Tuesday, August 31, 2010

စစ်မြေပြင်မှာ စစ်တိုက်နိုင်တဲ့ အခွင့်အလမ်းတွေ မပေးနိုင်ပေမဲ့လို့

ဒီမင်း

ကရင်နီအမျိုးသမီးတွေဟာ လက်နက်ကိုင်ပြီး စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့အတွက် ဆန္ဒပြင်းပြကြပေမယ့် မိန်းကလေးတွေရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ရှေ့တန်းမှာ စစ်တိုက်ခွင့် မရကြပါဘူး။ ဒီလိုစစ်မတိုက်နိုင်လို့ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်မှု မရှိဘူးလို့ ပြောလို့ မရပါဘူး။

တော်လှန်ရေး ကာလမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတို့မှာ အမျိုးသမီးများ ပါဝင်လုပ်ဆောင်ပေးနိုင်သည်ကိုက ကရင်နီအမျိုးသား ခုခံတော်လှန်ရေး သမိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်တိုက်ခိုက်လာခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ကရင်နီတပ်မတော်တို့ အနေဖြင့် ငြင်းပယ်လို့ မရပါဘူး။

“သူတို့ (အမျိုးသမီးများ) တကယ်တမ်း လုပ်ငန်း လုပ်တဲ့ နေရာမှာ စိတ်ရင်း စေတနာ အရင်းခံ ထားပြီးတော့ သူတို့ အနစ်နာခံပြီးတော့ လုပ်တယ်။ အသပြာငွေကြေး တပြားတချပ်မှ မရတဲ့ အပြင်ကို တချို့ဆိုရင် အစာရေစာ ငတ်ပြတ်ပြီးတော့ တာဝန်ထမ်းဆောင်တဲ့အထိ ဖြစ်ခဲ့တာကို ကျနော်တို့ တွေ့ရပါတယ်” လို့KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ပြောပါတယ်။

ဆက်လက်ပြီး ခူးဦးရယ်က “ကျနော့် အတွေ့အကြုံအရ ခုခံတော်လှန်ရေး ၆၂၊ ၆၃ ၀င်ပြီပေါ့လေ။ တစ်ချို့အမျိုးသမီးဆိုရင် ကျောင်းဆရာ၊မတွေ အနေနဲ့ ပါဝင်ပြီးတော့ တော်လှန်ရေး နယ်ပယ်မှာ လုပ်ကျွေးပြုနေတာ ရှိတယ် တစ်ချို့က ဆေးဆရာမ အနေနဲ့ သူနာပြု အနေနဲ့ ပါဝင်ပြီးတော့ ခုခံတော်လှန်ရေးမှာ ရဲဘော်ရဲဘက်တွေနဲ့ လက်ရည် တပြေတည်း စစ်မြေပြင် တာဝန်ထမ်းဆောင်နေတာ ရှိတယ်ဆိုတာ ကျနောတို့ သိရတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ကရင်နီအမျိုးသမီးတွေဟာ မိမိတိုင်းပြည်အတွက် စစ်မြေပြင်မှာ ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ကြတာတွေရှိသလို ကျောင်းဆရာမ အဖြစ်နဲ့လည်း တာဝန်ထမ်းဆောင် ကြတဲ့ သူတွေ အများအပြား ရရှိခဲ့ပါတယ်။

“ကျန်းမာရေးဘက်မှာလေ တာဝန်ယူပြီးတော့မှ ရှေ့တန်းမှာလည်း တိုက်ပွဲ ကြားထဲမှာ ပါဝင်တာလည်း ရှိခဲ့တယ်လေ”ဟု စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

အဲဒီအချိန်တုန်းကဆို ဆေးဖိုး ၀ါးခ ပံ့ပိုးပေးမယ့် NGO အဖွဲ့အစည်းတွေလည်း မရှိခဲ့ကြဘူး။ ငွေအသပြာတွေ မရတဲ့အပြင် စစ်မြေပြင်မှာ အချို့ဆေးမှုး ရဲမေတွေဟာ အစာရေစာ အငတ်ခံရခြင်း၊ ကောင်းကောင်း မစားရ မအိပ်ရတဲ့အပြင် တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရကြပေမယ့် သူတို့တွေမှာ စိတ်ဓာတ်ကျတယ် ဆိုတာ မရှိခဲ့ကြဘူး။ ရှေ့တန်းမှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ့် အထိတောင် ဆန္ဒပြင်းပြခဲ့ကြတယ်။

“ထိုးဆေး မလုံလောက်ဘူးနော့်။ အဲလိုပဲ လုပ်ရတယ်။ တအားခက်ခဲ ရှိတယ်လေ။ တခါတလေ ထိုးဆေး မရှိဘူး။ ကျမ သူ့ (ဒါဏ်ရာ ရတဲ့ ရဲဘ်ာလူနာ)ကို ချော့ပေးလိုက် ခွဲပေးလိုက် ဆေးဝါးလည်း မရှိဘူး” လို့ ၁၃ နှစ်တိုင်တိုင် ဆေးမှုး ရဲမေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အသက် ၆၂ အရွယ်ရှိ ရဲမေဟောင်း ဂျုးရီနာက ပြောပါတယ်။

ဆက်လက်ပြီး “တောထဲမှာ သွားအိပ်တဲ့ အချိန်မှာဆို သူတို့ ဘာမှ မရှိဘူး။ ဆန်မရှိဘူး။ ကျမတို့ ဆန်ပြုတ်ပဲ ချက်တယ်။ ငရုတ်သီးတော့ ရှိတယ်။ ဒါပေမယ့် ဆား မရှိဘူး။ ဒီလိုပဲ စားလည်း တစ်မျိုးကောင်းတာပဲ။ တစ်ခါတစ်လေ ဆန် မရှိဘူး။ ကျောက်ဖရုံသီးပြုတ် တောထဲက ငရုတ်သီးထည့် ဆားမထည့်ဘူး။ စားလိုက်ရယ်လိုက်နဲ့ ပျော်နေတယ်” လို့ ဂျုးရီနာက သူမ ဖြတ်သန်းလာခဲ့ရတဲ့ တော်လှန်ရေး အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာ ကရင်နီအမျိုးသမီး အစည်းအရုံး KNOW စဖွဲ့စည်းလိုက်ကတည်းက၊ ပြီးနောက် နိုင်ငံတကာက အမျိုးသမီးတွေနဲ့ မြန်မာနိုင်ငံက တခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လုပ်ငန်းတွေကို ပိုပြီး သွင်သွင်ကျယ်ကျယ်လုပ် ပူးပေါင်း လုပ်ဆောင်လာတဲ့ အချိန်က စပြီး တော်လှန်ရေးမှ ဆေးမှူး ရဲမေတွေ စတင်ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒါပေမယ့် ယခု၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ ၆၂ ကြိမ်မြောက် ကရင်နီတပ်မတော် နေ့ထူးနေ့မြတ်မှာ ရဲမေအချို့ ကရင်နီတော်လှန်ရေးထဲ တဖန် ပြန်လှည်ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

ကရင်နီတော်လှန်ရေးထဲ ရဲမေအဖြစ်နဲ့ ပါဝင်လာရတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး ရဲမေ ရောင်နီက “ကျမတို့ အရေးကို ကျမတို့ ကိုယ်တိုင်တစ်ထောင့် တစ်နေရာမှာပေါ့နော့်။ ကျမတို့ ပါဝင်နိုင်ဖို့ အင်အားဖြည့်ဖို့ပေါ့နော့်။ ကျမ စစ်ထဲကို ၀င်လာရတာပါ” လို့ ပြောပါတယ်။

သူမလိုပဲ တစ်ထောင့်တစ်နေရာကနေ ဖိနှိပ်ခံရတဲ့ ပြည်သူလူထုတွေအတွက် အကျိုးဆောင်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရဲမေ ဘေးဘေကလည်း “ကျမတို့ ငြိမ်ငြိမ်နေလို့ မရတော့ဘူး။ ကျမတို့ ထပ်ပြီးတော့မှ အလုပ်လုပ်ဖို့ လိုအပ်နေပြီ။ လုပ်ဆောင်ဖို့လည်း လိုအပ်နေပြီလို့ ကျမ ခံစားနေရတယ်လေ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူလူထုအတွက် ကျမတို့က တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီးတော့မှ စလုပ်ဖို့ လိုနေပြီ” လို့ ပြောပါတယ်။

ကရင်နီအမျိုးသမီးတွေဟာ တခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ ပါဝင်ပူးပေါင်းမှု အားကောင်းလာတယ် ဆိုပေမဲ့ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး အရင်ကထက် စာရင် လုပ်ရည်ကိုင်ရည် အားနည်းလာရတဲ့ အခြေအနေတွေလဲ ရှိပါတယ်။

“ဥပမာ လုပ်ငန်း တစ်ခုကို ပါဝင်လှုပ်ရှားတဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကနဲ့ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်မယ်ဆိုရင် အများကြီး နှစ်နှစ်ကာကာ တကယ်ပဲ အမျိုးသားရေး စိတ်ဓာတ် လုပ်ဆောင်တာတွေမျိုး ကျနော်တို့ မတွေ့ရဘူး၊ ကုန်ကုန် ပြောရင်ပေါ့” လို့ KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ထောက်ပြပါတယ်။

“ကျနော့ အမြင်နဲ့ပေါ့လေ။ ကျနော်တို့ တိုင်းပြည် ပြန်လည်ရှိရေးအတွက်က တာဝန်က ယောက်ကျားတွေကြီး မဟုတ်ဘူး။ အမျိုးသမီးဘက်မှာလည်း သူတို့မှာ တာဝန် ရှိတယ်” လို့ ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

ကရင်နီတော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော်လုံးလုံး နအဖစစ်တပ်တို့ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကရင်နီပြည်သူတွေထဲက ဖိနှိပ်ရက်စက်မှု ဒါဏ်တွေကြောင့် အမျိုးသမီး အများစုဟာလည်း ဖြေဖြောက်မေ့ပစ်လို့ မရတဲ့ စစ်တပ်ရဲ့ ရက်စက်မှု ဒါဏ်ကို ခါးခါးတီးတီး ခံစားကြရပါတယ်။

လာမဲ့ မြန်မာပြည်ရွေး ကောက်ပွဲဟာလည်း စစ်အစိုးရတို့ရဲ့အာဏာရပ်တည်ရေးသာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အမျိုးသမီးများ အနေနဲ့ ဒီထက်ပိုပြီး တတ်နိုင်သလောက် တိုင်းပြည်နဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပူးပေါင်းဖို့ အချိန်တန်ပြီလို့ ယခုနှစ် ၂၀၁၀မှာ ရဲမေသစ်အဖြစ် ပါဝင်လာတဲ့ အမျိုးသမီးတွေက ကျွေးကျော်ကြပါတယ်။

အမျိုးသမီးတို့ရဲ့ ကျွေးကျော်သံတွေနဲ့ ပါတ်သက်ပြီး ခူးဦးရယ်ရဲ့ အမှာစကားတခုက “အလုပ်လုပ်တဲ့ နေရာမှာ မပြည့်စုံမှုတွေ နေရာတိုင်းမှာ ရှိနေတာကို သဘောပေါက်ဖို့ လိုတယ်။ အမျိုးသားရေး စိတ်ဓာတ်ကို နည်းနည်း အရင်းခံ ထားပြီးတော့ လုပ်ငန်းကိုတော့ ထမ်းဆောင်ကြဖို့တော့ ကျနော် အဲလိုတော့ မှာချင်တယ်။”


No comments: