Monday, August 23, 2010

နိုင်ငံရေးပါတီများ အခက်တွေ့စေရန် ဖန်တီးခံရဟု ဦးသုဝေ ပြောကြား

မျိုးချစ်သူ / ၂၃ သြဂုတ် ၂၀၁၀

နိုင်ငံရေးပါတီများ အခက်အခဲကြုံတွေ့စေရန် စစ်အစိုးရက တမင်ရည်ရွယ် ဖန်တီးလိုက်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၂) လမ်းရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် သြဂုတ် (၂၂) ရက် နံနက် (၉) နာရီက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ အခုပြောနိုင်တာက ကြံ့ဖွံ့ပါတီက အနိုင်ရနေပြီဆိုတာပဲ။ ပြီးတော့ သူတို့က ပါတီရုံးတွေကိုလည်း တနေ့တည်း ဖွင့်နိုင်တယ်လေ။ ကျနော်တို့က ရွေးကောက်ပွဲအတွက် ငွေအဓိကဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ငွေရှာနိုင်မယ့် အခွင့်အရေးမရှိဘူး။ အလှူခံခွင့်လည်းမရှိဘူးလို့ တားမြစ်ထားတယ်။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း ကပ်ပြီးမှ ကြေညာတယ်ဆိုတော့ ကိုယ်စားလှယ်လောင်းတွေအတွက် လုံးဝအခက်တွေ့တာပေါ့။ ရည်ရွယ်ထားတဲ့အတိုင်း မရောက်တော့ပေမယ့် ရှိတဲ့ကိုယ်စားလှယ်တွေနဲ့ပဲ လွှတ်တော်ကိုရောက်ပြီး ပြည်သူတွေအတွက် တထောင့်တနေရာကနေ ပါဝင်ရမယ့်အနေအထားပါ။ အဲဒီလိုဖြစ်လာအောင် အကွက်ချပြီး သူတို့က စီမံခဲ့တာလို့ပဲ ပြောချင်တယ်” ဟု ဦးသုဝေက ပြောသည်။

ယခင်ကတွေ့ကြုံခဲ့ရသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအတွက် တင်ရသောငွေကို ပြန်ရကြောင်း၊ ယခုရွေးကောက်ပွဲတွင် ပြန်မရသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အမတ်လောင်း တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းဆိုသည်မှာ အလွန်များသည့်အတွက် အမတ်လောင်းများအနေဖြင့် ငွေ (၅) သိန်း မတတ်နိုင်ကြဘဲ ပါဝင်ခွင့်မရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကြံ့ဖွံ့မှာကတော့ ငွေရှိတာပေါ့ဗျာ၊ အစိုးရပဲလေ။ အဲဒီလိုလုပ်တာကိုက တရားသလား မတရားသလားဆိုတာ အားလုံးသိကြပါတယ်” ဟု ဦးသုဝေက ပြောကြားပြီး ရွေးကောက်ပွဲကော်မတီ၏ ဥပဒေစည်းမျဉ်းများနှင့် ကြံ့ဖွံ့ပါတီကြောင့် အခြားပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခွင့် အပြည့်အ၀မရဟုလည်း ၎င်းက ဆိုသည်။

“ပါတီတွေအားလုံး အခက်အခဲရှိတယ်။ ပါတီတွေအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ချင်ကြပေမယ့် ငွေကြေး အခက်အခဲကြောင့်ရော စည်းရုံးခွင့်တွေ အခက်အခဲရှိတာကြောင့်ပါ မပါဝင်နိုင်ကြဘူး” ဟု ဦးသုဝေက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် အခက်အခဲရှိသည့်အတွက် စစ်အစိုးရ ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီအနေဖြင့် အလိုအလျောက် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မဲ အနိုင်ရလိမ့်မည်ဟုလည်း ဦးသုဝေက ပြောသည်။

၎င်းက “ကိုယ်စားလှယ် (၁,၀၀၀) ကျော်မှာ ကြံ့ခိုင်ရေးက တ၀က်ကျော်ပါဝင်မှာဖြစ်တယ်။ အဲဒီတော့ အခြားပါတီတွေက တ၀က်လောက်ပါမှာပေါ့။ ကိုယ်စားလှယ်တွေ မလုံလောက်ဘဲနဲ့ မနိုင်မှန်းကိုသိလျက်နဲ့ ဘာ့ကြောင့်ဝင်ရတာလဲလို့ မေးစရာတွေရှိလာပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီမိုကရေစီပန်းတိုင်ကို မရောက်မချင်း သွားမယ့်သူတွေဖြစ်နေလို့ အခုလိုဝင်တာဖြစ်တယ်။ တကယ်ဆိုရင် ကျနော်တို့ပါတီကသာ ကိုယ်စားလှယ်တွေ များများစားစားတင်နိုင်ရင် ကျနော်တို့ အနိုင်ရမယ်ဆိုတာ ပြောရဲပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ အမည်စာရင်း တင်သွင်းရန်အတွက် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်မည့်သူများကို မဲစာရင်းများရယူပြီးမှသာ တင်သွင်းရမည်ဟုပြောဆိုကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ယခုတိုင် မဲစာရင်း မရောက်သေးကြောင်းလည်း ၎င်းက ပြောသည်။

“အခက်အခဲတွေကတော့ အဲဒီအတိုင်းပဲ။ ကော်မရှင်အဖွဲ့ခွဲရုံးမှာ မဲစာရင်းကိုယူပြီးမှ ရပ်ကွက်က ထောက်ခံချက်ပေးမယ်တဲ့။ အဲဒီအတွက် မဲစာရင်းကတော့ ရဖို့မမြင်သေးဘူး။ ကိုယ်စားလှယ်စာရင်း တင်ဖို့အတွက် အခုအဲဒီကိစ္စတွေကို ဆောင်ရွက်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေးပါတီများအနေဖြင့် အမတ်လောင်းအမည်စာရင်း တင်သွင်းရန် ခက်ခဲသည့်အတွက် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများအပြားတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရရှိမည်ဟု ဦးသုဝေက သုံးသပ်သည်။

နအဖ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပမည်ဟု တရားဝင် ကြေညာထားသည်။

No comments: