Wednesday, June 2, 2010

အဖြစ်ဆိုးနှင့် ကြုံတွေ့ရသော မြို့တော်ဝန် တာဝန်များ မထမ်းဆောင်နိုင်သေး

NEJ / ၀၂ ဇွန် ၂၀၁၀

ယခု ရက်ပိုင်း အတွင်းတွင် ရန်ကုန် မြို့တော်ဝန် သည် စိတ်သောက ရောက်နေသည့် အတွက် စည်ပင်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ ကြံ့ဖွံ့နှင့် ပတ်သက်သော ကိစ္စရပ် များကို ဆောင်ရွက် နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။

“ကြံ့ခိုင်ရေးအနေနဲ့ ပါတီအတွက်လည်း လှုပ်ရှားစရာတွေ ရှိနေတယ်။ ဒါပေမယ့် မြို့တော်ဝန်က တော်တော်စိတ်ထိခိုက်နေတယ်။ အခုရက်ပိုင်းတော့ သူနားနေမှာပဲ” ဟု ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

ပြီးခဲ့သည့် မေ (၂၉) ရက်၌ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးတွင် ကားဘီးပေါက်ကာ တိမ်းမှောက်ခဲ့သောကြောင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးပြီး သားနှင့်ချွေးမတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိုနေ့ည (၇) နာရီကျော်တွင် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် (၁) နှစ်၊ (၄) လအရွယ်သည် အမှတ် (၁) တပ်မတော်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး မေ (၃၁) ရက်၌ ရေဝေးသုသာန်တွင် သဂြုင်္ိဟ်ပြီးစီးခဲ့ပြီးဖြစ်သည်။

မြို့တော်ဝန်၏သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်နိုင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အတွက် ဇွန် (၁) ရက်နေ့၌ စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူရန် သွားရောက်ကြကြောင်း စည်ပင်သာယာရေးကော်မတီ သတင်းရပ်ကွက်မှ သိရသည်။ စင်ကာပူသို့ မသွားခင်က အမှတ် (၁) တပ်မတော်ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သည်။

“မြို့တော်ဝန်ချွေးမတော့ အခြေအနေ ပိုဆိုးတယ်လို့ ပြောရမှာပဲ။ ရန်ကုန်မှာကုရင် အသက်ရမှာ မဟုတ်ဘူး။ သူ့သားကတော့ ကျိုးတာလောက်ဖြစ်တဲ့အတွက် အချိန်ကာလတခုပဲ ပြောရမှာပေါ့။ ကောင်းတာတော့ ကောင်းသွားမယ်၊ ဒါတောင် ရေရှည်မှာ မလွယ်ဘူး။ သူက ဘယ်ဘက်နံရိုးတွေ ကျိုးတာများတယ်” ဟု စည်ပင်သာယာ အရာထမ်းတဦးက ပြောကြားသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ဇနီး၊ သား ဗိုလ်ကြီးဇော်ဇော်နိုင်နှင့် ဇနီး၊ သား မိသားတစုလုံးသည် နေပြည်တော်မှ အပြန်တွင် ရန်ကုန်မြို့ အမှတ် (၃) လမ်းမကြီး နွယ်ခွေရွာအနီးတွင် ယင်းသို့ ကားမတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကြီးဇော်ဇော်နိုင်တို့ မိသားစု စီးသောကားမှာ ဘီးပေါက်ပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းကြောင့်မဟုတ်ဘဲ လမ်းကြောင့် တာယာ ကွဲပေါက်သွားကာ ထိုသို့အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း အဆိုပါ စည်ပင်အရာထမ်းက ပြောသည်။

No comments: