သန်းဝင်းလှိုင်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေါ် နအဖစစ်အစိုးရသည် လက်ရှိစစ်အာဏာရှင်စနစ်ကို တရားမ၀င်အစိုးရအဆင့်မှ တရားဝင်အစိုးရအဆင့်သို့ ကူးပြောင်းနိုင်ရန်အတွက် ၁၉၉၃ ခုနှစ်မှစ၍ လက်တဆုပ်စာ ပါတီသစ္စာဖောက်များ၊ မြို့နယ်အဆင့် စစ်အစိုးရလက်ကိုင်တုတ်ဝန်ထမ်းများ၊ အဖွဲ့အစည်းအသီးသီးမှ လက်ညှိုးထောင်ခေါင်းညိတ် ပုဂ္ဂိုလ်များကို စုစည်း၍ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပလာခဲ့ပြီး (၁၅) နှစ်အကြာတွင် ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒသဘောထားကို လုံးဝမျက်ကွယ်ပြု၍ ကြိုတင်ဆန္ဒမဲ အပါအ၀င် အတင်းအဓမ္မ မဲဓားပြတိုက်ကာ အတည်ပြုခဲ့သည်။ ဤသည်ကိုပင် ပြည်သူလူထုက (၉၂) ရာခိုင်နှုန်းကျော် ထောက်ခံပါသည်ဟု လိမ်ညာဝါဒဖြန့်ခဲ့လေသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပါမည်ဟု မကြာမီက ထုတ်ပြန်ခဲ့လေသည်။
နအဖ၏ ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါက ယင်းဥပဒေသည် တိုင်းရင်းသားများအခွင့်အရေး လုံးဝမရှိသည့်အပြင် ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးလည်း လုံးဝမပါရှိချေ။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် နအဖစစ်အစိုးရအား ကမ္ဘာက အသိအမှတ်ပြု တရားဝင်အစိုးရအဖြစ် ပြောင်းလဲရန်နှင့် ပြည်သူလူထုတရပ်လုံးအပေါ် စစ်ကျွန်ပြုရေး၊ တိုင်းရင်းသားလူမျိုးစုအားလုံးကို မျိုးဖြုတ်ရေးတို့ကိုသာ အစီအစဉ်ရှိရှိ ချမှတ်ထားခြင်းဖြစ်သည်။
ထို့အပြင် နအဖ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် နှစ်ပေါင်း (၆၀) ကျော် တောက်လောင်နေသော ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေမည့် ဥပဒေလည်းဖြစ်သည်။ တဖန် ယင်းဥပဒေသည် နိုင်ငံသားအားလုံး၏ အသက်စည်းစိမ်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို လုံးဝလျစ်လျူရှုကာ နိုင်ငံသားတိုင်း၏ ကံကြမ္မာကို လုံးဝလှုပ်၍မရအောင် တုပ်နှောင်ချုပ်ထားသည့် စစ်ကျွန်ပြုရေးဥပေဒသာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများအတွက် အသက်တမျှအရေးကြီးသော အရာကိစ္စဖြစ်ရာ နိုင်ငံသားတိုင်းက နအဖ၏ စစ်ကျွန်ပြုရေးအတွက် ရေးဆွဲထားသော ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေဥပဒေကို လေ့လာကြည့်ရှုကြပါစို့။
(၁) နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အခြေခံမူ (၆) တွင် စစ်တပ်သည် နိုင်ငံရေးကို ဦးဆောင်ရန်။
(၂) အခန်း (၁) ပုဒ်မ (၁၄) တွင် စစ်တပ်သည် ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ်အဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်သွားရန်။
(၃) ပုဒ်မ (၂၀) အရ တခုတည်းသော စစ်တပ်ဖြစ်ခြင်း၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများအာလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ရန်။
(၄) ပုဒ်မ (၆၀) (ခ) (၃) အရ တိုင်းပြည်အုပ်ချုပ်ရေးအဆင့်ဆင့်တွင် ပါရှိရန်။
(၅) အခန်း (၇) ပုဒ်မ (၃၃၈) အရ တခုတည်းသော စစ်တပ်မှအပ အခြားမည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ ခွင့်မပြုရန်။
(၆) ပုဒ်မ (၄၁၂)၊ ပုဒ်မ (၄၁၃)၊ ပုဒ်မ (၄၁၈)၊ ပုဒ်မ (၄၁၉) အရ အရေးပေါ်ကာလတွင် စစ်တပ်အား အာဏာသိမ်းပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ပေးထားသည့်အပြင် ပုဒ်မ (၄၁၇) အရလည်း တနှစ်အထိ သတ်မှတ်နိုင်ပြန်သည်။ အချိန်ကာလ အကန့်အသတ်မရှိ စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်အား အုပ်ချုပ်ခြင်းကို ခွင့်ပြုထားရန်။
(၇) စစ်တပ်အရေးကိစ္စအား မည်သူမျှ ၀င်ရောက်စွက်ဖက်ခွင့် မရှိစေရန်။
(၈) ပုဒ်မ (၂၀) အရ စစ်တပ်ရေးရာကိစ္စများနှင့် ပတ်သက်သမျှအားလုံးကို ကာကွယ်ရေးဦးစီးချုပ်ကသာ စီမံဆောင်ရွက်သွားရန်။
(၉) အခန်း (၄) ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁) တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍအဆင့်ဆင့်တွင် စစ်တပ်မှ (၂၅) ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ရန်။
(၁၀) ပုဒ်မ (၁၁၅) နှင့် (၁၄၇) (ခ) အရ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများ၊ စစ်တပ်ရေးရာနှင့်ပတ်သက်၍ စစ်တပ်ကသာ လုပ်ပိုင်ခွင့်ရှိစေရန်။
(၁၁) ပုဒ်မ (၁၂၁) (ည) အရ စစ်တပ်အား အထူးအခွင့်အရေးများ ပေးရန်။
(၁၂) ပုဒ်မ (၂၀၁) အရ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာတို့တွင်လည်းကောင်း၊ ပုဒ်မ (၂၃၂) နှင့် (၂၃၄) အရ ဒု-၀န်ကြီးများ ခန့်ထားရာတွင်လည်းကောင်း၊ စစ်သည်များကိုသာ အဓိကထား ခန့်အပ်ရန်။
(၁၃) ပုဒ်မ (၂၆၂) အရ တိုင်း (သို့) ပြည်နယ်ကာကွယ်ရေးနှင့် နယ်စပ်ရေးရာကိစ္စများအတွက် ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်စီမံခန့်ခွဲရန်။
(၁၄) စစ်တပ်ကိုယ်စားလှယ်များ ရာထူးမှနုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် ခန့်အပ်ခြင်းကိစ္စတိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (သို့) ၎င်းခန့်အပ်ထားသော ပုဂ္ဂိုလ်ကသာ လုပ်ဆောင်ခွင့်ပြုရန်။
(၁၅) ပုဒ်မ (၂၅၈) အရ စစ်တပ်ကြီးစိုးနေသော နေပြည်တော်ကောင်စီသည် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာရှိစေရန်။
(၁၆) အရေးပေါ်အခြေအနေကာလတွင် အခန်း (၁၁) ပုဒ်မ (၄၁၂)၊ (၄၁၃)၊ (၄၁၈)မှ (၄၃၂) ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို စစ်တပ်မှသာ တာဝန်ယူဆောင်ရွက်ခြင်း၊ အချိန်အကန့်အသတ်မရှိ အာဏာသိမ်းပိုက်နိုင်ခြင်းတို့ကို ခွင့်ပြုပေးရန်။
(၁၇) အခန်း (၁၄) ပုဒ်မ (၄၄၃) (၄၄၅) မှ (၄၄၇) အထိ ပြဋ္ဌာန်းချက်အရ စစ်အစိုးရတို့၏ အမွေကို ဆက်ခံခြင်း၊ ယခင်စစ်အစိုးရတို့ အသုံးပြုခဲ့သော ဥပဒေများ၊ နည်းဥပဒေများကို ဆက်လက်အသုံးပြုနိုင်ရန် ရေးဆွဲထားရာ ၂၀၀၈ နအဖ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် စစ်အမြင်၊ စစ်ရပ်တည်မှု၊ စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် ရေးဆွဲထားသည်မှာ သိသာထင်ရှားလှပေသည်။
ယခုအခါ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် နအဖစစ်အစိုးရက ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲသည် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံ၍ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် မည်သို့မျှ တရားမျှတမှုမရှိနိုင်ပေ။ အခြားပြိုင်ဘက်ပါတီများသည် ရွေးကောက်ပွဲဥပဒေများအရ နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ခံနေရသော်လည်း ကြံ့ဖွံ့အသင်းတဖြစ်လည်း ကြံ့ဖွံ့ပါတီသည် ၎င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဥပဒေကိုပင် အမျိုးမျိုးချိုးဖောက်ကာ မဲဆွယ်စည်းရုံးနေပေသည်။ ထို့ပြင် ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန်သည် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို လက်ကိုင်ထား၍ ၀န်ကြီးချုပ် အခွင့်အာဏာဖြင့် ၀န်ထမ်းများအား အတင်းအဓမ္မ မဲဆွယ်နေသည်မှာ ယိုသူမရှက် မြင်သူရှက်ပမာ ဖြစ်နေသည်မှာ လူထုအော့နှလုံးနာစရာပင်။
နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက် နိုင်ငံရေးအရ စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ရာ နိုင်ငံရေးပါတီတိုင်းသည် ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိရန် လိုအပ်ပေသည်။ ထို့အပြင် နိုင်ငံရေးပါတီသည် အရှည်သဖြင့် တည်တည်ငြိမ်ငြိမ်၊ ခိုင်မာရပ်တည်နိုင်ရေးအတွက် နိုင်ငံတွင်း၌ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရရှိသင့်ပေသည်။ ပါတီစုံစနစ်ဟု ဆိုထားရာ ကြံ့ဖွံ့ပါတီကိုသာ တရားဝင် မဲဆွယ်ခွင့်ပေး၍ ပြိုင်ဘက်ပါတ်ီများအား နည်းမျိုးစုဖြင့် ဟန့်တားနှောင့်ယှက်ခြိမ်းခြောက်နေသည်မှာ ကမ္ဘာသို့ အသံကောင်းဟစ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါသည်ဟု မည်သို့ပင်ဆိုစေကာမူ လက်တွေ့တွင် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲသည် တင်းပြည့်ကျပ်ပြည့် ပါတီစုံ တနည်း ဂုဏ်သိက္ခာရှိသည့် ပါတီစုံစနစ်ဟု ပြော၍မရပေ။ သို့ကလို မျှတမှုမရှိဘဲ ကျင်းပပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲရလဒ်ကိုလည်း ပြည်သူတရပ်လုံးနှင့် ကမ္ဘာက အသိအမှတ်ပြုလိမ့်မည်မဟုတ်ပေ။
ထို့ပြင် နအဖစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနိုင်ငံရေး ထူထောင်ရေးတို့အတွက် ပြည်သူလူထုကြီးက (၈၂) ရာခိုင်နှုန်းကျော်ဖြင့် တခဲနက် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အဓိက ရန်သူသဖွယ် သဘောထားပြီး ကန့်သတ်ချုပ်ချယ်နေခြင်း၊ မိမိယုံကြည်ချက်ဖြင့် နိုင်ငံရေးဆောင်ရွက်နေသူ (၂,၀၀၀) ကျော်တို့ကိုလည်း မတရားဖမ်းဆီးနှိပ်စက် ထောင်ချထားခြင်း၊ နောက်ဆုံး အဖွဲ့ချုပ်ရပ်တည်ရေးကိုပင် ခက်ခဲစေရန် မတရားသောဥပဒေများ ထုတ်ပြန်၍ ကန့်သတ်ထားခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မည့် ရက်ထက်စော၍ ပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် နအဖစစ်အစိုးရ၏ ယုတ်မာမှုအပေါင်းက အကွင်းလိုက်ပေါ်လွင်နေပေသည်။
သို့ကလို တင်းကျပ်သည့် ရွေးကောက်ပွဲဥပဒေများကြောင့် စစ်အစိုးရအား တရားမ၀င်အစိုးရအဖြစ်မှ တရားဝင်ဖြစ်စေမည့် ရွေးကောက်ပွဲကို လက်မြှောက်ဒူးထောက် အားလျားမှောက်ပြီး ခွေးတိုးပေါက်မှ ၀င်ရောက်ရမည့်ကိန်းဆိုက်နေပေရာ ယနေ့သမိုင်းပေးတာဝန်အရ စစ်ကျွန်ဘ၀ သွတ်သွင်းမည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်သွားရပေမည်။ တနည်းဆိုရသော် နအဖပါတီစုံရွေးကောက်ပွဲသည် (၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီး၏အဆက် ပြည်သူတို့ နောက်ဆုံးအောင်ပွဲခံရမည့် ဒီမိုကရေစီပန်းတိုင် မဟုတ်သည့်အတွက် နိုင်ငံရေးအင်အားစုအားလုံးနှင့် ပြည်သူလူထုတရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၀န်းရံလျက် ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ဆန့်ကျင်သွားမှသာလျှင် စစ်အာဏာရှင်စနစ် ကျဆုံးသွားပေမည်။
စစ်အာရှင်စနစ်ဆိုးကြောင့် ပြည်သူတရပ်လုံးသည် ကိုယ်ရေးလုံခြုံမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ဆုံးရှုံးကာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးတို့ ပျက်သုဉ်းလျက်ရှိသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆိုးကြောင့် တိုင်းပြည်မင်းမဲ့စရိုက်ဖြစ်ကာ ဆုတ်ယုတ်ပျက်စီးနေသည့်အဖြစ်ကို ပြည်သူတရပ်လုံးက သိရှိနားလည်သဘောပေါက်ပြီး နအဖ၏ ထာဝရ စစ်ကျွန်ပြုရေး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား မဲမပေးဘဲ ဆန့်ကျင်ကန့်ကွက်ကြရန်မှတပါး အခြားမရှိပြီမဟုတ်ပါလော။ ။
No comments:
Post a Comment