Wednesday, June 2, 2010

လူသိရှင်ကြားတောင်းပန်ရန် ထက်ထက်မိုးဦး ငြင်းဆန်

NEJ / ၀၂ ဇွန် ၂၀၁၀

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံ အား ကိုယ်ထိလက်ရောက် ကျုးလွန်မှု အတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ် ရန် မင်းသမီး ထက်ထက်မိုးဦးက ငြင်းဆန် လိုက်သည်။

7day news ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျုးလွန်သည့်ကိစ္စကြောင့် သတင်းထောက်ဘက်မှ ရန်ကင်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားသည်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြားဝင်စေ့စပ်ပြီး ထက်ထက်မိုးဦးအား သတင်းထောက်ကို လူသိရှင်ကြားတောင်းပန်ပေးရန် ညှိနှိုင်းပြောဆိုမှုအပေါ် မင်းသမီးက ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးမြင့်သိန်းဖေတို့အပါအ၀င် လူကြီးတွေက တောင်းပန်ဖို့ပြောတယ်၊ သူက ငြင်းနေတယ်၊ တရားစွဲထားတဲ့အတွက် တရားဥပဒေအရ ရင်ဆိုင်မယ်လို့ပဲ ပြောတယ်။ ဒီကိစ္စဟာ အမှိုက်ကစပြီး ပြဿဒ်ကို မီးလောင်ဆိုတာမျိုးဖြစ်ရင်တော့ ခက်မယ်” ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။

မေလ (၂၆) ရက်နေ့၌ ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံခဲ့သည့်အပေါ် ထက်ထက်မိုးဦးက ယင်းသို့ ငြင်းဆန်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ဘက်ကလည်း အေးသူစံနဲ့ မေ (၂၃) ရက်နေ့က တွေ့တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ စာနယ်ဇင်း (၂) ဖွဲ့စလုံးက သတင်းထောက်ကို ထက်ထက်မိုးဦးက လူသိရှင်ကြားတောင်းပန်ရင် သတင်းထောက်က တရားရုံး အမှုကို ပိတ်ပေးမယ်ဆိုတာမျိုးပေါ့။ အဲဒီလိုသာ ထက်ထက်မိုးဦးက မလုပ်ရင် သတင်းထောက်ရဲ့ သဘောဆိုတာကိုလည်း စာပေနှင့်စာနယ်ဇင်းက အတွင်းရေးမှူးသစ် ဦးကိုကို (စက်မှု) က တရားဝင် စာအမှတ် ၁/၂၀၁၀ နဲ့ တရားဝင် ထုတ်ပြန်တဲ့စာမှာလည်း ပါတယ်လေ” ဟု စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဆုံးဖြတ်ပေးမှုကို ထက်ထက်မိုးဦးက လက်မခံသည့်အတွက် ၀မ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို အဆိုပါအဖွဲ့က မေ (၃၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက “ထက်ထက်မိုးဦးကိစ္စ သူတို့ ညှိနှိုင်းပေးတယ်။ ဒါကို ထက်ထက်မိုးဦးက လက်မခံတော့ စာနယ်ဇင်းအဖွဲ့က ကြေညာချက်ထုတ်ပြီး ရှုတ်ချလိုက်တာ။ ကြေညာချက်ထဲမှာ ထက်ထက်မိုးဦးကို လွန်စွာ ရိုင်းပျခဲ့တယ်။ လူမှုရေးအရ ဖြေရှင်းပေးတာကို လုံးဝ လိုက်လျောမှု မရှိ ဆိုတာတွေပါ ထည့်ရေးထားတယ်။ တကယ်ဆို ထက်ထက်မိုးဦးအနေနဲ့ သူ့ဘာသာသူ တရားဥပဒေအရပဲ ဖြေရှင်းမယ်ဆိုတာ သူ့လုပ်ပိုင်ခွင့်ပဲ။ ခုလို ကြေညာချက်ထုတ် ရှုတ်ချတာမျိုး မလုပ်သင့်ဘူး။ တကယ်တော့ အစိုးရက ခန့်ထားတဲ့ စာပေနဲ့ စာနယ်ဇင်းဥက္ကဋ္ဌ ဦးတင်ခ၊ ကိုကို (စက်မှု)၊ မြတ်ခိုင်၊ ဒေါက်တာတင်ထွန်းဦးတို့ အုပ်စုအနေနဲ့ အနုပညာရှင်တွေကိုရော၊ သတင်းထောက်တွေ အယ်ဒီတာတွေကိုပါ သူတို့ သြဇာ နာခံလာအောင် လုပ်လိုက်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

အခြား သတင်းစာဆရာ တဦးကလည်း ယခုကဲ့သို့ ထင်ရှားကြော်ကြားသည့် အနုပညာသည်နှင့် သတင်းထောက် ပြဿနာဖြစ်ကြခြင်းသည် နိုင်ငံတကာတွင်လည်း အဆန်းတကြယ် မဟုတ်ကြောင်း၊ ပြဿနာဖြစ်လာပါက တရားရုံးကနေ ဖြေရှင်းနိုင်သကဲ့သို့ မီဒီယာများမှတဆင့်လည်း လွတ်လပ်စွာ တင်ပြခွင့်ရကြကြောင်း ပြောသည်။

၎င်းက “အခု မြန်မာပြည်တွင်းမှာ ဖြစ်နေတာက ဒီလို သတင်းလေးကိုတောင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးဖို့ နေနေသာသာ လုံးဝ ပိတ်ပင်ထားတယ်။ ဒါတင်မက ကနဦးခွင့်ပြုချက်နဲ့ ဖော်ပြခဲ့တဲ့ ဂျာနယ်တွေကိုလည်း ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခိုင်းပြီး အပြစ်ပေး အရေးယူတာမျိုး လုပ်ခဲ့တယ်။ အခုတခါ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က သူတို့ဘာသာသူတို့ တရားရုံးသဖွယ် ဆောင်ရွက်လာပြန်တယ်” ဟု ပြောသည်။

လူမှုရေးအရ အမှန်တကယ် ညှိနှိုင်းပေးသည်ဆိုပါက ညှိနှိုင်းပေးမှုအား လက်မခံပါက လက်မခံသည့်အတိုင်း ထားရုံသာဖြစ်ပြီး တရားရုံးဖြေရှင်းချက်ကို စောင့်ရမည်ဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် စစ်အစိုးရ စာပေစိစစ်ရေး၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့များ အနေဖြင့် လိုရင် လိုသလို၊ မလိုရင် မလိုသလို လုပ်သည့်လုပ်ရပ်မျိုးသာ ဖြစ်ကြောင်း အဆိုပါ သတင်းစာဆရာက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များက သတင်းလိုက် ဓာတ်ပုံရိုက်သည့် The Voice ဂျာနယ် သတင်းထောက် တယောက်ကို စီးပွားရေး လုပ်ငန်းရှင်တဦးနှင့် အပေါင်းအဖော်များက ဝိုင်းဝန်းရိုက်နှက်မှုမျိုး ဖြစ်ခဲ့ဖူးသော်လည်း ဖြစ်စဉ်ကို သတင်းရေးသားခွင့် မရရုံသာမက စာပေနှင့်စာနယ်ဇင်းအဖွဲ့ကလည်း ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး မရှိခဲ့ပေ။

အလားတူ သတင်းထောက်များ နှောင့်ယှက် စော်ကားခံရမှု များစွာ၌လည်း မည်သို့မျှ ဝင်ရောက်ပြောဆို ကြေညာချက် ထုတ်ပေးခြင်းမျိုး မရှိခဲ့ပေ။

ယခုကြေညာချက်ထုတ်ပြီး နောက်နေ့တွင် စာပေနှင့်စာနယ်ဇင်းအဖွဲ့က သတင်းထောက် မအေးသူစံကို ခေါ်ပြီး သတိပေးချက်နှင့် ဆုံးမသြဝါဒများ ပေးခဲ့ကြောင်းလည်း သိရသည်။

7day news ဂျာနယ်မှ သတင်းထောက် အေးသူစံက ထက်ထက်မိုးဦးနှင့် အင်တာဗျုးရန် ဖုန်းဆက်ချိန်းဆိုရာ ပြီးခဲ့သည့် မေ (၁၉) ရက်တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် Johnson’s Baby Lotion ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲတွင် တွေ့ဆုံရန် ထက်ထက်မိုးဦးက ချိန်းဆိုမှုကြောင့် သတင်းထောက် အေးသူစံက သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာတွင် ထက်ထက်မိုးဦးက မကြိုက်သော မေးခွန်းများပါဝင်သည့်အတွက် မင်းသမီးက သတင်းထောက်အား ထွက်သွားရန် နှင်ထုတ်ခဲ့ကြောင်း၊ သတင်းထောက်က ယင်းကို ပြန်လည်တောင်းပန်၍ ထွက်ခွာခဲ့ကြောင်း၊ ခေတ္တခဏအကြာတွင် ထက်ထက်မိုးဦးက သူနှင့် ရင်းနှီးသော Perfect မဂ္ဂဇင်းမှ မခင်သက်ဦးအား 7Day News ဂျာနယ်သတင်းထောက် မအေးသူစံကို ခေါ်ခိုင်းကာ ဆီဒိုးနားဟိုတယ် ballroom ရှေ့ လူမြင်ကွင်းတွင် ကာယကံမြောက်ကျူး လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် 7 Day News ဂျာနယ်သတင်းထောက်က ရန်ကင်းရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်ပေးရန် တိုင်ကြားခဲ့ပြီး ရန်ကင်းတရားရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ အမှုကို ဇွန်(၃) ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

No comments: