Monday, August 23, 2010

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တဦး ကျပ် ၅၀၀၀ အတုဖြင့် မောင်တောတွင် ဖမ်းဆီးခံရ

တာကလူး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား လူငယ် တစ်ဦးကို မြန်ကျပ်ငွေ ၅၀၀၀ တန် အတုများနှင့် အတူ မြန်မာ နယ်ခြား စောင့်တပ်ဖွဲ့ နစကမှ မောင်တောတွင် သြဂတ်စ်လ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီး ခံရသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွင် တည်ရှိသော တက်ကနက် မြို့နယ် ပါလောင်ပါရာ ကျေးရွာမှ အီဆက် (၂၆) နှစ် ဖြစ်သည်။

အမည် မဖေါ်လိုသူ ရဲတပ်ကြပ်ကြီး တဦးက “ ကြာသပတေးနေ့က အဲဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူငယ်ကို မောင်တောမြို့ ထမင်းဆိုင် တစ်ခုမှာ နစက တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ဆီက ကျပ် ၅၀၀၀ တန်အတု အရွက် ၂၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ပါတယ်” ဟု ပြောသည်။

အီဆက်မှာ ဘင်္ဂလားဘက်မှ အ၀တ်အထည်နှင့် စားကုန်များကို မောင်တောသို့ တင်ပို့နေသူ တဦး ဖြစ်ပြီး သူ့အား မသင်္ကာရာမှ ရှာဖွေ စစ်ဆေးစဉ် အဆိုပါ ၅၀၀၀ တန်အတုများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယခုအခါ သူ့ကို ကျီးကန်းပြင် နစကဌာနချုပ်၌ ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ပြောသည်။

ယခုအခါ မြန်မာကျပ်ငွေ ၅၀၀၀ တန်အတုများမှာ ရခိုင်-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ပျံ့နှံ့နေပြီး ငွေပေး ငွေယူရာတွင် အထူး သတိထားပြီး လက်ခံယူနေရကြောင်း နယ်စပ်ကုန်သည် သတင်း ရပ်ကွက်အရ သိရသည်။

မောင်တောတွင် ငွေလှဲလှယ် ပေးနေသူ တစ်ဦးက “ ခုတလော ငွေလှဲလှယ်ရာမှာ ၅၀၀၀ ကျပ်တန် အတုတွေ မကြာခဏ ဆိုသလိုပဲ တွေ့နေရပါတယ်။ အများထဲမှာ ရောနှော ပါဝင်လာတတ်တဲ့ အတွက် သတိမထားမိရင် ခံလိုက်ရတာပါပဲ။ ငွေပေး ငွေယူရာမှာဘဲ ဖြစ်ဖြစ် ငွေလှဲလှယ်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် အထူးသတိထားပြီး လုပ်ကိုင်နေရပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ပိုက်ဆံ ၅၀၀၀ တန် အစစ်နဲ့ အတုကို ခွဲခြားရတာက လွယ်ပါတယ်။ လက်ဖျားနဲ့ အသေအချာ ပွတ်သပ် စမ်းကြည့်ရင် ဘယ်ဟာက အတု ဘယ်ဟာက အစစ်ဆိုတာ သိနိုင်ပါတယ်။ အစစ်က ပါးလွှာ ချောမွတ်နေပြီးတော့ အတုကတော့ ထူပြီး ကြမ်းတမ်းနေပါတယ်” ဟု ပြောသည်။

မြန်မာနယ်စပ် သတင်း ရပ်ကွက်အရ အဆိုပါ ၅၀၀၀ ကျပ်တန် အတုများမှာ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော နတ်မြစ် တဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက် ဘက်မှ ၀င်ရောက်လာပြီး အများအားဖြင့် ငွေများ လှဲယူလာသည့် အခါနှင့် ဘင်္ဂလားကုန်သည်များထံမှ ငွေပေးချေရာတွင် ပါဝင်လာကြောင်း သိရသည်။

အလားတူ ရခိုင်- ဘင်္ဂလာ နယ်စပ်တွင် တာကာ ၅၀၀ တန် အတုများလည်း ပျံ့နှံ့နေပြီး တာကာ ၅၀၀ တန်ကိုမူ မြန်မာနိုင်ငံသားများ အနေဖြင့် အတုနှင့် အစစ်ကို ခွဲခြားရန် မလွယ်ကူကြောင်း သိရသည်။

တာကာ ၅၀၀ တန်တွင် ငွေစက္ကူ၏ လက်ယာပိုင်းတွင် မြှပ်နှံပါရှိသည့် ဘင်္ဂလားဒေခ်ျ့ ဟု ဘင်္ဂလာ စာဖြင့် ရေးသား ထားသော ကြိုးပြားလေးဖြင့်သာ ပိုင်းခြားသိနိုင်ပြီး ငွေစက္ကူ အစစ်များတွင် အဆို ပါကြိုးပြားလေးများမှာ ပေါ်ပေါ်ထင်ထင် မြှပ်နှံပါရှိပြီး အတုများတွင် ဘင်္ဂလာဒေခ်ျ့ ဆိုသော စာတန်း မပါဘဲ ကြိုးပြားလေးသဖွယ် ပုံနှိပ်ထားခြင်းမျှသာ ဖြစ်ကြောင်း ငွေလှဲလှယ် ပေးနေသူများ၏ ရှင်းပြချက် အရ သိရသည်။

ယခုလအတွင်း ဘင်္ဂလာ တာကာနှင့် အမေရိကန် ငွေအတု လုပ်သည့် ဖိလစ်ပိုင်မှ အမျိုးသမီး တစ်ဦး၊ နိုင်ဂျီရီယားမှ အမျိုးသား တဦးနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက ဒက္ကားမြို့ သံတမန် ရပ်ကွက် တခုဖြစ်သော ဂုလရှန်တွင် ဖမ်းဆီးခဲ့သည်။

No comments: