Sunday, August 29, 2010

စစ်တိုင်းမှူးနှင့်တပ်မမှူးများ တပ်တွင်း နေရာပြောင်းရွေ့

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင် သန်းထွဋ် အပါအ၀င် တပ်မ ၅ ခုမှ တပ်မမှူးများ သြဂတ်စ် ၂၇ ရက် တပ်တွင်းနေရာပြောင်းရွေ့မှု ပြုလုပ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ တဆင့် သိရသည်။

ပြောင်းရွေ့လိုက်သည့် တပ်မမှူးများမှာ ၂၂ ၊ ၃၃ ၊ ဂဂ ၊ ၉၉ နှင့် ၁၀၁ တပ်မမှူးများ ဖြစ်ပြီး လက်ရှိ ကိုးကန့်ဒေသ၌ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောက ရမခ တိုင်းမှူး နေရာဝင်ရောက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကစထမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဟု သိထားသော်လည်း ကစထ အမှတ် အတိအကျမသိရသေးကြောင်း လားရိုးစစ်တိုင်းရုံးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“အခု လောက်ကိုင်မှာ ရောက်နေတဲ့ တပ်မ ၃၃ မှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောက ရမခတိုင်းမှူးဖြစ်သွားပြီ တိုင်းမှူး ကတော့ ကစထမှူးဖြစ်မယ် ဘယ်ကစထမှူးလည်းတော့မသိဘူး ပြောင်းတာတွေကတော့များတယ် အတိအကျမသိဘူး ” ဟု သူက ပြောသည်။

“အခုတိုင်းမှူး အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။ ဒီနေ့ ၆ ယောက်ပြောင်းမယ်လို့ သိရတယ် အောင်သန်းထွဋ် ၊ ဝေလွင် ၊ မြင့်စိုးသတင်းတော့ ထွက်နေပြီ။ ကျန်တဲ့သူတွေ ဘယ်သူမှန်းမသိသေးဘူး ” ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း ပြောသည်။

ကျန်တပ်မမှူးများ ဖြစ်သည် ၁၀၁ တပ်မမှူး ဗမက စိန်ဝင်းက သံအမတ်ကြီးနေရာ ရောက်ရှိပြီး တပ်မ ၉၉ မှူးက ကမ်းရိုးတန်းတိုင်းမှူး အဖြစ်လည်းကောင်း၊ တပ်မ ဂဂ မှူးသည် တောင်ပိုင်းတိုင်းမှူးအဖြစ် လည်းကောင်း၊ တပ်မ ၂၂ မှူးက အနောက်တောင်တိုင်းစစ်ဋ္ဌာချုပ် တိုင်းမှူးအဖြစ် အသီးသီး ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

နအဖတပ်အတွင်း ရာထူးပြောင်းရွေ့မှုများ ပြုလုပ်နေရာ ယခုလလယ်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၁၀ ဦးခန့် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

No comments: