Sunday, August 22, 2010

ငြိမ်းချမ်းရေးအတွက် KNPP နှင့်အဆက်အသွယ်မလုပ်ရန် အကျိုးတော်ဆောင်အဖွဲ့အား လက်မှတ်ထိုးခိုင်း

ကန္တာရ၀တီတိုင်း(မ်)

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် အဆက်အသွယ်ပြုလုပ်ရန် မလိုတော့ကြောင်း ကရင်နီပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ အား ပြည်နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းသည်ဟု သိရသည်။

ယခုလ ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်၏ အဖွဲ့ဝင်အားလုံးကို ဒကစရုံးသို့ ဆင့်ခေါ်ပြီး ကေအဲန်ပီပီနှင့် အဆက်အသွယ် မပြုရန် ကတိဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။

“ကယားပြည်နယ်-ဒကစ ရုံးမှာ ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နာယက အဖွဲ့ဖြစ်တဲ့ အဘဦးစောသိန်း၊ အသက်၉၄နှစ်ရှိပြီ ဖြစ်တဲ့ အဘိုးလည်း တုန်ရီတုန်ရီနဲ့ ရုံးကို လက်မှတ်သွားထိုးတယ်။ နာယက အဖွဲ့ဖြစ်တဲ့ ဆရာတော် မောင်သောင်း၊ ဆရာတော် မောလီး။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် အားလုံးကို ခေါ်ပြီးလက်မှတ်ထိုးခိုင်းတယ်။ ပြဿနာဖြစ်လာပြီဆိုရင် အရေးယူဖို့ပဲ။ သဘောက ဆက်ပြီးအလုပ်ကို မလုပ်ဖို့” ဟု ငြိမ်းအဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

ကရင်နီပြည်တွင် ပြီးခဲ့သည့်လက လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP ဖွဲ့စည်းတည်ထောင် လိုက်ပြီးသည့်နောက် ယခုလို ပါတီနှင့်ဆက်စပ်မှုရှိသည့် အဖွဲ့အစည်းများကို အနှောက်အယှက် ပြုလုပ်နေဟုဆိုသည်။

ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ပြုထားသော ကရင်နီပြည်ကိုယ်စားပြုပါတီ NUDP အား ယခုသက်သစ်စလူငယ်များမှ ထောက်ခံအားပေးမှု အားကောင်းနေကြောင်း သို့သော် စစ်အစိုးရကြိုးကိုင်ထားသော ပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ NUDP အားလိုလားမှုမရှိကြောင်း အခြေအနေအားသိရှိထားသော လွိုင်ကော်မြို့ခံများက ပြောသည်။

စစ်အစိုးရမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့အား KNPP နှင့်တွေ့ဆုံနိုင်ရန် နယ်စပ်ဖြတ်ကျော်ခြင်းများ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီများ ထူထောင်ပြီးသည့် နောက်ပိုင်းတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်မပြုရန် တားမြစ် ထားခြင်းဖြစ်နိုင်ကြောင်း ကေအဲန်ပီပီကဆိုသည်။

ကေအဲန်ပီပီမှ အထွေအထွေ အတွင်းရေးမှူး ခူးဦးရယ်မှ “ပါတီမဖွဲ့ခင်တုန်းက ကာလတွေမှာဆိုရင် ငြိမ်းအဖွဲ့က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ဆိုပြီးတော့ တရားဝင်သွားလာ နေကြတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့နဲ့ အဆက်အသွယ် ရှိပါသေးတယ်၊ ဒါပေမယ့် ပါတီတွေလျှောက်ထားခွင့်ပြုပြီးတဲ့ နောက်ပိုင်း အခုထိဘာမှ မကြားတော့ဘူး။ ရွေးကောက်ပွဲ ဥပဒေမှာလည်း အဲ့ဒီလိုပဲသွားတယ်၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ် မလုပ်ရဆိုတာ ပါတယ်လေ” ဟု ပြောသည်။

ကရင်နီပြည်နယ်မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့သည် ကေအဲန်ပီပီနှင့် စစ်အစိုးရအကြား ပြေလည်အောင် ဆက်သွယ်ပေးနိုင်သည့် အဖွဲ့ဖြစ်သော်လည်း ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး ကေအဲန်ပီပီအတွက် တိုးတက် ပြောင်းလဲလာနိုင်သည့် အခြေအနေမရှိဟုဆိုသည်။

No comments: