Thursday, August 26, 2010

BGF အသွင်ပြောင်းရေးကိစ္စ တဖွဲ့တည်းဆုံးဖြတ်မည်မဟုတ်ဟု ၀ တပ်မှူးပြော

သျှမ်းသံတော်ဆင့်


BGF အသွင်ပြောင်းရေးကိစ္စ နောက်ဆုံးရက် ထပ်မံသတ်မှတ်မှုအပေါ် ၀ တပ်ဖွဲ့ တဖွဲ့တည်းဆုံးဖြတ်မည်မဟုတ် ကြောင်း အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦးကပြောပါသည်။

အသွင်ပြောင်းရေး လက်ခံရမယ်ဆိုတာ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး အဖြေပေး အကြောင်းပြန် ရမယ်တဲ့၊ ကျနော်တို့ အသွင်မပြောင်းရင် မတရားအသင်းကြေငြာခံရမယ်၊ ထိန်းချုပ်နယ်မြေက အနက်ရောင် နယ်မြေသတ်မှတ်ခံရ လိမ့်မယ်လို့ ဗိုလ်ရဲမြင့်က အဲ့တိုင်းကိုပြောတာ” -ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူး ကပြောပါသည်။

သြဂတ်စ် ၂၀ ရက် သောကြာနေ့ တန့်ယန်းနှင့်ကျိုင်းတုံ တွေ့ဆုံပွဲနောက်ပိုင်းမှ စ၍ အပစ်ရပ်များ၏ ပန်ဆန်းနှင့် မိုင်းလားဌာနချုပ် အသီးသီး၌ ဆက်တိုက် အစည်းအဝေးထိုင်ကြကြောင်း၊ နအဖ၏ (စရဖ) စစ်ဘက်ရေးရာအရာ ရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ ပြောစကားအပေါ်သုံးသပ်ပြီး ဆွေးနွေးကြကြောင်းခိုင်လုံသည့် သတင်းရပ်ကွက်က ဤကဲ့သို့ ပြောပြပါသည်။

စက်တင်္ဘာ ၁ ရက်နေ့မှာ အကြောင်းပြန်ရမယ်၊ ‘ယက်စ်’ ဘဲပြန်ရမယ်၊ ‘နိုး’မလိုဘူးတဲ့။ ဗိုလ်ရဲမြင့်ဆိုလိုတာ က အာဏာသုံးပြီး အသွင်ပြောင်းခိုင်းမယ်ဆိုတဲ့သဘော။ ၀ တပ်ဖွဲ့ကတော့ အာဏာသုံးလေ ပိုမရလေဘဲ၊ ၀ တပ်မတော်/၀ လူထုတယောက်မကျန် အကုန်သေရင် သေပစေ၊ မိမိဘိုးဘွားပိုင်မြေနဲ့အခွင့်အရေးကို ကာကွယ် ရမှာဘဲ” ဟု အဆိုပါ အမည်မဖော်လိုသည့် ၀ တပ်မှူးကဆက်ပြော၏။

သို့သော် ၀ တပ်ဖွဲ့အဖို့ လက်နက်မချရေး ဆုံးဖြတ်ချက်ချထားသကဲ့သို့ စစ်မျက်နှာ စဖွင့်မည်မဟုတ်ကြောင်း၊ ကျူးကျော် လာပါက မိမိကိုမိမိကာကွယ်ရန်အတွက် အသင့်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆက်၍ပြော၏။

ဝ နယ်မြေသည် ပြည်ထောင်စု၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း၊ ဘယ်သောအခါမှ ခွဲထွက်မည်မဟုတ်ကြောင်း လည်း - ၀ ခေါင်းဆောင် ပေါက်ယူချမ်းကိုယ်တိုင် အကြိမ်ကြိမ်ပြောဖူး၏။ သို့သော်မည်သူမဆို အင်အားသုံးပြီး ၀ လူထု/နယ်မြေပေါ် ကျူးကျော်လာပါက အသက်ရင်းပြီးခုခံ တိုက်ခိုက်သွားမည်ဟုလည်း ဆို၏။

အပစ်ရပ်တပ်ဖွဲ့များနယ်ခြားစောင့်တပ်မဖြစ်အသွင်ပြောင်းရန် ယခု စက်တင်္ဘာ ၁ ရက် နောက်ဆုံးသတ်မှတ် ရက်သည် ၆ ကြိမ်မြောက် ဖြစ်၏။ ပထမအကြိမ် ၂၀၀၉ အောက်တိုဘာ ၁ ရက်၊ နောက်တွင် ၂၀၀၉ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၀ ဖေဖေါ်ဝါရီ ၃ ရက်၊ မတ်ခ်ျ ၁၀ ရက်၊ ဧပြီ ၂၈ ရက် တို့ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကချင် KIA တပ်ဖွဲ့ နှင့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တို့သည် ကိုးကန့်အရေးအခင်းကဲ့သို့အဖြစ်မခံတော့ဘဲ ပြီးခဲ့သည့်လ နောက်ဆုံး ပတ်က ၀ ဌာနချုပ်ပန်ဆန်း၌ ၄ ဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြကြောင်း - အဆိုပါသတင်းရပ်ကွက်က ပြောပါသည်။

No comments: