Wednesday, August 25, 2010

ရွေးကောက်ပွဲ ဖျက်သိမ်းရေး လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ဒီအေဘီ ပြောကြား

ရဲရင့် / ၂၅ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲဖျက်သိမ်းရေး လှုပ်ရှားမှုများကို အပစ်ရပ်အင်အားစုများနှင့်လက်တွဲကာ အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမည်ဟု မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) က ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ဆဌမအကြိမ်မြောက် ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဆဌမအကြိမ်ညီလာခံတွင် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ပဒိုစောအားတိုးက “၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းရေးကို အပစ်ရပ်အင်အားစုများနဲ့ လက်တွဲပြီး လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီညီ ပေါင်းစပ်နိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့်ပြီး လုပ်ငန်းလမ်းစဉ် (၇) ရပ်ချမှတ်ထားတာရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

စစ်ရေးနိုင်ငံရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒီအေဘီ ဥက္ကဋ္ဌက အသေးစိတ်ဖြေကြားရန် ငြင်းဆိုခဲ့ပြီး စစ်အုပ်စု အမြန်ဆုံးဖျက်သိမ်းရေး အပါအ၀င် ညီလာခံက ချမှတ်ထားသည့် မဟာဗျူဟာလုပ်ငန်းစဉ်များကို လက်ရှိအနေအထားများထက် တိုးမြှင့်လုပ်ဆောင်သွားမည်ဟုသာ ပြောကြားသည်။

ကိုယ်စားလှယ် (၄၁) ဦး တက်ရောက်သည့် ညီလာခံကို ယခုလ (၂၁) ရက်နေ့မှ (၂၄) ရက်ထိ ကျင်းပခဲ့ပြီး ဒီအေဘီ အဖွဲ့ဝင်သစ်အဖြစ် အမေရိကန်အခြေစိုက် (Burma Point) အဖွဲ့ကို ညီလာခံမှ အတည်ပြုလိုက်သည်။

ဒီအေဘီအဖွဲ့ဝင် (၂၆) ဖွဲ့ရှိသည့်အနက် အဖွဲ့ (၂၀) မှ ကိုယ်စားလှယ် (၄၁) ဦး ညီလာခံ တက်ရောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၁၁) ဦး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများကို ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။

ညီလာခံအပြီး ထုတ်ပြန်သည့်ကြေညာချက်၌ ယနေ့ကာလတွင် စစ်အုပ်စုသည် အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားများအား ဖိအားမျိုးစုံပေး၍ ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဖြစ်ရေး ကိစ္စရပ်များအား ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိကြောင်း၊ နအဖစစ်အုပ်စုသည် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ ပြီးစီးပါက ယင်းကိစ္စရပ်များအား ပိုမိုပြင်းထန်စွာ ဆောင်ရွက်လာမည်ကို အပစ်ရပ် အင်အားစုများအနေဖြင့် သတိချပ်ပြီး ဖြစ်လိမ့်မည်ဟု ယူဆကြောင်း၊ မဒမခ အနေဖြင့် ညီနောင်အပစ်ရပ်များနှင့် လက်တွဲ၍ ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းရေးလှုပ်ရှားမှုနှင့် ၂၀၀၈ ဖွဲ့စည်းပုံ တိုက်ဖျက်ရေးကို ယနေ့ကာလမှစတင်၍ ဆောင်ရွက်လိုကြောင်း ထပ်မံဖော်ပြလိုက်သည်ဟု ပါရှိသည်။

(၃) နှစ်တကြိမ် ကျင်းပသည့်ညီလာခံတွင် ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒု-ဥက္ကဋ္ဌ ဦးအေးဆောင်၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးဝင်း တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၁၁) ဦးတို့ကို ရွေးချယ်ခဲ့သည်။

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) ကို ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဒီအေဘီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရက်တစ်တိုက်ပွဲဝင်ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှစ်လေးလုံးဒီမိုကရေစီလှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် မျိုးဆက်များ အပါအ၀င် မဟာမိတ်အဖွဲ့ (၂၆) ဖွဲ့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့၏ဦးတည်ချက်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။


No comments: