Monday, August 23, 2010

ကြံ့ဖွံ့မှ အာဏာပိုင်များနှင့် ပေါင်း၍ NUDP ဥက္ကဌပိုင် စီးပွားရေး လုပ်ငန်းများ ပိတ်ခိုင်း

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းပြီး ကရင်နီပြည် ကိုယ်စားပြု လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP ဥက္ကဌ ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများကို ပိတ်ပင်လိုက်သည်။


လာမည့် နိုင်ဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် NUDP ပါတီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုလုပ်နိုင်ရန် ကြံ့ဖွံ့အဖွဲ့မှ ယခုလို ခြိမ်းခြောက်နှောက်ယှက်နေခြင်း ဖြစ်သည်ဟု NUDP ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကြံ့ခိုင်ရေး ပါတီအဖွဲ့နဲ့ သက်ဆိုင်တဲ့ လွိုင်ကော်မြို့နယ် အာဏာပိုင်တွေနဲ့ ဒီးမော့ဆိုမြို့နယ် အာဏာပိုင်တွေက ပါတီဥက္ကဌ ဦးစဲရယ်လှဖေရဲ့ ကိုယ်ပိုင်လုပ်ငန်းစီးပွားလုပ်ငန်း ဖြစ်တဲ့ သစ်ခွဲစက်တို့ ကျောက်ခွဲ လုပ်ငန်းတို့ မလုပ်ခိုင်းဘူး။ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ သားသမီး စီးပွားရေးကအစ အပိတ်ပင်ခံလိုက်ရတယ်။ မိသားစုဝင် အားလုံးက စိတ်ဆင်းရဲကြတယ်” ဟု ပြောသည်။

ပါတီစုံရွေးကောက်ပွဲအဖြစ် ဥပဒေအရ နိုင်ငံတော်က ခွင့်ပြုထားသည့်အတွက် ကရင်နီပြည်နယ်အဆင့် ကြံ့ဖွံ့အဖွဲ့မှ မည်ကဲ့သို့ပင် ခြိမ်းခြောက်နှောက်ယှက်စေကာမူ လာမည့် ရွေးကောက်ပွဲကို မဖြစ်မနေ ၀င်ရောက်ရှင်ပြိုင်နိုင်ရန် ပါတီဝင်များ အနေဖြင့် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

“မ.ယ.ကဥက္ကဌ အငြိမ်းစား ဖြစ်တဲ့ ပြည်နယ်အဆင့်မှာ နေရာရထားတဲ့ ကြံ့ခိုင်ရေး အသင်းက လူကြီးက လာပြောတယ်။ စအဖကလည်း နေ့စဉ်နှင့်အမျှ လာပြီး ပါတီကို မနိုင်ရင် ဆက်မထောင်ပါနဲ့ ဆိုပြီး လာပြီး ဖိအားပေးနေတယ်။ ပါတီကို အရမ်းကြောက်နေကြတဲ့ ပုံစံနဲ့ လာပြောနေကြတယ်။ ကယားပြည်နယ်မှာ ပြိုင်ဘက်မရှိ တစ်ပါတီ စနစ်နဲ့ အနိုင်ရချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာ ဖြစ်တယ်” ဟု UNDP နှင့် နီးစပ်သူက ပြောပြသည်။

ဦးစဲရယ်လှဖေ ဦးဆောင်သည့် NUDP ပါတီကို ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် စတင်ထူထောင်လိုက်ပြီး ယင်းပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေများဖြင့် ညီညွတ်သောကြောင့် ကော်မရှင်မှ ယခု သြဂုတ်လ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်သည်။

NUDP ပါတီ ထူထောင်ရသည့် ရည်ရွယ်ချက်နှင့် ပါတ်သက်ပြီး ပါတီအတွင်းရေးမှူး ဖြစ်သည့် ဦးမီရယ် (ခ) ရဲအောင်က ကန္တာရ၀တီတိုင်း(မ်)ကို ယခုလို ပြောပါသည်။

“ပါတီတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကယားပြည်နယ် ကိုယ်စားပြု ပါတီတစ်ခု ရှိသင့်တယ်လို့ ခံယူထားပါတယ်။ အနာဂတ်မှာ ကယားပြည်နယ် အတွင်းရှိလူမျိုးစုံ မျိုးဆက်သစ် လူငယ်များအတွက် ရည်ရွယ်ချက်ကြီးစွာနဲ့ ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်တယ်။ အခြားအခြားသော ပါတီကို အတိုက်အခံလုပ်ဖို့ ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။ ပြည်နယ်နှင့် ပြည်သူလူထုအတွက်လို့ ရည်ရွယ်ဖွဲ့စည်းတည်ထောင်တယ်လို့ ပြောလိုပါတယ်။”

NUDP ပါတီ မထူထောင်ကတည်းက ကြံ့ဖွံ့အဖွဲ့မှ လူပုဂ္ဂိုလ်ရေးအရရော အဖွဲ့အစည်းအရပါ ပါတီ မထူထောင်နိုင်ရန် အမျိုးမျိုး ခြိမ်းခြောက်နှောက်ယှက်လျက်ရှိခဲ့သည်ဟု သိရသည်။

No comments: