သျှမ်းသံတော်ဆင့်
မြန်မာ နိုင်ငံ အတွင်း မီးရထား လမ်းဖေါက်လုပ်ရေး အစီအစဉ် ၉ ခုအနက် စစ်ရေး မဟာ ဗျူဟာအရ သျှမ်းပြည်တွင်း မီးရထားလမ်း ကီလိုမီတာ ၃၅၀ ကျော် တိုးချဲ့ ဖေါက်လုပ်ရန် စီမံကိန်း တခုအား နအဖ ပြင်ဆင်နေ သည်ဟု ထိုင်းနယ်စပ် သတင်း ရပ်ကွက် ပြော သည်။
တရုတ်နိုင်ငံ ရှင်းဟွာ သတင်းအေဂျင်စီ ထုတ်ပြန်ချက်အရ မြန်မာ့မီးရထားလမ်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထပ်မံတိုးချဲ့ဖေါက်လုပ်မည့် မီးရထားလမ်းသစ် (စုစုပေါင်း ကီလိုမီတာ ၂၀၀၀ ) အား အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကုန်ကျ ခံမည်ဟု ဆိုပါသည်။
စစ်အစိုးရ သတင်းထုတ်ပြန်ချက်အရ ဖေါက်လုပ်မည့်မီးရထားလမ်းသစ် လျာထားချက်မှာ - သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် - သီပေါလမ်း ၂၅၀ ကီလိုမီတာ၊ နမ့်ဇန် - ကျိုင်းတုံ လမ်း ၃၃၀ ကီလိုမီတာ၊ လားရှိုး - မူဆယ် လမ်း ၁၇၀ ကီလိုမီတာ နှင့် သျှမ်းပြည် စစ်တိုင်းချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် နောက်ဆုံးကွင်းဆင်း လေ့လာချက်အရ မိုးနဲ - လင်းခေး - မိုင်းပန် - တာဆန်း (သံလွင်မြစ် ကူးတံတား) - မိုင်းတုံ - မိုင်းဆတ် - တာချီလိတ် လမ်းအရှည် ၃၅၀ ကီလိုမီတာ တို့ဖြစ်သည်ဟု ဆိုပါသည်။
မြန်မာ့အရေးလေ့လာသည့် ထိုင်းနိုင်ငံလုံခြုံရေးအရာရှိတဦးက - “နိုဝင်ဘာ ၄-၇ ရက်နေ့အထိ ၄ ရက်ကြာ ဒုတိယဗိုလ်ချုပ် ကြီး မင်းအောင်လှိုင်ရဲ့ သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်မှာ မီးရထားလမ်းသစ်ဖေါက်လုပ်ဖို့ ကွင်းဆင်းလေ့လာတဲ့ ခရီးစဉ် ဘဲဖြစ်တယ်။ အဓိကကတော့ လမ်း၊ တံတား၊ ဥမင်လှိုင်ခေါင်း ဖေါက်လုပ်ရမယ့် နေရာတွေကြည့်တာဘဲ၊ဒေသခံ ပြည်သူနဲ့ တွေ့ဆုံရာမှာလဲ သူက အဲလိုဘဲပြောတယ်လို့ သိရတယ်” - ဟု ဆို၏။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံတဦးကလည်း သျှမ်းပြည်တောင်ပိုင်းမှ သံလွင်အရှေ့ပိုင်းအထိ ဆက်သွယ်မည့် မီးရထားလမ်း ဖေါက်လုပ်ရေးအစီအစဉ်မှာ ဟုတ်မှန်ကြောင်း၊ အထက်ပါဖေါ်ပြသည့် လမ်းများအပြင် ကီလိုမီတာ ၁၆၀ ခန့်ရှည်မည့် တာချီလိတ် - ကျိုင်းတုံမီးရထားလမ်းလည်းဖေါက်လုပ်မည်ဟုကြားသိရကြောင်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ဆက်ပြောပါသည်။
“လူခန္ဓာကိုယ်မှာ သွေးကြောက အရေးပါဆုံးဖြစ်သလို စစ်တပ်အတွက် လမ်းကြောက အရေးကြီးတယ်။ မီးရထားလမ်း တိုးချဲ့တယ်ဆိုတာက စစ်မှုရေးရာ မဟာဗျူဟာတစ်ခုဘဲ၊ အဲဒီလမ်းကြောင်းအောင်မြင်သွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သွားလာလှုပ်ရှားဖို့ မလွယ်တော့ဟုတ်ဘူး။ ကျနော်သိသလောက် သျှမ်းပြည်ထဲမှာ လူတွေ မီးရထား ကိုအဓိက ထား စီးနင်းအသုံးပြုတာ မရှိသလောက်ဘဲ” -
သျှမ်းပြည်အရှေ့ပိုင်း၌ လှုပ်ရှားနေသည့်လက်နက်ကိုင်အုပ်စုများမှာ သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့၊ ၀ ပြည် သွေးစည်းရေးတပ်မတော် UWSA အပစ်ရပ်တပ်ဖွဲ့၊ အမျိုးသားဒီမိုကရက်သစ် တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်းမိုင်းလား တပ်ဖွဲ့ တို့ဖြစ်ကြသည်။
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ထုတ်ပြန်ကြေငြာချက်အရ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည်သို့ ဆက်သွယ်ရန် မီးရထားလမ်း ၂ သွယ်ရှိကြောင်း - အမှတ် ၁ မီးရထားလမ်း ထိုင်းနိုင်ငံ ချိင်းရိုင်း - မြန်မာနိုင်ငံ (သျှမ်းပြည်) ကျိုင်းတုံ -တာလိ (တရုတ်ပြည်) ၊ အမှတ် ၅ မီးရထားလမ်း မြစ်ကြီးနား - တာလိ (တရုတ်ပြည်) နှင့် လားရှိုး - မူဆယ် - တာလိ (တရုတ်ပြည်) တို့ဖြစ်သည် ဟု ဆိုသည်။
No comments:
Post a Comment