ဘိုဘိုလန်းစင်
(၁)
တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပြီးသမိုင်းက သက်သေခံ
ဘဘဦးရွှေအုံးဆုံးသည့် သတင်းရသည့်အချိန် ကျနော် လန်ဒန်မြို့ လယ် မြားနတ်မောင်အဝိုင်းနား ရောက်နေသည်။ ဟိုအနှစ် ၈ဝ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေး ဆွေးနွေးပွဲလုပ်ရာ စိန့်ဂျိမ်းစ် နန်းတော်နားလဲ ဖြစ်သည်။ ထိုပွဲကို စော်ဘွားကြီးများ၊ ကရင်ခေါင်းဆောင်များလဲ တက်ကြရာ ဘိုဆန်ခေတ်မီသည့် သီပေါမောင်နှံ ခန်းမထဲ ဝင်လာပုံပါသည့် သူရိယ သတင်းစာကို ယခုတိုင် မြင်နေမိသည်။ အဓိက ကချင် နိုင်ငံရေးပါတီ တခုကို ဖွဲ့ခွင့်မပေးသေးသည့် လက်ရှိကာလနှင့် နှိုင်းယှဉ်ရင်း သူ့ကျွန်ဘဝ တောင်တန်းပြည်မ ခွဲထားသည့် ခေတ်ကမှ ရှမ်းကရင် တိုင်းရင်းသား ခေါင်းဆောင်များကို လူရာ ပိုသွင်းသေးသည်ဟု အောက်မေ့ပါသည်။ ထို့ပြင် လွတ်လပ်ရေး ရခါနီး မြန်မာနှင့် တိုင်းရင်းသား ခေါင်းဆောင်ငယ်များကို လေ့လာရေး လွှတ်စဉ်က နယူးယော့ အင်ပါယာစတိတ် အဆောက်အဦးပေါ်တွင် စုရိုက်ထားသည့် ပုံလေးကိုလဲ သတိရနေမိပြန်သည်။ သံဝေဂလဲ ရမိပါသည်။ တိုင်းပြည် တည်ထောင်ရေးအတွက် သူများတိုင်းပြည်က နည်းခံရန်သွားသူတွေ ခင်းသွားကြသည့် နိုင်ငံရေးဇာတ်မှာ တိုင်းပြည်ပျက်စီးကြောင်း သင်္ခန်းစာ တခြားနိုင်ငံတွေကို ပေးနေသလို ရှိလှပါသည်။ တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပီး သမိုင်းက သက်သေခံနေတော့သည်။
(၂)
အရင် ဆယ်နှစ်ခန့်လောက်က ကျနော့်အဖွားစာရေးစားပွဲပေါ် ညှပ်ထားသည့် လိပ်စာကတ်တခုတွင် ဦးရွှေအုံးဆိုသည့် နာမည်ကိုတွေ့၍ စိတ်ဝင်တစားနှင့် ဖုန်းဆက်ကြည့်မိပါသည်။ မည်သူမည်ဝါပါဟု မိတ်ဆက်သည့်အခါ “ဒေါ်အမာကိုတော့ အကုန်သိကြတာပဲ”ဟု စကားပြန်သည်ကိုသာ မှတ်မိပါသည်။ ဘာတွေဆက်ပြောမိကြသည်မသိတော့ပါ။ ရန်ကုန်ရောက်၍ ဒေါ်တီနှင့်ဂျင်တို့၏ ကောလိပ်အကြိုသင်တန်းရှိရာ သံတမန်ကျောင်းဘက်သွားတိုင်း ဝင်ဆာလမ်းနံဘေးက ခွဲထွက်သွားသည့် ဘုရင်မ ရှင်စောပု အရိုးအိုးစေတီရှိရာ လမ်းပေါ်မှ ကျူးပစ်ဆိုသည့် ဆိုင်းဘုတ်လေးကို တွေ့တိုင်း ဘဘအိမ်ပဲဟု သိသော်လဲ ဝင်တွေ့ရန် ထင့်နေမိပါသည်။ ယခုတော့လဲ ပထမမျိုးဆက် လက်ကျန်တိုင်းရင်းသား ခေါင်းဆောင် တယောက်ကို ဆုံးခဲ့ရပါပီ။ တောင်တန်းပြည်မ သွေးစည်းရေး ပဒေသရာဇ် တိုက်ဖျက်ရေး တန်းတူပြည်ထောင်စု တည်ထောင်ရေးကို ဘဝနှင့်ရင်း ကြိုးပမ်းခဲ့သည့် ပင်လုံမျိုးဆက်တွေ တာဝန်ကို နှောင်းလူတွေက အသိစိတ်ရှိရှိ ခံယူချက်မှန်မှန်နှင့် ဆောင်ရွက်ကြဖို့ပဲ ရှိသည်။
အဘယ့်ကြောင့် ဦးရွှေအုံးကို သိချင်ရပါသနည်း။ တတိယပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် မူတွေကို တသက်လုံးရေးနေပြောနေသည့်သူတယောက်ကို လူမျိုးကြီးစစ်ပဒေသရာဇ်များခေတ်တွင် အလွန့်လူစွမ်းကောင်းဟု ဆိုရပေမည်။ သူ့ထက် ဝါရင့်သည့် ရှမ်းခေါင်းဆောင်ကြီးများပင် နောက်ပိုင်း ဘာမှမပြောကြတော့သည့်အချိန်တွင် သူက အလံမလှဲစတမ်း ခံချနေဆဲ မဟုတ်ပါလား။ နောက်ဆုံး ရွေးကောက်ပွဲဆိုသည့် ထောင်ချောက်ကို မစွံမှန်းသိသော်လဲ လက်နက်လဲမကိုင်နိုင် နော်ဝေးလဲ သွားမနေနိုင်၍ ဝင်ပြိုင်သည်ဟု ဘွင်းဘွင်းပြော၍ ပါတီထောင်ခဲ့သေးသည်။ ဘာပြောပြော အဘတို့အဖွဲ့က ကျန်သည့်ပေါက်ကျော်ရောကျော်တွေထက် လူရိုသေရှင်ရိုသေတော့ ရှိပါသေးသည်။
ဘုရားပွဲတွင် ဗုံးနှင့် တိုက်ခိုက်ခံရခြင်း၊ ရှမ်းခေါင်းဆောင်တချို့ တောခိုသည့်ကိစ္စအတွက် အဖမ်းခံရခြင်းစသည့် လွတ်လပ်ပီးခေတ် ခရီးကြမ်းများကို ပြန်ကြားရသည့်အခါ ပင်လုံအလွန် ရှမ်းသမိုင်းကို ပြန်စောကြောမိပါသည်။ မြန်မာစာပါမောက္ခဦးတင်ဧ (ရွှေနှင်းဆီ)တို့ခေတ်ကထဲက ရှမ်း-ဗမာကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု ထိစပ်နေခဲ့လေပီ။ စစ်တွင်းဒေါက်တာဗမော်ခေတ် ဂျပန်ပညာတော်သင်အဖွဲ့တွင်လဲ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စုံလင်စွာ ပါခဲ့ရုံမက ထိုသူများပင် စစ်ပီးခေတ် ဗမာပြည်ကို အနေနေရာရာက ဦးဆောင်ခဲ့ရပါသည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်စ သောင်းကျန်းမှု နှိမ်နင်းရေးတို့တွင် ဗမာ့တပ်မတော်နှင့် လက်တွဲခဲ့ကြသော စော်ဘွားမျိုးနွယ်များ ဦးစီးသည့် ရှမ်း၊ ကယားတပ်များမှာ ချင်း၊ ကချင်တပ်များနှင့် အပြိုင်းအရိုင်း ရှိခဲ့ပါသည်။ ဖဆပလ၊ ကွန်မြူနစ်ပါတီ၊ လွတ်လပ်ပီးနောက် ပမညတစသည့် ပြည်မလက်ဝဲပါတီများသို့ ရှမ်းလူငယ် ခေါင်းဆောင်များ ဝင်ထွက်နေခဲ့၏။ ယခုတိုင်လဲ အနွယ်အဆက်များ အခင်မပျက် ရှိကြဆဲ ဖြစ်သည်။ လွတ်လပ်ပီးနောက် ပဒေသရာဇ်၊ တရုတ်ဖြူနှင့် စီအိုင်အေ၊ စစ်တပ်စသည့် ဖိနှိပ်အုပ်စိုးသူများအောက်တွင် ဒုက္ခပင်လယ်ဝေကာ ခေတ်နောက်ကျကျန်ရစ်သည့် ပြည်နယ်သားတို့ ရှေ့ ရေးအတွက် အမည်ခံပြည်ထောင်စုကို ဖက်ရယ်ပြည်ထောင်စုအစစ် တည်ဆောက်ရေး ကြိုးပမ်းကြသည့် အခါတွင်ကား မျိုးနွယ်တူ ပဒေသရာဇ်ဟောင်းများနှင့် သူတို့ လက်တွဲခဲ့ရသည်။ ဤသည်ကို ခွဲထွက်ပီး ဆီးတိုးအဖွဲ့ဝင်လိမ့်မည်ဟု ဗမာနိုင်ငံရေးနှင့် သတင်းစာလောကက တံဆိပ်ခတ်ကြရုံမက အာဏာသိမ်းပီးနောက်တွင်လဲ ကာလအရှည်ဆုံး ချုပ်နှောင်ခံကြရလေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတက်သည့်အခေါက်က ရှမ်းလူကြီးများဆီက သြဝါဒခံကာ ပြည်ထောင်စုအရေး တိုင်ပင်ရသည်မဟုတ်ပါလား။ ထိုလူကြီးများအနွယ်အဆက် ခွန်ထွန်းဦးတို့ပါတီနှင့် တခြားအတိုက်အခံများ ညီညွတ်စွာနှင့် ယခုတိုင် ရွေးကောက်ပွဲလမ်းကြောင်းကို မလိုက်ပဲ ကြံ့ကြံ့ခံလျက် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်ထားဆဲ မဟုတ်ပါလား။ ရှမ်းမူမှ သွေဖီပီး ဗိုလ်ချုပ်ကြီးအစိုးရ၏ ပြည်နယ်ဦးစီးအဖွဲ့များတွင် ပါခဲ့သော ပါဝင်ခဲ့ရသော တိုင်းရင်းသားခေါင်းဆောင်အချို့ မဆလနွံထဲနစ်ပီး နိုင်ငံတော်ကောင်စီတွင် ဘားဆုံးခဲ့ရသည့်ထုံးဟောင်းသာဓကများကို ပြည်နယ်အစိုးရ လွှတ်တော်တက်ချင်နေကြသည့် ၂ဝ၁ဝ တိုင်းရင်းသားပါတီများ မမေ့သင့်ဟု ထင်ပါသည်။ သစ္စာဖောက်ဆိုသည့်စကားသည် ဘယ်ခေတ် ဘယ်လူ့အဖွဲ့အစည်းတွင်မဆို မိမိမျိုးနွယ်ဒေသအကျိုးကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားသူဟူသမျှနှင့် အကျုံးဝင်ပါသည်။
(၃)
သူ့ဘဝမှတ်တမ်းကို ဆုံးခါနီးထိ အသံသွင်းသွားသည်ဆိုသော်လဲ ဤမှတ်တမ်း ဘယ်ခါမှ ထွက်လာမည်မသိ၍ မမျှော်လင့်ရဲပါ။ ဟိုအနှစ် ၄ဝကျော်က မဟာသရေစည်သူဦးကြာပု၏ ပြည်ထောင်စုရေးရာစာတမ်း၊ နောက်ပိုင်း ရှမ်းခေါင်းဆောင်ဟောင်းတချို့ မှတ်တမ်းများမှာ ယခုထိ ပြည်တွင်းပြည်ပတွင် ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ဤသို့နှင့် “ပင်လုံစာချုပ်ဆိုတာ စက္ကူစုတ်ကြီးဖြစ်သွားပါပီ ငါ့မြေးရယ်” ဟု ရီမောပြောနေသည့် စိုင်းစိုင်းခမ်းလှိုင်တို့အဖိုး ပင်လုံဦးခွန်ထီးအသံကိုပဲ အောက်မေ့ရင်း ကတိပျက်ညစ်ပတ်သော ဗမာလူမျိုးကြီးနိုင်ငံရေးသမားစစ်ဗိုလ်တို့ ရှုပ်ခဲ့သမျှဇာတ်ကြောင်းကို တရားမျှတမှုအမြန်ဆုံးရရှိအောင် မျိုးဆက်သစ် ဗမာလူငယ်ပညာတတ် သတင်းသမားများ နိုင်ငံရေးလှုံ့ဆော်သူများတွင် တာဝန်ပိုရှိသည်ဟု ခံယူမိပါသည်။ တိုင်းရင်းသား နိုင်ငံခြားသားမခွဲခြားပဲ မြန်မာနိုင်ငံသားအခွင့်အရေးကို နေထိုင်ခွင့်ရှိသူတိုင်းသို့ တန်းတူညီမျှပေးဖို့၊ လူမျိုးတမျိုးနှင့်တမျိုး ဘာသာတခုနှင့်တခုကြား လွှမ်းမိုးသြဇာညောင်းမှု မဖြစ်ပေါ်စေရန် တတ်နိုင်သရွေ့ သတိပြုဆင်ခြင်ကြဖို့ မီဒီယာနှင့် အုပ်ချုပ်ရေးလောကက စတင်လိုက်နာနှိုးဆော်သင့်ပီဟုလဲ လူမျိုးစုံရောပြွမ်းသည့် နိုင်ငံကြီးများ ဥပမာကိုညွှန်၍ တိုက်တွန်းလိုပါသည်။ ပမာပြရလျှင် အစိုးရမီဒီယာများတွင် ဗုဒ္ဓတရားတော်များ ထုတ်လွှင့်ပေးလျှင် ကျန်သည့်ဘာသာအားလုံးလဲ ရသင့်သည်၊ လွတ်လပ်ရေးနေ့တိုင်း ဘုန်းကြီးများအား ဘွဲ့တံဆိပ်ကပ်လျှင် ဖာသာမာသာများနှင့် မူလာကြီးများ ဗြဟ္မဏဆရာများအားလဲ ချန်လှပ်မထားသင့်၊ သာရေးနာရေး လူမှုအသင်းအဖွဲ့များတွင် ဘာသာစုံလူမျိုးစုံ တန်းတူပါဝင်မှုကို အားပေးသင့်သည်။ စီးပွားရေး လူမှုရေးအကျိုးအမြတ်ရှိသမျှတွင် ဟန်ဆောင် မျိုးချစ် နေပြည်တော်အုပ်စုက အသာစီးယူ နှိုက်ထုတ်နေခြင်းကိုလဲ ပြန်တပ်ဆုတ်စေရမည်။ သို့မှသာ တိုင်းပြည်တွင် ကင်ဆာလိုလှိုက်စားနေသည့် လူမျိုးမတူသူချင်း မသိမသာနှင့် သိသာစွာခွဲခြားဆက်ဆံမှုများ လျော့ကျသွားပေမည်။
အို ဦးရွှေအုံး... ပင်လုံရာပြည့်သဘင်ကို ဗမာနှင့် တိုင်းရင်းသားများ၏ တန်းတူသော ပြည်ထောင်စု စစ်စစ်တွင် ကျင်းပ ပါရစေဟု ကျွန်ုပ် ဆန္ဒပြုပါ၏။ တိုင်းရင်းသားထိပ်သီးတချို့ ကို အရာသွင်းကျောပုတ်ရုံနှင့် ပြည်တွင်းပြည်ပတွင် သန်းနှင့်ချီ၍ ထွက်ပြေး ပုန်းရှောင်နေရသော စစ်ပြေး မျိုးနွယ်စုများ၏ ဒုက္ခက တကွမ်းစားမှ လျော့အံ့မထင်။
No comments:
Post a Comment