Wednesday, August 25, 2010

အကျဉ်းသား (၁၂၀) ကျော် အင်းစိန်ထောင်မှလွှတ်ပေး

တက်လူ / ၂၅ သြဂုတ် ၂၀၁၀

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၂၀) ကို အင်းစိန်အကျဉ်းဦးစီးက သြဂုတ် (၂၄) ရက်နေ့တွင် လွှတ်ပေးလိုက်ကြောင်း အင်းစိန်ထောင် တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်၌ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၇၀၀) ကျော်ကို သီတဂူဆရာတော် ဦးဉာဏိဿရက တရားဟောကြားခဲ့ပြီးသည့်နောက်ပိုင်း ယခုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာတော်က သူဟောတဲ့တရားတော်မှာ အကျဉ်းသားတွေကို လွှတ်ပေးဖို့ရှိတယ်ဆိုတာ ထည့်ပြောသွားတယ်။ အခုလွှတ်တာတွေကတော့ နှစ်ကြီးသမားတွေလည်းပါတယ်။ အမျိုးသမီး (၅၀) ကျော်နဲ့ အမျိုးသား (၆၀) ကျော်ပါဝင်တယ်။ မကြာခင်မှာလည်း ထပ်လွှတ်ပေးဦးမှာပါ” ဟု အဆိုပါ အင်းစိန်ထောင် တာဝန်ရှိသူက ပြောသည်။

ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများအနက် လွတ်ရက်စေ့သော အကျဉ်းသားများလည်း ပါဝင်ကြောင်း၊ သို့သော် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိဟု သိရသည်။

“နိုင်ငံရေးအကျဉ်းသားလို့တော့ သီးသန့်မှမရှိတာ၊ အကျဉ်းသားတွေအားလုံးက အတူတူပဲလေ” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ယခုနှစ်အတွင်း ပြီးခဲ့သည့်လများတွင် ကဗျာဆရာ ကိုစောဝေ၊ ကိုမြတ်စံ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းထိန်တို့ ပြန်လည်လွတ်မြောက်ခဲ့သည်။

နအဖစစ်အစိုးရသည် နိုင်ငံတကာဖိအားများနှင့် ပြည်တွင်းအခြေအနေများအပေါ် မူတည်ကာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးနှင့်ပတ်သက်သော အကျဉ်းသားပေါင်း (၂,၀၀၀) ကျော်ခန့် ရှိနေသည်ဟု အမည်မဖော်လိုသော အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားသည်။

No comments: