Wednesday, August 25, 2010

ပါတီများ နယ်မဆင်းနိုင်၊ လူထု ရွေးစရာမရှိ

ခိုင်သွယ် Wednesday, August 25, 2010

လာမည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်း အပါအ၀င် တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ် များစွာတွင် နိုင်ငံရေး ပါတီများ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် အလားအလာ မရှိဘဲ ဒေသခံများ အတွက် ရွေးချယ်စရာ အခွင့်အလမ်း နည်းပါးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ထန်းတပင် မြို့နယ်၊ လှည်းဆိပ် စံပြကျေးရွာသား တဦးက “ကျနော်တို့ ထန်းတပင် မြို့နယ်ထဲမှာ နိုင်ငံရေးပါတီ ဆိုလို့ ဟိုတလောက ရုံးခန်း လာဖွင့်တဲ့ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တခုပဲ ရှိတယ်။ တခြား ဘယ်ပါတီမှ မလာတော့ လူတွေက စိတ်ပျက်နေ ကြတယ်။ အားလုံး ကလည်း ကြံ့ဖွံ့ကို မဲမှ မပေးချင်ကြတာ။ ရွာသား တွေကတော့ ကြံ့ဖွံ့ပဲ ရှိမယ်ဆိုရင် မပေးဘူးလို့ ပြောနေကြတာပဲ”ဟု ပြောသည်။

ရန်ကုန်တိုင်း၊ ထန်းတပင် မြို့နယ်တွင် ညောင်ဝိုင်း ကျေးရွာ၊ ရေပေါ်သောင် ကျေးရွာ၊ လှည်းဆိပ် စံပြကျေးရွာ၊ ကုန်းလှည်းဆိပ် ကျေးရွာ၊ ကျူတော ကျေးရွာ စသည့် ကျေးရွာများ ပါဝင်ပြီး တရွာလျှင် လူဦးရေ ၁ ထောင်ကျော် အထိရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တွင်လည်း ယခုအချိန်အထိ နိုင်ငံရေးပါတီအနေနှင့် ကြံ့ဖွံ့ပါတီ တခုတည်းသာ ရှိသောကြောင့် ဒေသခံများမှာ မဲမပေးရေးကိုသာ စဉ်းစားနေကြကြောင်း တိုက်ကြီးမြို့နယ် ဇီးကုန်းကျေးရွာမှ ရွာခံတဦးက ပြောသည်။

“ကျုပ်တို့ဆီမှာ ကြံ့ဖွံ့ပဲ ရှိတော့ မဲမပေးတော့ဘူးလို့ လုပ်ကြတာပဲ။ အဲဒါကို ကြိုသိလို့လားမသိဘူး။ မြို့နယ်အဆင့် မယက တွေ ဆင်းပြီး မဲမပေးတဲ့ အိမ်နဲ့လူကို မှတ်ထားမယ်ဆိုပြီး လိုက်ခြိမ်းခြောက်နေတယ်”ဟု ၎င်းက ပြောပြသည်။

တခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၂ ခုတည်း သာရှိပြီး တခြားနိုင်ငံရေးပါတီများ မရောက်ရှိသေးသည့် မဲဆန္ဒနယ် အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကြံ့ဖွံ့ပါတီနှင့် တစည ပါတီသာ ရှိကြောင်း ဂွမြို့တွင် နေထိုင်သူတဦးက ပြောသည်။

“တစည ပါတီဆိုတာကလည်း လူထုမကြိုက်လို့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့တဲ့ ပါတီ။ ကြံ့ဖွံ့ပါတီ ဆိုတာကတော့
လူကြိုက် အနည်းဆုံးပါတီ ဖြစ်နေတော့ လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တယ်။ ဒီအချိန်မှာ မဲမပေးရေးကို အများစုက စဉ်းစားလာကြတယ်”ဟု ဂွမြို့သားက ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း ကိစ္စတွေကို ဒီလ ၃၀ ရက်နေ့ဆိုပြီး အခုလို ၂ ပတ်ပဲ အချိန်ပေး တင်ခိုင်းတဲ့ကိစ္စက ကျွန်တော်တို့လို ၁ လသာသာပဲ ရှိသေးတဲ့၊ သက်တမ်း အင်မတန်မှ နုနယ်သေးတဲ့ ပါတီအသစ်တွေကို အကျပ်အတည်း အများကြီးဖြစ်အောင် လုပ်နေတာနဲ့ တူနေပါတယ်။ ရွေးကောက်ပွဲ မ၀င်ချင်အောင်ဘဲ လုပ်သလားလို့ စဉ်းစားရတဲ့ အနေအထားကို ရောက်သွားပါ တယ်”ဟု ပြောသည်။

ယခင်က မဲဆန္ဒနယ် ၂၀၀ ခန့်တွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားခဲ့သော်လည်း ယခု အခက်အခဲများအရ မဲဆန္ဒနယ် မည်မျှတွင် ပါဝင်နိုင်မည်ဟု တိတိကျကျ မပြောနိုင်တော့ကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

NDF အနေဖြင့် တိုင်းများကိုသာ အဓိကထား ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်များကို မစဉ်းစားနိုင်တော့ကြောင်း၊ အဓိ က အခက်အခဲမှာ အချိန်၊ ငွေကြေး၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာပိုင်တို့၏ လိုက်လံစောင့်ကြည့် ကန့်သတ်ချက် များ ကြောင့်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက လက်ရှိအချိန်အထိ ၀င်ရောက်မည့် မဲဆန္ဒ နယ်မှာ ရာဂဏန်းပင် မပြည့်သေးကြောင်း ပြောသည်။

“မှန်းထားတာနဲ့တောင် တော်တော်ကွာနေပါတယ်။ လက်ရှိမှာ ပြိုင်မယ့် အရေအတွက်က ၁၀၀ တောင် မပြည့်သေးဘူး။ နယ် တွေမှာတော့ သေချာရွေးပြီး ၀င်ပြိုင်ပါမယ်”ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ယခင်က နိုင်ငံတဝန်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ လက်ရှိအခြေအနေတွင်မူ ကိုယ်စားလှယ်လောင်းအတွက် တင်သွင်းရန် သတ်မှတ်ထားသော ကျပ်ငွေ ၅ သိန်း အခက်အခဲ၊ အချိန် အကန့်အသတ်၊ ရွေးကောက်ပွဲ ကော်မရှင်၏ တင်း ကျပ်မှု၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် သတင်းတပ်ဖွဲ့များ၏ စောင့်ကြည့် အနှောင့်အယှက်ပေးမှုများကြောင့် အခက်အခဲများ တွေ့နေကြရကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးအုန်းလွင်ကလည်း ပြောသည်။

“ကျနော်တို့ ပါတီဆိုရင် မဲဆန္ဒနယ် ၂၀ လောက်ပဲ အများဆုံး ၀င်ပြိုင်နိုင်မယ် ထင်ပါတယ်။ အချိန်လည်း မရဘူး။ ငွေကြေး လည်း အဆင်မပြေဘူး။ ကျနော်တို့အနေနဲ့ ကျိန်းသေနိုင်မယ့် နေရာတွေကို ရွေးချယ်ရမှာပေါ့”ဟု ဦးအုန်းလွင်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကသာ ဘဏ္ဍာရေး ကောင်းပြီး ရွေးကောက်ပွဲ ကော်မရှင်၏ အခွင့်ထူးခံလည်း ဖြစ်သော ကြောင့် စည်းရုံးရေးဆင်းခြင်းနှင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်းတွင် အသာစီးရနိုင်ကြောင်းလည်း ဦးအုန်းလွင်က ထောက်ပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် စသည့် နေရာများအားလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ရန် နယ်ဒေသများ၌ ဒေသခံများကို ချေးငွေထုတ်ပေးခြင်း၊ လမ်းပြင်ပေးခြင်း၊ အိမ်သုံး လျှပ်စစ်မီတာများ တပ်ဆင်ပေးခြင်း၊ လမ်းမီး ပြင်ပေးခြင်းများ စသည့် နည်းလမ်းမျိုးစုံဖြင့် မဲဆွယ် စည်းရုံးနေကြောင်း သိရှိရသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်း နောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြထားသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၂ ပါတီအနက် ၂၆ ပါတီက ပါတီဝင်အင်အားစာရင်း တင်ပြပြီးဖြစ် သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

No comments: