Wednesday, August 25, 2010

အမတ်နေရာ (၇) ခု သာ UDPKS ပါတီ ၀င်ပြိုင်မည်

KNG

ကချင်ပြည်နယ်မှ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UDPKS သည် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ငွေကြေးအခက်အခဲကြောင့် အမတ်လောင်း (၇) ဦးသာ ဝင်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃) နေရာအတွက် မြစ်ကြီးနား၊ မိုးမောက် နှင့် တနိုင်းမြို့နယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) နေရာအတွက် အင်ဂျန်းယန် နှင့် ဝိုင်းမော်မြို့နယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂) နေရာအတွက် အင်ဂျန်းယန် နှင့် ချီဖွေ မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ အတွင်းရေးမှူး၊ အဆိုတော် ဦးဖောင်လားကမ်ဖန် ပြောသည်။

ဦးဖောင်လားကမ်ဖန်က “အစိုးရကပေးတဲ့ အခွင့်အရေးပဲလေ၊ ဒီလောက်လုပ်နိုင်မယ်တောင် ထင် မထားဘူး၊ လုပ်နိုင်သလောက်ပဲ လုပ်သွားမှာပါ။”

UDPKS အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနာမည်စာရင်း ပြုစုထားပြီးဖြစ်သော်လည်း ယနေ့ထိ တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း သူကပဲ ယခုလိုဆက်ပြောသည်။

”ဗုဒ္ဒဟူးနေ့မှ နေပြည်တော် သွားမယ်၊ အစည်းအဝေးက လုပ်နေရတုန်း၊ ဒီနေ့ရော မနေ့ရော လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်ပြီးစည်းဝေးနေတာ၊ ခုတော့ ပြီးပြီ၊ အဆင်သင့်ဖြစ်ပါပြီ။”

UDPKS ပါတီသည် ပါတီဝင်အင်အားစုမှာ ၉၀၀ ကျော်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းနှင့်အတူ ပါတီဝင်အင်အားစုများကိုပါ တပါတည်း စာရင်းသွင်းမည်ဖြစ်ကြောင်း ပါတီအရာရှိများ ပြောသည်။

မြန်မာစစ်အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် နှင့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းတို့မှ ကချင်ပါတီ အသစ် တစ်ခုထူထောင်ရန် အကြံပေးတိုက်တွန်းမှုအရ UDPKS ကိုထူထောင်ခြင်းဖြစ်သည်။

ဤပါတီခေါင်းဆောင် ဒူဝါခက်ထိန်နန်နှင့် ပါတီအရာရှိအားလုံးသည် အစောပိုင်းက မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပါတီဝင်များဖြစ်ကြသည်။

UDPKS သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် (၂၃) ရက်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်ထားရာ (၁၀) ရက်အကြာ သြဂုတ် (၂) ရက်နေ့တွင် ရရှိခဲ့သည်။ ယခုချိန်ထိ UDPKS သည် တခုတည်းသော ရွေးကောက်ပွဲ ၀င်ခွင့်ရရှိသည့် ကချင်ပါတီလည်းဖြစ်သည်။

စစ်အစိုးရနှင့်ပတ်သက်ဆက်နွယ်မှုမရှိသည့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိ ခွဲ-ကချင်ပြည်နယ် (Kachin Sub-state) တို့မှ ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် စုစုပေါင်း ကချင်ပါတီ (၃) ခုတို့မှာ ယခုချိန်ထိ ပါတီတည်ထောင်ခွင့် မရသေးပါ။

၎င်းတို့မှာ ယခင် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒု-ဥက္ကဌ အဆင့် (၂) ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) နှင့် Kachin Sub-state မှ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP) တို့ဖြစ်သည်။

လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း နှင့် လွှတ်တော်အသီးသီး အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို သြဂုတ် (၁၆) မှ (၃၀) ကြား တင်သွင်းကြရန် သြဂုတ် (၁၃)၊ သောကြာနေ့တွင် စစ်အစိုးရက ထုတ်ပြန်ကြေငြာခဲ့သည်။

No comments: