Sunday, August 22, 2010

ဝနှင့် မိုင်းလားထိပ်ပိုင်း ခေါင်းဆောင်များအား နအဖထပ်ဆင့်ခေါ်

မွေခေါဝ်

နအဖဘက်မှထပ်မံဆင့်ခေါ်ချက်အရ UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ အရာရှိများ ယနေ့နံနက်၌ သွားရောက် တွေ့ဆုံကြောင်း စုံစမ်းသိရှိရပါသည်။

“မနေ့ ၀ တပ်က နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌဗိုလ်လာခမ်းနဲ့အဖွဲ့ဝင် ၇-၈ ယောက် ပန်ဆန်းဌါနချုပ်ကနေ မန်းဆိုင်ကို ခရီးထွက်လာပြီးတစ်ညအိပ်တယ်။ ဒီနေ့မနက်တန့်ယန်းကို ခရီးဆက်တယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၁၇ ရက်၌ စရဖချုပ်ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ၀ ခေါင်းဆောင်များအား တန့်ယန်း၌လည်းကောင်း၊ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက မိုင်းလား ခေါင်းဆောင်များအား ကျိုင်းတုံ၌လည်းကောင်း သြဂတ်စ် ၂၀ ရက်သွားရောက်တွေ့ဆုံရန်ဆင့်ခေါ်ထား သည်ဟု ဆို၏။

စရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ရဲမြင့်က ယနေ့နံနက် ၁၀ နာရီ တန့်ယန်း၌ သွားရောက်တွေ့ဆုံစေလိုကြောင်း၊ ဥက္ကဋ္ဌ ပေါက်ယူချမ်း ကိုယ်တိုင်သွားရောက်တွေ့ဆုံရန် မှာကြား ထားကြောင်း လားရှိုးရောက်တန့်ယန်း ဒေသခံတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“ဗိုလ်ချုပ်ရဲမြင့်က ပေါက်ယူချမ်းကို သွားတွေ့ဖို့ မှာထား တယ်။ ဒါပေမဲ့ ပေါက်ယူချမ်း ပန်ဆန်းမှာမရှိဘူး။ နေလဲ မကောင်းဘူးတဲ့။ ပြောရေးဆိုခွင့်ရှိတဲ့ ဘာသာပြန် ဦးအောင်မြင့် ခေါ် လီဇူးလျဲ့လဲ ခရီးလွန်နေတယ်။ ဘာမှတင်ပြ စရာမရှိဘူးတဲ့။ နအဖပြောတာဘဲ သွားနားထောင်မယ်လို့ကြားတယ်”

ထို့အတူမိုင်းလားတပ်လည်း ယနေ့နံနက်၌ ကျိုင်းတုံသို့ရောက်ရှိလာပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်ကျိုင်းတုံသားတစ်ဦးကပြောပါသည်။

“ဒီနေ့နံနက် ကျိုင်းတုံကို လာကြတယ်။ အလယ်အလတ်အဆင့်အရာရှိတွေနဲ့ အဖွဲ့ဝင်တချို့ဘဲလာတယ်။ ဥက္ကဋ္ဌ စ၀်စိုင်းလင်းလဲ မိုင်းလားမှာမရှိဘူးတဲ့။ လာနေကျဒုဥက္ကဋ္ဌ ဦးစန်းပေနဲ့ဦးဆန်လူတို့ နှစ်ယောက်လဲမလာဘူး” ဟု ၎င်းကဆက်လက်ပြောပါ သည်။

နိုင်ငံရေးလေ့လာသူများက ယခုတွေ့ဆုံပွဲသည် ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်တပ်ကိစ္စအတွက် ပြောဆိုမည်ဟု ယူဆရကြောင်း သုံးသပ်ကြသည်။

နအဖနှင့်သွားတွေ့မည့်ကိစ္စကို သြဂတ်စ် ၁၈ - ၁၉ ရက်၌ ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့တို့ အစည်းအဝေးကိုယ်စီ ကျင်းပကြောင်း သိရှိရသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်း၊ တန့်ယန်းအခြေစိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်တို့နှင့် ၀ ခေါင်းဆောင်ပိုင်းများ ဂျွန် ၂၂ ရက်နေ့ ပန်ဆန်းသို့ နောက်ဆုံးသွားရောက်တွေ့ဆုံခဲ့ကြသည်။

No comments: