ရန်ကုန်သားတာတေ
ရန်ကုန်မြို့ တနေရာရှိ ထူးထူးရှယ် ဆေးကုခန်း ကြီးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့ ရောက်နေ ကြသည်။ လူပြော များနေသော ရန်ကုန်မှ ဆေးခန်းကြီးများ၊ ဆရာဝန်ကြီး များအကြောင်း စုံစမ်း၊ စစ်ဆေး ရေးသား သင့်ကြောင်း ဦးရုက္ခစိုး ကြီးက အိုင်ဒီယာပေး တိုက်တွန်းသဖြင့် သတင်းထောက် ဖိုးရှုပ်က လူနာ ဟန် ဆောင်ပြီး ဆေးခန်းကြီးသို့ လာရောက် ပြသခြင်း ဖြစ်သည်။
ရှေးဦးစွာ ဧည့်ကြိုဌာန ဝန်ထမ်းနှင့် တွေ့ရလေသည်။
ဧည့်ကြို။ ။ မောင်လေးက ရိုးရိုးလား၊ ရှယ်လား၊ ထူးရှယ်လား။ ဘယ်လိုပြမှာလဲ။
ဖိုးရှုပ်။ ။ ဟင် … ရိုးရိုးနဲ့ ရှယ် ဘာကွာလို့လဲ၊ ဒါက အထူးကု ဆေးခန်းဆိုတော့ လူနာ အားလုံးကို အထူးကုမှာ မဟုတ်ဘူးလား။
ဧည့်ကြို။ ။ သြော် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း … ။ ဒီလိုရှိတယ် မောင်လေးရဲ့၊ ရိုးရိုးဆိုတာက ရိုးရိုးပေါ့ကွယ်။ ရှယ်ဆိုတာက လူနာရဲ့ ဝေဒနာ နည်းနည်း အရေးကြီးတယ်ဆိုရင် သက်သောင့်သက်သာ ဖြစ်အောင် ဘီးတပ် ကုလားထိုင်နဲ့ ထိုင်ရမှာပေါ့၊ ရှယ်ဆိုတာ ဒါကို ခေါ်တာပါ၊ အဟင်း … ဟင်း … ဟင်း … … … ။
ဖိုးရှုပ်။ ။ အင်း … ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ထူးရှယ်ကရော ဘယ်လိုလဲ။
ဧည့်ကြို။ ။ မောင်လေးက ထူးရှယ် ဆိုတာကို ရွေးမယ်ဆိုရင် (ဦးရုက္ခစိုးကို လက်ညှိုးထိုး၍) ဟောဒီ ဦးလေးကြီးက အထူး နားနေခန်းထဲမှာ ဆိုဖာထိုင်ခုံနဲ့ ထိုင်စောင့်ရမယ်၊ မမတို့က မောင်လေးကို အထူးစပါယ်ရှယ် ဂရုစိုက်မယ်၊ ဝန်ထမ်းတွေကလည်း ဘီးတပ် ကုလားထိုင်ကို ဖြည်းဖြည်းလေး တွန်းပေးမယ်၊ ဝန်ဆောင်မှုက တကယ့်ကို ရှယ် ဖြစ်စေရမယ်၊ သမားတော်ကြီးတွေ ကလည်း မောင်လေးကို ချက်ချင်း ခွဲပေးမှာပေါ့ကွယ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။
ဖိုးရှုပ်။ ။ အိုးမိုင်ဂေါ့ … အောင်မယ်လေး ကျနော့်ရဲ့ ဘုရားသခင် … ၊ ကျနော့် ရောဂါက မခွဲလို့ မရဘူးလား။
ဧည့်ကြို။ ။ သြော် … မောင်လေးရယ်၊ ရှောင်ပြေးဖို့ မကြိုးစားပါနဲ့၊ အဲလေ ယောင်လို့ … လိုအပ်ရင်တော့ ခွဲရမှာပေါ့ မောင်လေးရယ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။ ကဲ … ဘယ်လိုလဲ၊ ရှယ်လား ထူးရှယ်လား။
ရှယ် နှင့် ထူးရှယ်ကို စိတ်ဝင်စားသော်လည်း ဖိုးရှုပ်က ဒေဝါလီမဂ္ဂဇင်း၏ ချွေတာရေး မူဝါဒကို သတိရသဖြင့် ရိုးရိုးကို ရွေးလိုက်သည်။
မကြာမီ သူနာပြု ဆရာမ တယောက်ထံသို့ ဖိုးရှုပ် ရောက်သွားသည်။ ဆရာမကို ကြည့်ပြီး သတင်းထောက်က ဘိုဘိုဟန်၏ ငွေသော်တာရောင်ခြည် အစချီ သီချင်းကို ညည်းလိုစိတ်ပင် ပေါက်သွားသည်။
ဆရာမ။ ။ ကဲ … ပြော၊ ဘာဖြစ်တာလဲ။
ဖိုးရှုပ်။ ။ ဟို … ဆရာမရေ … ကျနော်လေ … အဟဲ … ဟို … ကျနော် အခု ရင်ခုန်နေတယ်။ အဟဲ … ရင်ခုန်နေတယ် … ဟဲ ဟဲ ဟဲ ...။
ဆရာမ။ ။ သြော် … ရင်ခုန်နေသလား။ ဒါဆို ဘာမှ မပူနဲ့၊ နေကောင်းသွားမှာပါ။ ဒီမှာ ရင်ခေါင်းအထူးကု ဆရာဝန်ကြီးတွေ ရှိတယ်။
ဆရာမက ထိုသို့ နှစ်သိမ့် ပြောဆိုပြီး ဓာတ်မှန်ရိုက်ခြင်း၊ သွေး၊ ဆီး၊ သလိပ်တို့ စစ်ဆေးခြင်းများ လုပ်ဆောင်ရန် စီစဉ်လေသည်။ ထိုသို့ လုပ်ဆောင်ပြီး သကာလ အထူးကု သမားတော်ကြီး၏ ကုသမှုကို ခံယူရန် စောင့်ရသည်။ မြန်မာစံတော်ချိန်ကား နံနက် ၉းဝဝ နာရီ ထိုးချေပြီ။
ဖိုးရှုပ်က ထူးထူးရှယ်ဆေးကုခန်းကြီးအတွင်း သွားလာနေကြသော အမျိုးသမီး သူနာပြုများကို အငမ်းမရ ငမ်းနေသည်။ ဖိုးရှုပ် ဘရိတ်အုပ်စေရေးအတွက် ရုက္ခစိုးကြီးက ချောင်းဟန့်သံပေးပြီး အချက်ပြသော်လည်း သတင်းသမား ဖိုးရှုပ်က အကင်းမပါးချေ။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းက ဆရာဝန်တွေအကြောင်း အထူးပြု ရေးမှာမဟုတ်လား၊ ဘာကြောင့် အမျိုးသမီးတွေကိုပဲ လေ့လာနေရတာလဲ။
ဖိုးရှုပ်။ ။ သြော် … ဦးရုက္ခစိုးရယ်၊ အသေးစိတ် အကြောင်းအရာတွေကို ပစ်ပယ်ထားလို့ မရဘူး ဆိုပြီး Investigative Reporting လို့ ခေါ်တဲ့ စုံစမ်း ထောက်လှမ်း သတင်းရေးသားနည်း ပညာရပ်မှာ ပြဌာန်းထားတယ်ဗျ၊ ကျနော်က သူနာပြုတွေကို အလကားငမ်း အဲ … အလကားကြည့်တာမှ မဟုတ်တာ။ လိုအပ်ချက်အရ လေ့လာတာဗျ။ ဒါမှ ကျနော် ရေးတဲ့ သတင်း ဆောင်းပါးက အရမ်း အရမ်းကို ရုပ်လုံးကြွ အသက်ဝင်မှာ။ ဝါရှင်တန်ပို့စ်တို့ နယူးယောက်တိုင်းမ်းစ်တို့ကတောင် ယူသုံးနိုင်တယ်ဗျ။
ရုက္ခစိုး။ ။ ဟုတ်ပါပြီ စာနယ်ဇင်း ပိဋကတ် အိုးကွဲလေးရယ်၊ မင့်မျက်လုံးတွေ ကျွတ်ထွက်တော့မှာမို့ ငါက ပြောမိတာပါ။ အင်း … သတိပေးမိတာ မှားပါတယ်။ ဟေ့ကောင် … ၁ နာရီတောင် ခွဲပြီ၊ မင့်အလှည့် မရောက်သေးဘူးလား။ မေးစမ်းကြည့်ပါဦးကွ။
ဖိုးရှုပ်။ ။ စိတ်အေးအေးထားမှပေါ့ ဦးရုက္ခစိုးရယ်၊ သတင်းကောင်းတပုဒ်ဆိုတာ စိမ်ပြီး ရေးရတယ်ခင်ဗျ။
ရုက္ခစိုး။ ။ မင်းမသွားချင်ရင် ငါ သွားမေးမယ်။
ဖိုးရှုပ်။ ။ ဟိုး …ဟိုး …ဟိုး … ကျနော် သွားမေးပါ့မယ်ဗျာ။ အထူးကုဆေးခန်းတွေအကြောင်း ရေးမှာက ကျနော်လေဗျာ။ ကျနော်ကိုယ်တိုင် မေးမှ ဖြစ်မှာပေါ့။
သူနာပြုဆရာမထံ ထွက်သွားသော ဖိုးရှုပ်ကို ကြည့်ပြီး ဒီကောင် မေးခွန်းထုတ်ချင်တာက နည်းနည်း၊ ငမ်းချင်တာက များများဖြစ်မှာပါဟု ရုက္ခစိုးကြီးက တွေးလိုက်မိသည်။
ဖိုးရှုပ်။ ။ (သွား အချောင်း ၃ဝ ခန့် ပေါ်အောင် ပြုံးရင်း) ဆရာမရေ ကျနော် အထူးကု သမားတော်ကြီးနဲ့ မတွေ့ရသေးဘူးလား။
ဆရာမ။ ။ ခဏလေး ထပ်စောင့်ပါနော်၊ မကြာပါဘူး၊ တွေ့ရတော့မှာပါ။ နော် … ။
ဆရာမက ပြုံးပြီး ပြောသဖြင့် ဖိုးရှုပ် ကျေနပ်သွားသည်။ ဦးရုက္ခစိုးထံသို့ မြောက်ကြွမြောက်ကြွဖြင့် လမ်းလျှောက်သွားသည်။
ရုက္ခစိုး။ ။ ရုပ်ကိုက ဒီမိုကရေစီရတဲ့ မျက်နှာနဲ့။ ကဲ … ပြော၊ ဘယ်လို ဖြစ်လာတာလဲ၊ အထူးကု ဆရာဝန်ကြီးနဲ့ ဘယ်တော့ တွေ့ရမှာလဲ။
ဖိုးရှုပ်။ ။ ဆရာမက ပြောတယ်၊ သိပ်မကြာတော့ပါဘူး တဲ့။ ခဏနေဆို တွေ့ရတော့မှာပါ တဲ့။
ရုက္ခစိုး။ ။ အင်း … ဆေးရုံခဏ ကလည်း ရဲတွေပြောတဲ့ ခဏနဲ့ တူနေပြီထင်တယ်။
နှစ်ဦးသား အထူးကု ဆရာဝန်ကြီး၏ အခန်းရှေ့တွင် ထပ်မံ စောင့်ဆိုင်း ရပြန်သည်။ အဝင်ဝရှိ ဆိုင်းဘုတ်တွင် ဆရာဝန်ကြီး၏ ဘွဲ့ထူး ဂုဏ်ထူးများရေးထားသည်ကို တွေ့ရသည်။ MBBSဟူသော စာလုံးအပြင် လန်ဒန်၊ ဖင်လန်၊ ပိုလန်၊ ဆွစ်ဇာလန် ဟူ၍လည်း ရေးသားထားသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် … MBBS ဆိုတာ ဘာလဲကွ။
ဖိုးရှုပ်။ ။ MBBS ဆိုတာ အတိုကောက် စကားလုံးပဲ။ "မြန်မာ ဘရမ်းဘဒါ (ပရမ်းပတာ) ဆရာဝန်" လို့ ဒေဝါလီ စာဖတ်သူတယောက်က ပြောဖူးတယ်။ ဝတ္ထုထဲမှာတော့ မောင်ဘာဘာစိန် လို့ ရေးထားတာ ဖတ်ဖူးတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိဘူး။
ဤသို့ဖြင့် နှစ်ဦးသား စကား တပြောပြောဖြင့် စောင့်ဆိုင်းနေရာ ညနေ ၅းဝဝ နာရီ ထိုးသွားသည်။ ဖိုးရှုပ်အလှည့် မရောက်သေးပေ။ သူနာပြုတဦးထံ သွားရောက် မေးမြန်းသည့်အခါ အရေးပေါ် ခွဲစိတ်ပေးရမည့် ထူးရှယ်အဆင့်လူနာ ၃ ဦး ရှိသဖြင့် အတန်ကြာ စောင့်ဆိုင်းရဦးမည်ဟူသော အဖြေကို ရလေသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရေ၊ ကျနော်သာ လူနာအစစ်ဆိုရင် ဒုက္ခပဲ။ ဒီလောက်တောင် စောင့်ရတယ်ဆိုရင်တော့ သေပြီဆရာ။
ရုက္ခစိုး။ ။ အင်း … ရိုးရိုးနဲ့ရှယ် ဘယ်လိုကွာတယ်ဆိုတာ မင့်စာထဲ ထည့်ရေးလို့ ရပြီပေါ့ကွာ။
နံနက် ၉းဝဝ နာရီမှ စတင် စောင့်ဆိုင်းနေသော ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့သည် ည ၉းဝဝ နာရီတွင် အထူးကုဆရာဝန်ကြီးနှင့် တွေ့ခွင့်ရလေသည်။
အထူးကုဆရာဝန်ကြီးက သူ့ကိုယ်သူ မိတ်ဆက်သည်။ ဖိုးရှုပ်မှာ အထူးကုဆရာဝန်ကြီး ယနေ့ စမ်းသပ် စစ်ဆေး ကုသပေးရသော အယောက် ၃ဝဝ မြောက် လူနာဖြစ်သည်ဟူ၏။ ထို့နောက် လက်နှစ်ဘက်ကို အပေါ်သို့ မြှောက်လိုက်ပြီး အညောင်း ဆန့်လိုက်သည်။ ဆုံလည် ကုလားထိုင်တွင် ထိုင်နေရာမှ မတ်တပ်ရပ်ပြီး ခါးကို ဘယ်တချက် ညာတချက် လှည့်လိုက်ရာ ဂျွတ် … ဂျွတ် … ဟူသော အသံများထွက်သွားသည်။ ထိုသို့ အညောင်းဖြေနေစဉ်မှာပင် အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်၏ ရောဂါ ဝေဒနာအကြောင်း စကား စ လေသည်။
အထူးကုဆရာဝန်ကြီး။ ။ ကဲ … ပြော၊ ဘာဖြစ်နေသလဲ။
အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်ကို မေးခွန်းထုတ်သည့်အချိန်မှာပင် နားကြပ်ဖြင့် ဖိုးရှုပ်၏ ရင်ဘတ်ကို စမ်းသပ်လေသည်။ ဆရာဝန်ကြီး၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသည်။ လူနာများကို ရာနှင့် ချီပြီး စမ်းသပ်ရသူ ဖြစ်သောကြောင့် ထိုသို့ မြန်ဆန် သွက်လက်သင့်ပေသည်ဟု ဦးရုက္ခစိုးကြီး ယူဆမိသည်။
အထူးကုဆရာဝန်ကြီး။ ။ မင်းရဲ့ နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူးကွ။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့။
အထူးကုဆရာဝန်ကြီး။ ။ ထူးခြားနေတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ကင်မရာထည့်ပြီး စမ်းသပ်မယ်။ မင်း ရင်ခုန်သံက ဘယ်အချိန်တွေမှာ ပိုမြန်တတ်သလဲ။
ဖိုးရှုပ်။ ။ ရင်ခုန်သံက အမျိုးသမီးတွေကိုတွေ့ရင် ပိုပြီး မြန်တယ်ခင်ဗျ။
အထူးကုဆရာဝန်ကြီး။ ။ ဟ … ဒါဆို ခွဲမှ ဖြစ်မှာပေါ့။ မခွဲခင် ကင်မရာထည့်ပြီး အရင်ကြည့်ရမယ်။ ကဲ … ကဲ … ဒီက နောင်ကြီးက အုပ်ထိန်းသူလား။ အတော်ပဲ၊ ခွဲစိတ် ကုသမှာကို သဘောတူကြောင်း လက်မှတ်ထိုးကြဗျာ။
ရုက္ခစိုး။ ။ ခွဲဆိုလည်း ခွဲ၊ လက်မှတ်ထိုးဆိုလည်း ထိုးတာပေါ့ဗျာ။ လူနာက ဘာရောဂါဖြစ်တာလဲ သိပါရစေဦး။
ဦးရုက္ခစိုးကြီးက ရုပ်တည်ဖြင့် မေးခွန်းထုတ်လိုက်သည်။ ဆရာဝန်ကြီးက အလေးအနက် မျက်နှာထားဖြင့် အဖြေပေးလေသည်။
အထူးကုဆရာဝန်ကြီး။ ။ ခွဲမှ ဖြစ်မှာပါ။ အခုချက်ချင်း ခွဲပေးမှာပါ။ အချိန် မရှိဘူး။ အမြန်လုပ်။ ကျုပ် နောက်ဆေးခန်း တခုကို ကူးရဦးမယ်၊ အဲ … လူနာရဲ့ ဝေဒနာက အရေးကြီးတယ်။
ရုက္ခစိုး။ ။ ခွဲပါ၊ ခွဲချင်သလို ခွဲပါ၊ ဒါပေမယ့် ဘာရောဂါလဲ ဆိုတာ ပြောပါဦး။
အထူးကုဆရာဝန်ကြီး။ ။ လူနာက အဆုတ်ထဲ လေဝင်တဲ့ရောဂါ ဖြစ်နေပါတယ်။
အထူးကုဆရာဝန်ကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့က "ဗျာ … အဆုတ်ထဲ လေဝင်တဲ့ရောဂါ … ဟုတ်လား" ဟု အံ့သြတကြီး ပြိုင်တူ ရေရွတ်မိကြပြီး ထူးထူးရှယ် ဆေးခန်းကြီးအတွင်းမှ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြ လေသတည်း။
No comments:
Post a Comment