Saturday, August 21, 2010

ဆရာမက ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်

ရိုးမ ၃၊

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ကျောင်းဆရာမ တဦးက ၎င်းထံတွင် ကျူရှင်မတက်သည့် ကျောင်းသားတဦးအား အငြိုးထား ရိုက်နှက်မှုကြောင့် မိဘများအနေဖြင့် စိုးရိမ်မိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။မရမ်းကုန်း အမက (၉)မှ ဆရာမက အဆုတ်ရောဂါအခံရှိသည့် သူငယ်တန်းကလေးငယ်ကို ရိုက်နှက်သဖြင့် မိဘများအနေဖြင့် ရောဂါပြန်ဖြစ်လာမှာ စိုးရိမ်နေခြင်းဖြစ်သည်။

“သူတို့ဆီမှာ ကျူရှင်မတတ်တဲ့ ကလေးဖြစ်လို့ အမျိုးမျိုးအပြစ်ရှာပြီး ကလေးနဲ့မတန်အောင် ရိုက်တာ၊ ရိုက်တာကလည်း ကလေးရဲ့ ကျောကုန်းကို ရိုက်တာ၊ ကလေးမှာ အဆုတ်ရောဂါရှိတယ်၊ ဆရာမက ကျောကုန်းကိုယ်ရိုက်တော့ အဆုတ်ရောဂါ ပြန်ထမှာကို မိဘလုပ်တဲ့သူက စိုးရိမ်းတာပေါ့” ဟု ပြောသည်။

ကလေးမိဘများအနေဖြင့် သားသမီးကို ကျူရှင်ထားချင်သော်လည်း စီးပွားရေး မပြေလည်မှုနှင့် စားဝတ်နေရေးကြပ်တည်းမှုကြောင့် မတက်နိုင်သည့်အခြေအနေတွင် ယခုကဲ့သို့ နောက်ဆက်တွဲ ပြဿနာများဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

“အခုသူတို့က ကျူရှင်မတတ်တဲ့ ကလေးတွေကို မဲပြီးရိုက်နေသလိုဖြစ်နေတယ်၊ လူတိုင်းကတော့ ကိုယ့်သားသမီးကိုယ် ကျူရှင်တွေ ထားချင်တာပေါ့၊ ဒါပေမယ့် အဆင်မပြေတော့ မထားနိုင်ကြဘူး။ ဒီလိုဖြစ်တာအပြင် အကောက်အခွန်တွေလည်း မတရားတောင်းနေကြတော့ အခုမြန်မာနိုင်ငံရဲ့ ပညာရေးက ရွှေနဲ့ဆက်ဝယ်ရမလိုဖြစ်နေပြီ၊ ကျောင်းသားမိဘတွေလည်း တအားငြီးနေကြပြီ” ဟု ဆက်ပြောသည်။

ထို့အပြင် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးကောက်ခံမှုများ၊ လာဘ်ပေးလာဘ်ယူမှုနှင့် ဘက်လိုက် သင်ကြားမှုများလည်း ရှိနေသည့်အတွက် ငွေကြေးမတက်နိုင်သူများ၏ သားသမီးများ ပညာရေးမှာ စိုးရိမ်စရာအခြေအနေများနှင့် ကြုံတွေ့နေရလျှက်ရှိသည်။


No comments: