Monday, August 23, 2010

မြဝတီမြို့တွင် ဂတ်စ်အိုးများ ပေါက်ကွဲ

သန်းထိုက်ဦး Monday, August 23, 2010

ကရင်ပြည်နယ် မြ၀တီမြို့ရှိ အထက်တန်းကျောင်း အနီးတွင် ယမန်နေ့ည ၈ နာရီကျော်က ဂတ်စ်အိုးများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုသူ မျက်မြင်တဦးက ပြောသည်။

ယင်း ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ အိမ် ၃ လုံးနှင့် စာသင်ကျောင်း၏ အနောက်ဘက် ပြတင်းပေါက်များ မီး လောင်ကျွမ်းခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ် ၃ ဦးသည် ယခုအခါ ဆေးရုံ၌ ဆေးကုသခံယူနေကြောင်း ၎င်းက ဆိုသည်။

ဂတ်စ်အိုးများကို မှန်လုံကားပေါ်သို့ တင်ဆောင်နေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ဂတ်စ်အိုးများကို မြ၀တီမြို့မှတဆင့် ကရင်ပြည်နယ် အပါအ၀င် မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော နေရာကို မြ၀တီမြို့ရှိ မီးသတ်ကား ၂ စီးနှင့် သင်္ကန်းညီနောင်မှ မီးသတ်ကား ၂ စီးတို့က ၂ နာရီကြာ လာရောက် ငြိမ်းသတ်ခဲ့ကြောင်း၊ ယနေ့တွင် ဂတ်စ်အိုး ပေါက်ကွဲခဲ့သည့် နေရာကို အာဏာပိုင်များက လုံခြုံရေးများ ချထား၍ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မြ၀တီဒေသခံ တဦးက “ပေါက်ကွဲတဲ့ အသံကို ရွှေကုက္ကိုတို့ ဘာတို့ကနေ ကြားတယ်။ နဂိုကတည်းက နိုင်ငံရေးက ရုတ်ရုတ် ရုတ်ရုတ်ဆိုတော့ အခြေအနေ မကောင်းတော့ဘူးလား၊ တိုက်ပွဲဖြစ်သလား အောက်မေ့ပြီးတော့ လှမ်းမေးကြတယ်” ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရသည်။

No comments: