Wednesday, August 25, 2010

အလုပ်သမား တစ်သောင်းကျော် ကြံ့ဖွံ့ပါတီဝင် အဖြစ်သွတ်သွင်း

သျှမ်းသံတော်ဆင
့်
အလုပ်သမားကဒ်လုပ်ပေးမည်ဟုအကြောင်းပြ၍ ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းရှိ ငှက်ပျောခြံအလုပ်သမား တစ်သောင်းကျော် အား လွန်ခဲ့သည့်တစ်ပတ်ခန့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီဝင်အဖြစ် စုဆောင်းခဲ့ ကြောင်းသိရသည်။

ဆင်ဘိုမြို့နယ် ရှဒန်ပါရွာတစ်ဝိုက်တွင် ဘိန်းအစားထိုးစီမံကိန်း သီးနှံအဖြစ် ငှက်ပျော ဧက ၂ သောင်းခန့် စိုက်ပျိုးထားရာ ဒေသစုံမှ လူ ၁ သောင်းကျော် ငှက်ပျောထမ်းအလုပ်လုပ်နေပြီး အလုပ်သမားကဒ်ရှိမှ ထမ်းခွင့်ရမည်ဟုဆိုကာကြံ့ဖွံ့ပါတီ ၀င်အဖြစ် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ရှဒန်ပါရွာ ဥက္ကဋ္ဌ ကိုမြင့် အတွင်းရေးမှူး ဦးမောင်လေးတို့က အလုပ်သမားကဒ်ရှိမှ ငှက်ပျောခိုင်ထမ်းရမယ်လို့ပြောပြီး အလုပ်သမားကဒ်လုပ်ခိုင်းတာ။ အဲဒီကဒ်ရဖို့ တစ်ခါတည်းကြံ့ဖွံ့ပါတီဝင်လျှောက်လွာမှာ ဖေါင်ဖြည့်ခိုင်းတယ်။ တစ်ခါ တည်းအဖွဲ့ဝင်ဖြစ်သွားတာပေါ့” ဟု သူကဆိုသည်။

သြဂုတ် ၂၂ ရက်အလုပ်သမားကဒ်များစတင်ထုတ်ပေးနေပြီး ကဒ်အတွက်ကျပ် ၅၀၀၀ ပေးသွင်းရကြောင်းသိရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းများ၌ ယခုလလယ်ပိုင်းက သျှမ်းလူငယ် ၁၀၀ ကျော်ခန့်ကို ၄င်းတို့၏သဘောထားမပါပဲ ကြံ့ဖွံ့ပါတီဝင်အဖြစ် စုဆောင်းခဲ့သေးသည်။

“စီးပွားရေးနယ်မြေတွေမှာဆိုရင် အာဏာပိုင်အဖွဲ့အစည်းက ကြံ့ဖွံ့ထဲဝင်ဆိုဝင်ရမှာပဲ။ ဥပမာ ဖားကန့်လိုနယ်မြေဆိုရင် ဗျာ အာဏာပိုင်တွေနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေဖက်စပ်တွေလက်ဝါးကြီးအုပ်ထားတာ။ အလုပ်သမားဆိုတာ ဒီကုမ္ပဏီတွေနဲ့မကင်း နိုင်ဘူး။ အကြပ်ကိုင်ပြီးဝင်ခိုင်းတာပဲလေ။ အဓမ္မတွေပဲဆိုတာသိဖို့လိုတယ်” ဟု အကဲခတ်တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် အခြားနိုင်ငံရေးပါတီဝင်များ စည်းရုံးရေးဆင်းရာတွင် အာဏာပိုင်အဖွဲ့အစည်းများ၏နှောက်ယှက်ဟန့် တားမှု အမျိုးမျိုးကြုံနေရကြောင်း သျှမ်းပြည် (မြောက်ပိုင်း) ရှိ သျှမ်းကျားဖြူပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် နအဖစစ်အစိုးရတည်ထောင်ထားသည့် ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် လက်ရှိအစိုးရ သဖွယ်လုပ်ပိုင်ခွင့်ရနေပြီး လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ဝေဖန်ခံနေရသည်။

No comments: