Thursday, August 26, 2010

ဘုရားသုံးဆူ ပေါက်ကွဲမှု ထပ်မံဖြစ်၊ စစ်သား ၄ ဦး ဒဏ်ရာရ

သန်းထိုက်ဦး Thursday, August 26, 2010

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူ မြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီခန့်က RPG ရော့ကက် လောင်ချာတွင် တပ်ဆင် ပစ်ခတ်သည့် ဗုံးသီး ပေါက်ကွဲခဲ့ရာ နအဖ တပ်သား ၃ ဦးနှင့် စစ်အင်ဂျင်နီယာ တဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဘုရားသုံးဆူမြို့နယ် အမှတ် (၄) ရပ်ကွက် တွင် ယင်း RPG ဗုံးသီးကို တွေ့ရှိရသည့်နေရာမှ ယူဆောင်၍ လူများနှင့် အလှမ်းဝေးရာ မြေကြီးတွင်း၌ မြှုပ်ရန် တွင်းထဲသို့ ချလိုက်စဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုံးကို တွေ့တဲ့ နေရာကနေ ဖယ်ရှားပြီးတော့ မြေကြီးထဲ မြှုပ်ဖို့ စစ်အင်ဂျင်နီယာက လုပ်နေတုန်းမှာ ပေါက်ကွဲသွားတာ ဖြစ်ပါ တယ်” ဟု မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ဗုံးသီး ပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူ တောင်ကြားတွင် အခြေစိုက်သည့် ခြေလျင်တပ်ရင်း ၃၂ မှ နအဖ စစ်သား ၃ ဦး ဒဏ်ရာရရှိပြီး စစ်အင်ဂျင်နီယာ အရာရှိမှာ ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရှိကြောင်း၊ ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယခု ပေါက်ကွဲမှုသည် ဘုရားသုံးဆူမြို့နယ်၌ တလအတွင်း ဒုတိယမြောက် ဖြစ်သည်။ သြဂုတ်လ ၁၄ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့နယ် အတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေ့၌ပင် အစိုးရ မြေစာရင်းရုံးတွင်လည်း မပေါက်ကွဲသေးသော လက်ပစ်ဗုံး တလုံးကို ထပ်မံတွေ့ရှိခဲ့သည်။

ပေါက်ကွဲမှုများနှင့် ပတ်သက်၍ လက်သည်တရားခံကိုမူ ယနေ့အထိ မသိရှိရသေးပေ။

ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ်အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားနေကြသည်။

တရားဝင် လက်နက် ကိုင်ဆောင်ထားသည့် နယ်ခြားစောင့်တပ်များအဖြစ် တာဝန်ယူရန် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ) ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ကျိုက်ဒုံဒေသတွင် ပြုလုပ်ကျင်းပခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို စစ်အစိုးရ ဦးဆောင်၍ သြဂုတ်လ ၁၈ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ သြဂုတ်လ ၂၁ ရက်နေ့တွင် လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာ၊ သြဂုတ်လ ၂၂ ရက်နေ့တွင် မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ သြဂုတ် ၂၄ တွင် မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့၌ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း၊ ယမန်နေ့ကလည်း ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ တဖွဲ့ဖြစ်သော ဟောင်သရော အထူးဒေသ ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသတွင် ပြုလုပ်ခဲ့ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သို့သော် နယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့များမှ ခေါင်းဆောင်များ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။

ယခု ပေါက်ကွဲမှုသည် လတ်တလောတွင် KNU/ KNLA တပ်ဖွဲ့ဝင်များကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့မှ စတင်၍ ရန်ကုန်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ သံဖြူ ဇရပ်၊ ကော့ကရိတ်၊ တောင်ငူ၊ မူဆယ် စသည့်နေရာ များစွာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

No comments: