Monday, August 23, 2010

တစည ရခိုင်တွင် မဲဆွယ်စည်းရုံးမူ စတင်

မောင်ရမ္မာ

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ရခိုင်ပြည်နယ်တွင် သြဂတ်စ်လ ၁၇ ရက်နေ့က စတင်ပြီး မဲဆွယ်စည်းရုံးကို လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုအခါ တစည ပါတီ အမတ်လောင်းများ အနေဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်း မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့တွင် ကျေးရွာများသို့ ဆင်းပြီး မဲဆွယ်စည်းရုံးရေး လုပ်နေပြီ ဖြစ်ကြောင်း ပါတီနှင့် နီးစပ်သူ တဦးက ပြောသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်း ကျေးရွာသား တဦးက “ မင်းပြားမှာ ရခိုင်ပြည်နယ် မင်းပြား မြို့နယ် တစည ပါတီ အမတ်လောင်း ဦးဘတင်က သြဂတ်စ်လ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ ရွာကို ရောက်ရှိလာပြီးတော့ မက်လုံး အမျိုးမျိုး ပေးပြီးတော့ မဲဆွယ်စည်းရုံးသွားခဲ့ပါတယ်” ဟု ပြောသည်။

ဦးဘတင်မှာ တစည ပါတီ အမာခံ တဦးဖြစ်ပြီး မင်းပြားမြို့ပေါ်မှ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မည့်သည့် လွှတ်တော်နေရာမှ အရွှေးခံမည်ကို မသိရှိကြောင်း အဆိုပါ ကျေးရွာသားမှ ပြောကြားသည်။

“သူက ဘယ်လွှတ်တော် အမတ် အဖြစ် အရွှေးခံမယ်ဆိုတာကိုတော့ တိတိကျကျ ပြောမသွားပါဘူး။ သူပြောတာက ခင်ဗျားတို့ ကျေးရွာမှာ လိုအပ်နေတဲ့ စာကြည့်တိုက်တွေ၊ ရေတွင်း၊ ရေကန်တွေနဲ့ လမ်းတွေကို လုပ်ဖို့အတွက် လိုအပ်တဲ့ ငွေတွေကို ထောက်ပံ့ ပေးမယ်။ ဒါပေမယ့် ခင်ဗျားတို့ ရွှေးကောက်ပွဲကျရင် တစည ပါတီကို မဲထည့်ရမယ် ဆိုပြီး ပြောသွားပါတယ်။”

ဦးဘတင် နီးစပ်သူများ အပြောအရ တစညပါတီအမတ်လောင်း ဦးဘတင်သည် သြဂတ်စ်လ ၁၇ ရက်နေ့မှ စတင်ပြီး သူ၏ ပါတီဝင်များနှင့် အတူ တစည ပါတီအတွက် မဲဆွယ် စည်းရုံးရန် မင်းပြားမြို့ပေါ်မှ ကျေးလက် တောရွာများသို့ ထွက် ခွာသွားကြောင်း သိရသည်။

ခေါင်းလောင်းချောင်း ကျေးရွာတွင် ဦးဘတင်မှ အသက်အရွယ်ကြီးရင့်ပြီး အိုမင်း မစွမ်း ဖြစ်နေသူများအား ကျပ်ငွေ ၁၀၀၀၊ လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်၊ ဆန်တစ်အိတ်စီ လှူဒါန်းသွားကြောင်း သိရသည်။

တစညပါတီ အမတ်လောင်း ဦးဘတင်သည် ခေါင်းလောင်းချောင်းကျေးရွာမှ အပြီးတွင် ယခုအခါ တခြားကျေးရွာများဖြစ်သော အိုင်ဝန်း၊ ဇီးကိုင်း၊ သက်ပုန်း၊ ဥတ္တရာကျေးရွာများတွင် ဆက်လက် မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တိုင်းတွင် နအဖ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးရေး လုပ်နေကြပြီ ဖြစ်သော်လည်း ကျန်ပါတီများ အနေဖြင့် အဆိုပါ ပါတီ ၂ ခုကဲ့သို့ မဲဆွယ် စည်းရုံးရေး မလုပ်နိုင်ဘဲ ရှိနေသေးကြောင်း သိရသည်။

No comments: