Monday, June 7, 2010

အမေရိကန်နှင့် မြန်မာဆက်ဆံရေးတင်းမာနိုင်ဟု အတိုက်အခံသုံးသပ်

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb ၏ ခရီးစဉ် ရပ်ဆိုင်းလိုက်ရခြင်းကြောင့် စစ်အစိုးရနှင့် အမေရိကန်ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ထားသည်။


ဆီးနိတ်နိုင်ငံခြားရေးကော်မတီ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဂျင်မ်ဝက်ဘ် သည် မြန်မာနိုင်ငံသို့ ယနေ့သွားရန် သတ်မှတ်ထားပြီးမှ အချိန်ကပ်၍ သူ၏ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပြီး မြန်မာအတိုက်အခံအဖွဲ့ကြီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ သူတို့ကြားထဲမှာ ဒီကိစ္စတွေ အကြောင်းပြုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာနိုင် တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

ယခင်နှစ် နှောင်းပိုင်းမှစသည့် အမေရိကန် သမ္မတသစ် အိုဘားမား၏ ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်သည် တိုတက်မှုမရှိဟု သူက ထပ်ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့အပါအဝင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၇ ဦးအား လာမည့် စနေနေ့ မွန်းလွဲပိုင်းတွင် အမေရိကန်သံမှူး၏ နေအိမ်၌ တွေ့ ဆုံရန် အစီအစဉ်ရှိခဲ့သည်။

မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းနေသည့် စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေပြီး မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟု မစ္စတာဂျင်မ်ဝက်က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

သို့သော် ယခင်လက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကမ်းဘဲ Kurt Campbell နှင့် နအဖ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ကမ်းဘဲက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်း ပြောကြားရာ သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့ အား “အပြည့်အဝ” လိုက်နာမည်ဟု စစ်အစိုးရက ပြောထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ” ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ရှိကြောင်း ပြန်လည်ပြောကြားကြောင်း စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။

၂ဝဝ၆ ခု အောက်တိုဘာ ၉ ရက်တွင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီက စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုပြုလုပ်သော ဆုံးဖြတ် ချက်အမှတ် ၁၇၁၈ ကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သည်။

၂ဝဝ၉ ခု မေလ က ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင် သင်္ဘော၊ လေယာဉ်တို့ကို လက်နက်သယ်ဆောင်လာလျှင် ကုလအဖွဲ့ဝင်နိုင်ငံများက စစ်ဆေးခွင့်ရှိစေမည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ယင်းနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။ ယင်းဆုံး ဖြတ်ချက်အရ မြောက်ကိုရီးယားအား လက်နက်ရောင်းချခြင်း သို့မဟုတ် သူ့ထံမှ လက်နက်ဝယ်ယူခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများကို တားမြစ်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မူအားဖြင့် ကန့်ကွက်သူ မစ္စတာဂျင်မ်ဝက်ဘ် ယခင်နှစ် သြဂုတ် လ ၁၅ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရက မြောက်ကိုးရီးယားမှ နျူကလီးယားလက်နက်များ ဝယ်ယူသည်ဟု အမေရိကန်က သံသယရှိနေသည်ဟု အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

၂ဝဝ၈ ခု အတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သည့် စစ်ဘက်အဆင့်မြင့် ကိုယ်စားလှယ်များ သည် တရုတ်နိုင်ငံမှတဆင့် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိုးကြောင်း လျို့ဝှက်မှတ်တမ်းများ မဇ္ဈိမက လက်ခံရရှိခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းသည့်အချိန်သည် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့၏ မဟာမိတ် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကြားပေါင် ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ဝန်ကြီးချုပ်သည် နေပြည်တော်တွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးမှု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်။

မစ္စတာဝမ်ကြားပေါင်၏ ခရီးစဉ်အတွင်း စွမ်းအင်၊ ရေအားလျှပ်စစ်၊ ငွေချေးခြင်းတို့အပါအဝင် နှစ်နိုင်ငံသဘောတူညီချက်စာချုပ် အနည်းဆုံး တဒါဇင်လက်မှတ်ရေးထိုးခဲ့သည်ဟု နေပြည်တော်သတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်ထားပုံ ရှိနေပြီး မစ္စတာဂျင်မ်ဝက်ဘ်နှင့် သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာစစ်ဗိုလ်ချုပ်များ တရုတ်နိုင်ငံ၏ ထိပ်တန်းကိုယ်စားလှယ်များနှင့် တွေဆုံခဲ့သည့် ရက်သတ္တပတ်၌ပင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ၎င်းတို့၏ စစ်အစိုးရအပေါ် ပျော့ပြောင်းသော မူဝါဒသည် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများနှင့် ဒီမိုကရက်တစ် ပါတီဝင်များစွာတို့၏ ပြင်းထန်သော ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

မြန်မာ့နိုင်ငံရေး အတိုက်အခံ အင်အားစု များစွာကလည်း မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် သဘောထားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးခြေအနေအပေါ် ထားရှိသည့် ရှုထောင့်ကို စိုးရိမ်မကင်း စောင့်ကြည့်နေကြသည်။ ၂ဝဝ၈ ခုနှစ်က ထုတ်ဝေခဲ့သည့် မစ္စတာ ဂျင်မ်ဝက်ဘ်၏ “ ပျံသန်းဖို့ အချိန်တန်ပြီ (မျှတ၍ ဂုဏ်သိက္ခာရှိသော အမေရိကကို ပြန်လည်ဆယ်ယူခြင်း)” ဆိုသည့် စာအုပ်တွင် သူက အကယ်၍ အနောက်နိုင်ငံများအနေဖြင့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများကို အတိတ်က ပိုမိုပြုလုပ်ခဲ့လျှင် ၂ဝဝ၇ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့်အဖြစ်မျိုးကို ရှောင်လွှဲနိုင်လိမ့်မည်ဟု ရေးသားခဲ့သည်။

မစ္စတာဂျင်မ်ဝက်ဘ် သတိမထားမိသည်မှာ ၂ဝဝ၇ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာစစ်အစိုးရ စီးပွားရေး အမြတ်အစွန်းရရှိမှု၏ အဓိကရင်းမြစ်မှာ ပြင်သစ် တိုတယ်လ် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှင့် အမေရိကန် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်ရာမှ ရရှိသော ဝင်ငွေများ ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်၏ စစ်အစိုးရအပေါ် ပျော့ပြောင်းလွန်းသော သဘောထားဖြင့် ချဉ်းကပ်နေမှုကို မြန်မာအတိုက်အခံများက မကျေနပ်ကြပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအား တည်ထောင်ခဲ့သူများထဲမှ တဦးဖြစ်သူ ဦးပညာဇောတက မစ္စတာဂျင်မ်ဝက်ဘ်၏ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပြီးခဲ့သည့် နှစ်က တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ဧရာဝတီ မဂ္ဂဇင်းတွင် ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့ဖူးသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးပညာဇောတက “ အခုဆိုရင် မြန်မာပြည်သူပြည်သားတွေဟာ မစ္စတာဂျင်မ်ဝက်ဘ်ကို စက်ဆုပ်မုန်းတီး ကုန်ကြပါပြီ။ တကယ်လို့ သူ့အနေနဲ့ အမေရိကန်အစိုးရရဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူထားမှုတွေကို ရုပ်သိမ်းသွားပြီး မူဝါဒပြောင်းအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် သန်းရွှေကို အဓိက အထောက်အပံ့ ပေးခဲ့သူတဦးအဖြစ် သမိုင်းမှာ သူ့အတွက် တနေရာ သေချာသွားမှာပါ” ဟု ရေးသားခဲ့သည်။




No comments: