Saturday, August 21, 2010

နယ်ခြားစောင့်တပ်နယ်မြေတွင် အထူးတိုက်ခိုက်ရေးရဲ ထပ်ဖွဲ့မည်လော

သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ရင်း နယ်မြေများတွင် အထူးတိုက်ခိုက်ရေးရဲများ ဖွဲ့စည်းထားခြင်း ရှိမရှိကို မြစ်ကြီးနား အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ယခုရက်ပိုင်းအတွင်း စာရင်းကောက်ယူနေကြောင်း စစ်ဘက်သတင်းရပ်ကွက် မှတဆင့် သိရသည်။

ယခင်ဦးစခုန်တိန့်ယိင်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်မှ နယ်ခြားစောင့်တပ်ဖွဲ့စည်းလိုက်သည့် တပ်ရင်း နယ်မြေများတွင် စာရင်းကောက်ယူခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းက ကချင်ဒီမိုကရေစီသစ်တပ်မတော်(ခေါ်) ကချင်အထူးဒေသ ၁ အဖွဲ့မှ နယ်ခြား စောင့်တပ်ဖွဲ့စည်းရာတွင် ချီဗွေမြို့နယ် ဂန့်ဂွင်းဒေသတွင် အမှတ် ၁၀၀၁ ၊ လုပီဒေသတွင် အမှတ် ၁၀၀၂ နှင့် ၀ိုင်းမော်မြို့ နယ် စင်ကြိုင်ဒေသတွင် အမှတ် ၁၀၀၃ တပ်ရင်းများ ဖွဲ့စည်းထားကြောင်း သိရသည်။

“သူတို့စာရင်းကောက်ချက်အရတော့ အခုနယ်ခြားစောင့်တပ်ရင်းဂွင်တွေမှာ အထူးတိုက်ခိုက်ရေးရဲ မရှိသေးဘူး နောင်ဖြစ် လာမဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ကြိုတင်စစ်တမ်းကောက်ထားတာ ဖြစ်နိုင်တယ် ” ဟု စစ်ဘက်နှင့်နီးစပ်သူ တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် အထူးတိုက်ခိုက်ရဲတပ်ရင်းအနေဖြင့် သီးခြားဖွဲ့စည်းထားခြင်း မရှိသော်လည်း သျှမ်းပြည်အတွင်း၌ တိုင်းရင်း သားလူမျိုးစု အထူးတိုက်ခိုက်ရေးရဲများ ထားရှိကြောင်း သိရသည်။

တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော “ အရင်တုန်းက အထူးတိုက်ခိုက်ရေး ရဲဆိုပြီးဖွဲ့တာရှိတယ် ဒီအဖွဲ့တွေကို လုံထိန်းတပ်ပြောင်းလိုက်တယ် တပ်ရင်းအနေနဲ့တော့ သီးခြားဖွဲ့ထားတာမရှိဘူး ဒါပေမဲ့နယ်တွေမှာတော့ထား တာရှိတယ် သျှမ်းပြည်နယ်မှာ အထူးတိုက်ခိုက်ရေးဆိုပြီးထားတယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း၌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်နှင့် ဦးလဆန်အောင်ဝါ ဦး ဆောင်သည့် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ရှိပြီး အဆိုပါအဖွဲ့များသည် နအဖစစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသည်။

လွန်ခဲ့သည့်နှစ်က ကချင်ဒီမိုကရေစီသစ်တပ်မတော်နှင့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့တို့သည် နယ်ခြားစောင့် တပ်နှင့်ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းဖွဲ့စည်းလိုက်ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့က နအဖစစ်အစိုးရ၏ နယ်ခြား စောင့်တပ်ဖွဲ့စည်းရေး အဆိုကို ငြင်းဆန်နေဆဲဖြစ်သည်။

No comments: