ့ရပါတယ်။

"များစွာ ပူပင်ကြောင့်ကြ ဖြစ်မိပါကြောင်း" ဆိုတဲ့ ဆိုနေကျ သီချင်းဟောင်းကြီးကိုပဲ ထပ်ကြားခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကတော့ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို သဘောတူလိုက်လျောမှု မရှိဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူအပြစ်ပေး၊ ဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေအားလုံး ပါဝင်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ အစိုးရကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောဆိုထားပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့၊ အားလုံးပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံကတော့ ရပ်တည်မှုမှာ ပြတ်သားပါတယ်။ မြန်မာစစ်အစိုးရဘက်က ပြတ်ပြတ်သားသားပဲ ရပ်တည်ပါတယ်။ ပြည်တွင်းရေးသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို လေးစားလိုက်နာသင့်တယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့ပါတယ်။ တရားစီရင်ရေးရဲ့ မလွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့တာတွေကိုတော့ ထည့်မစဉ်းစားပါဘူး။ မြန်မာပြည်သူလူထုရဲ့ ခံစားချက်နဲ့ အလိုဆန္ဒတွေကို ထည့်မစဉ်းစားပါဘူး။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ကတော့ ထူးထူးခြားခြား ပြောစရာ မရှိတော့ပါဘူး။

အမေရိကန်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် ဖူးခက် အာဆီယံ အစည်းအဝေး တက်လာခဲ့တုန်းက ပြောခဲ့သလိုပဲ လိုက်လျောမှုလုပ်ပြီး၊ အပေးအယူလုပ်ဖို့ စဉ်းစားပုံရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် အမေရိကန်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့အတိုင်း မြန်မာနိုင်ငံ စစ်အစိုးရပေါ် ဆက်ဆံရေးကိုလည်း ပြင်ဆင်ပြောင်းလဲနေပြီလို့ ယူဆစရာ အကြောင်းရှိပါတယ်။ အခုနောက်ဆုံး အခြေအနေအရ မြန်မာနိုင်ငံကို လာရောက်ပြီး ဗိုလ်သန်းရွှေအပါအ၀င် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့၊ ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင်တောင် တွေ့ခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ရက်တောကို လွတ်ငြိမ်းခွင့်ပေးပြီး၊ တပါတည်း ပြန်ခေါ်သွားနိုင်အောင် စွမ်းခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ကို လေ့လာကြည့်ရင် ဒီဆက်ဆံရေးရဲ့ နောက်ကွယ်မှာ တစုံတခု ရှိနေတယ်လို့ ယူဆစရာအကြောင်း အများကြီး ရှိနေပါတယ်။

ဒါပေမဲ့ စစ်အစိုးရဟာ သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် သူတို့ အခိုင်အမာ ပြင်ဆင်ထားတာတွေကိုတော့ အထိပါးခံလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ အရေးသိပ်မပါတဲ့ အလျှော့ပေးလိုက်လျောမှု အနည်းအကျဉ်း လုပ်လာနိုင်ခြေရှိပေမယ့် သူတို့ အာဏာတည်မြဲရေးကို ထိပါးလာနိုင်ခြေ ရှိတာတွေကိုတော့ လိုက်လျောလိမ့်မယ် မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် စစ်အစိုးရရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ တရားမျှတ လွတ်လပ်စရာ အကြောင်းမရှိဘဲ တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေအပြင် သူတို့ခိုင်းတိုင်းလုပ်မယ့် ငါးခြောက်ဆို ဖုတ်ပြီးသားပါဘုရာ့ လုပ်မယ့် သူတွေကိုပဲ လွှတ်တော်ထဲမှာ ပါဝင်ရအောင် အာဏာနဲ့ ဖိနှိပ်ရုပ်ပြလုပ်ပေးမယ့် ရွေးကောက်ပွဲပဲဖြစ်မယ် ဆိုတာကတော့ အသေအချာပါပဲ။ စစ်အစိုးရကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံပြီး၊ အာဏာခွဲဝေယူရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူးလို့ ယုံကြည်ကြသူတွေဟာလည်း ဘယ်လိုမှ လှုပ်မရဘဲ စေသည့်ကျွန် ထွန်သည့်နွား ဖြစ်သွားကြမှာလည်း သေချာသလောက်ပါပဲ။

ဒီအခြေအနေအတိုင်း စင်းခံသွားကြမယ်ဆိုရင် တရားမ၀င် စစ်အစိုးရလက်အောက်ကနေ တရားဝင် စစ်အစိုးရအောက် ရောက်သွားပြီး၊ ပိုပြီး သံကြိုးတင်းတင်း ရစ်ချည်ခံရမယ်ဆိုတာ သိမြင်နားလည်ထားကြပြီး ဖြစ်တဲ့အတွက် အဲဒီအခြေအနေကို လက်မခံနိုင်ဘူးဆိုရင် စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အခိုင်အမာ၊ အပြင်းအထန် ဆန့်ကျင်တိုက်ဖျက်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တရားဝင် ပါတီတရပ်အနေနဲ့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် ဥပဒေတွင်းတိုက်ပွဲတွေမှာ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်ဦးဆောင်တိုက်ပွဲဝင်ပေးဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအနေနဲ့လည်း ကိုယ့်ပါတီ ကိုယ့်အဖွဲ့အစည်းရဲ့ လမ်းစဉ်ဆိုင်ရာ အမှား၊ လုပ်နည်းလုပ်ဟန် နည်းပရိယာယ်ဆိုင်ရာ အမှားတွေကို အသေအချာ ပြန်ဝေဖန်သုံးသပ်ပြီး၊ ပြောင်းလဲနေတဲ့ ရန်သူရဲ့ နည်းဗျူဟာတွေ ပရိယာယ်တွေကို ယှဉ်ပြိုင်အနိုင်ယူနိုင်တဲ့ မဟာဗျူဟာ နည်းဗျူဟာမျိုး ချမှတ်ကြဖို့ ကြိုးစားသင့်ပါတယ်။ အမည်ခံသာရှိပြီး လက်တွေ့လှုပ်ရှားမှု မလုပ်နိုင်တဲ့ တပ်ပေါင်းစုတွေအစား စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ တခုတည်းသော ဦးတည်ချက်အောက်မှာ လက်တွေ့ကျတဲ့ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော တညီတညွတ်ရှိတဲ့ တပ်ပေါင်းစုကြီးတခုအဖြစ် ဖွဲ့စည်းပြီး၊ စစ်အစိုးရရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တိုက်ဖျက်ပစ်ရင်း စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ကြရပါလိမ့်မယ်။

မကြာခင်က စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ (ကချင် လွတ်မြောက်ရေး အဖွဲ့ - KIO ၊ ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ၊ မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ် တပ်ပေါင်းစု - MNDAA ၊ မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ - NDAA ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ စစ်အစိုးရက စစ်ရေးအရ ဖိအားပေးလာရင် စုပေါင်းကာကွယ်တိုက်ခိုက်ဖို့ စစ်ရေးမဟာမိတ် ဖွဲ့စည်းလိုက်နိုင်တဲ့ ကိစ္စဟာ အလွန်ကောင်းမွန် ထောက်ခံရမယ့် ကိစ္စဖြစ်ပါတယ်။ အင်အားကောင်းတဲ့ စစ်အစိုးရကို ရင်ဆိုင်နိုင်ဖို့ အဲဒီလို စစ်ရေးမဟာမိတ်အဖွဲ့မျိုး ရှိရပါမယ်။

အဲဒီ နမူနာကိုယူပြီး အပစ်ရပ်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း ကျနော် အထက်မှာ တင်ပြခဲ့တဲ့ တပ်ပေါင်းစုကြီးမျိုး ဖွဲ့စည်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ တညီတညွတ်တည်း အပြင်းအထန် ကြိုးစားအားထုတ်ကြမယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။

အောင်ပွဲဟာ ပြည်သူလူထုဘက်မှာ၊ တိုက်ရဲသူတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မကြာမတင်မှာ ကျကို ကျဆုံးရမှာ အသေအချာပါပဲ။ ။

No comments: