Thursday, August 26, 2010

မွန်ပြည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုးရ သတ်မှတ်

ဝီရ / ၂၆ သြဂုတ် ၂၀၁၀


မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် လက်ခံ မခံ ဆိုသည်ကို နောက်ဆုံးအကြောင်းပြန်ရန် နအဖ စစ်အစိုးရက နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

မွန်ပြည်သစ် ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ကြတော့ တပ်အသွင်ပြောင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ သဘောထား အကြောင်းပြန်ဖို့ အခြားအပစ်ရပ်အဖွဲ့တွေလိုပဲ စက်တင်ဘာ (၁) ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သူတို့သတ်မှတ်လိုက်တာ။ အဲဒီအချိန် အကြောင်းမပြန်ဘူးဆိုရင် ၁၉၉၅ ခုနှစ်မတိုင်ခင်ကလို အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့လည်း သူတို့ပြောသွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသော နိုင်အောင်မင်း၊ နိုင်တလညီတို့ ဦးဆောင်၍ ဗဟိုကော်မတီဝင် နိုင်နိုင်ဒူး၊ နိုင်ခင်အေး စုစုပေါင်း (၄) ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပြီးခဲ့သည့် သြဂုတ် (၂၃) ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၌ တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်အနေဖြင့် အဟန့်အတား ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန်လည်း နအဖ စစ်အစိုးရက သတိပေးခဲ့ကြောင်း ပါတီပြောခွင့်ရသူက ဆိုသည်။

“ယခုအချိန်ထိတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ စည်းရုံးရေးဆင်းတာတို့၊ ကော်မရှင်အဖွဲ့ လာတာတို့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီကလည်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု နိုင်ခြေးမွန်က ပြောကြားသည်။

တပ်အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်က လက်မခံကြောင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ နောက်ဆုံး အကြောင်းပြန်ခဲ့စဉ် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက်ပိုင်း ပါတီနှင့် စစ်အစိုးရအကြား ယခု တွေ့ဆုံမှုသည် ပထမအကြိမ် ဖြစ်သည်။

ယခင်တွေ့ဆုံမှုများတွင် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့သော်လည်း လက်မခံသည့်နောက်ပိုင်း၌ နအဖစစ်အစိုးရဘက်က ပြည်သူ့စစ် ဖွဲ့လျှင်လည်း ဖွဲ့ခွင့်ရှိကြောင်း တောင်းဆိုထားသော်လည်း မွန်ပြည်သစ်က ထပ်မံ ငြင်းပယ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းမရှိလျှင် လာမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်မဟုတ်ကြောင်း၊ ပွင့်လင်းမြင်သာသည့် မွန်အမျိုးသားအကျိုး ပေါ်ထွန်းလာခြင်းမရှိသရွေ့ တပ်နှင့် ပါတီအား ခွဲခြမ်းခြင်း၊ ဖျက်သိမ်းခြင်း လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် ထွက်ပေါက်လမ်း မဟုတ်သကဲ့သို့ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လမ်းဖွင့်ပေးနိုင်မည်မဟုတ်ကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ စစ်မှန်သော လမ်းကြောင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့ပါတီ၏ မွန်တော်လှန်ရေးနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၉၅ ခုနှစ် ဇွန်လတွင် မွန်ပြည်သစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

No comments: