Sunday, August 22, 2010

စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း

အကုန်ပြင်ဆင်ပြီးမှ စိန်ခေါ်လိုက်တယ်ဆိုတာ ဘယ်သူမှမငြင်းတာ သေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ပြောရရင် သူ့သတ်ကွင်းထဲ ၀င်လာအောင် လုပ်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီလိုအရေးပါလှတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်အားဖြင့် (၂) လနဲ့ (၂၃) ရက်ကြီးများတောင် ပေးထားတယ်။ တချို့က ပါတီထောင်ခွင့်ရတာမှ ရက်ပိုင်းရှိသေးတယ်။
နအဖစစ်အစိုးရက ဗြုန်းစားပဲ နိုဝင်ဘာလ (၇) ရက်လို့ သတ်မှတ်ကြေညာလိုက်တော့ လူတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ကလွတ်မယ့်ရက် မတိုင်ခင် စီစဉ်တာပဲဆိုတာကို ပြေးမြင်မိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလည်း သူက ဒီအတုအယောင်ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူးဆိုတာ အားလုံးသိနေလျက်နဲ့ နအဖဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် ကြောက်လန့်နေကြတာလဲဆိုတာ စဉ်းစားစရာပါ။ မလုံတဲ့အမိုး တုတ်ထိုးရုံနဲ့ပြဲ ဆိုတာလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က ထွက်ရတဲ့နောက် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောလာဆိုလာမှာကို ကြောက်လို့ဖြစ်ပါတယ်။ သေချာနေတာက နအဖစစ်အစိုးရဟာ စိန်ခေါ်တယ်ဆိုပေမယ့် သူတို့ကြောက်တဲ့အရာတော့ ရှိသေးတယ်ဆိုတာ ဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုက ဒီတခါ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေသတ်မှတ်ပုံပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် သူတို့က မဲဆန္ဒနယ်ကို မြို့နယ်တွေအခြေခံပြီး သတ်မှတ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ်လာမလဲ။ ဘာလို့ ဒီလိုလုပ်တာလဲ။ လက်တွေ့ဖြစ်လာမှာပေါ်ကနေပဲ ပြောပါ့မယ်။ အလွယ်ဆုံးပြောရရင် မဲဆန္ဒနယ်တွေဟာ လူဦးရေအပေါ် အခြေခံပြီး သတ်မှတ်တာမဟုတ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုမှုဟာ လူအပေါ်မှာ အခြေခံတာမဟုတ်ဘဲ နအဖရဲ့ လူတွေ အကျိုးရှိမှုအပေါ်မှာ အခြေခံတာဖြစ်နေပါတယ်။

လူဦးရေအရပြောရရင် မချမ်းဘော မြို့နယ်က (၈,၀၀၀)၊ မြို့နယ်က (၅,၅၀၀) လောက်သာရှိပြီး ခေါင်လံဖူးမြို့နယ် ဆိုတာကလည်း ထောင်ဂဏန်းလောက်သာ ရှိတာပါ။ မန္တလေးက မြို့နယ်တွေကတော့ လူဦးရေ သိန်းချီရှိကြတာပါ။ ဒီတော့ ဒါတွေကို တတန်းထည်းထားတယ်ဆိုတာ ကျိုးကြောင်းဆီလျော်တယ်လို့ ဆိုနိုင်ပါ့မလား။ အခုအတိုင်းဆိုရင် လူဦးရေ (၁၂) သိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်က အမတ် (၁၈) ယောက်၊ လူဦးရေ (၂၆) သိန်းကျော်ရှိတဲ့ မကွေးပြည်နယ်က အမတ် (၂၅) ယေက်၊ လူဦးရေ (၄) သိန်း (၈) သောင်းရှိတဲ့ ချင်းပြည်နယ်က (၉) ယောက် ထွက်လာမှာပါ။ အချိုးသဘောပြောရရင် ကချင်ပြည်နယ်မှာ လူဦးရေ (၆) သောင်းကျော်ကို အမတ် (၁) ယောက်၊ မကွေးတိုင်းမှာ လူဦးရေ (၁) သိန်းကျော်ကို အမတ် (၁) ယောက်၊ ချင်းပြည်နယ်မှာတော့ လူဦးရေ (၅) သောင်းကို အမတ် (၁) ယောက်က ကိုယ်စားပြုတာဖြစ်ပါလိမ့်မယ်။ အခု တင်ပြခဲ့တဲ့ လူဦးရေဆိုတာ လူဦးရေအားလုံးကို ပြောတာပါ။ မဲပေးနိုင်သူဦးရေ မဟုတ်သေးပါဘူး။ တဆက်တည်း ထောက်ပြ သင့်တာက လူဦးရေ မပြောစလောက်သာရှိတဲ့ ကြပ်ပြေးမှာကျတော့ အမတ်နေရာ (၅) နေရာတောင် သတ်မှတ်ထားတာ၊ ကချင်ပြည်နယ်က အမတ်ဦးရေဟာ ကရင်ပြည်နယ်ရဲ့ နှစ်ဆခွဲလောက် ဖြစ်နေတယ်ဆိုတာတွေပါပဲ။

ဒီအခြေအနေတွေက ဘာကိုပြနေသလဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေကို အထူးနေရာပေးနေတာ၊ ဂရုစိုက် နေတာလား။ မဟုတ်ရေးချမဟုတ်ပါဘူး။ အဲဒီ တချို့လူမျိုးစုနယ်မြေတွေမှာက စစ်တပ်က အတင်းဝင်ဖိနှိပ်ထားတာ၊ လူထုကို စစ်တပ်သဘောကျ အတင်းအကျပ် မဲပေးခိုင်းလို့ရတဲ့ အနေအထားမှာရှိတယ်။ သူတို့ရဲ့ ဒီလိုအစွမ်းကို အဆင်မပြေဖြစ် နိုင်စေလောက်တဲ့ ကချင်တိုးတက်ရေးပါတီလိုဟာကိုတော့ ပါတီဖွဲ့ခွင့်မပေးဘဲထားလိုက်တယ်။ အဲဒီလို သူတို့နိုင်ဖို့ သေချာတယ်လို့ ထင်တဲ့နေရာတွေမှာ မဲဆန္ဒနယ်တွေ ပိုသတ်မှတ်ထားလိုက်တာသာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သမိုင်းပြဿနာတွေကို နည်းနည်းမှထည့်စဉ်းစားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီလိုရွေးကောက်ပွဲကိစ္စကနေ တင်ကျန်ရစ်တဲ့ ရိုဟင်ဂျာပြဿနာဟာ ကနေ့အထိ ရှင်းလို့မပြီးဘူး မဟုတ်ပါလား။ နောက်ပြီး ဗိုလ်နေ၀င်းတို့က စစ်သားကောက်ကောင်းအောင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ကိစ္စ။ ဒါ့အပြင် တခြားဒေသတွေမှာလည်း မပြီးမပြတ်သေးတာတွေ၊ ထပ်ပေါ်လုဆဲဆဲဖြစ်နေတာတွေက မနည်းပါဘူး။ ဒါတွေက ဖော်ပြနေတာကတော့ တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ဘာမဆိုလုပ်လို့ရတယ်၊ လက်နက်ရှိတဲ့လူဟာ ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့အခြေအနေပါပဲ။ ဒီကနေဆက်ပြီး တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဆို နိုင်စေချင်လို့ဖြစ်တယ်၊ လက်နက်ရှိတဲ့လူဟာ ဘယ်သူ့ကို မဆိုမဲပေးခိုင်းလို့ ရတယ်ဆိုတာကို ဖော်ပြပါလိမ့်ဦးမယ်။

ပြည်သူတွေဘက်ကပြောရင် ဒါတွေဟာ မျှော်မှန်းမထားတာ၊ တွက်မထားတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လိမ်သူ မဟုတ်ရင် အလွယ်ကြိုမြင်နိုင်တဲ့ အချင်းအရာတွေသာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြံ့ဖွံ့နဲ့တစညတို့ရဲ့ လိမ်ဆင်တိုက်ပွဲပဲ ဖြစ်မှာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ တိုက်ကြက်တွေအတွက် အနာခံလေ့ကျင့်ပေးရတဲ့ “ခွပ်လက်ခံ” တွေလိုပဲ ဖြစ်မှာပါ။ နအဖအနေနဲ့ စေတလုံးရနေတာ၊ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ သူ့ခြေသူ့လက်ချည့်ဖြစ်နေတာလို့ ထင်ပြီး စိတ်ဓာတ်ကျ၊ အားပျက်ဖို့မလိုပါဘူး။

ဒီနေ့ နအဖက ရွေးကောက်ပွဲလုပ်တာမှာ ၁၉၇၄ ခုနှစ်တုန်းက မဆလလောက် မီးသေတယ်လို့ ဆိုနိုင်လို့လား။ အဲဒီတုန်းက အတိုက်အခံရယ်လို့ (ဥပဒေအတွင်းမှာ) တယောက်မှမရှိ၊ ပြည်ပမီဒီယာတွေကနေ မတူတဲ့လေသံတွေလွှင့်ပေး နေတာတွေလည်း မရှိပါဘူး။ ဒီလိုနဲ့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီဟာ ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲမှာ ခွင်လုံးကျွတ်အနိုင်ရခဲ့ ပါတယ်။ ဒါပေမယ့် မဆလက တပြည်လုံးမှ တနေရာမကျန် နိုင်သွားလို့ တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဘ၀တွေ ပိုကောင်းလာပါသလား။ ဝေလားဝေးမဟုတ်လား။ အဲဒီတော့ ဘာဖြစ်လာသလဲ။ မြန်မာပြည် အလုပ်သမားသမိုင်းမှာ ဂုဏ်ပြောင်လှတဲ့ ၁၉၇၄ ပြည်လုံးကျွတ် အလုပ်သမားသပိတ်တွေ ပေါ်လာတော့တာပါပဲ။ ဒီလိုနဲ့ ရွေးကောက်ပွဲနိုင်ကာစ၊ တောင်ရှည်ပုဆိုးဝတ်ကာစ ဗိုလ်ချုပ်တွေ သွေးပျက်ခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၉၇၅၊ ၁၉၇၆ သပိတ်တွေ တချီပြီးတချီ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ အားလုံးဟာ မိုးပြိုမြေသိမ့်တိုက်ပွဲတွေပါ။ ရှစ်လေးလုံး အရေးတော်ပုံဟာ အဲဒီတိုက်ပွဲတွေရဲ့ အဆက်ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုလည်းပဲ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့အစိုးရလုပ်လာမယ့် ခေါင်းပေါင်းဝတ် စစ်အုပ်စုဝင်တွေကို လူထုရဲ့အင်အားကို မြည်းစမ်းစေရပါမယ်။ ဒင်းတို့ကို ချက်ချင်းစိန်ခေါ်နိုင်အောင် အခုကတည်းက ပြင်ရပါမယ်။ မလိုအပ်ဘဲ ကိုယ့်အင်အားတွေ မဆုံးရှုံးအောင် ထိန်းသိမ်းရပါမယ်။ နအဖရဲ့ခွင်ထဲကို ကိုယ်က တိုးဝင်တာ မဟုတ်ဘဲ ဒင်းတို့ကို ကိုယ့်ခွင်ထဲ ခေါ်သတ်တဲ့အခြေအနေရောက်အောင် တည်ဆောက်ပြင်ဆင်ကြရပါမယ်။ ဒါ့အပြင် ရွေး ကောက်ပွဲအကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ပြည်တွင်းပြည်ပ နိုင်ငံရေးလှိုင်းလုံးများကို ကျော်လွှားဖို့လည်း ပြင်ဆင်ရပါ တော့မယ်။

မှန်တာပြောရရင် အတိုက်အခံတွေအဖို့လည်း စိတ်ကူးယဉ်လို့မရတော့တဲ့ အခြေအနေကို ရောက်သွားပါပြီ။ လက်တွေ့ ရဲဝံ့စွာ ရင်ဆိုင်ကြပါစို့။

No comments: