Wednesday, August 25, 2010

မြန်မာသို့ မှောင်ခိုပို့သည့် သကြားအိတ် ၁၈၀ နှင့် လူ ၈ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး

ထွန်းထွန်း

ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့သည့် သကြားအိတ် ၁၈၀ နှင့် မှောင်ခိုသမား ရှစ်ဦးကို မော်တော်ဘုတ် တစီးနှင့် အတူ မြန်မာ နယ်စပ် အနီး ဘင်္ဂလာရေပိုင်နက်တွင် ဖမ်းဆီးလိုက်သည်။

မှောင်ခိုသမားများသည် ဘင်္ဂလာဒေခ်ျ့မှ သကြားများကို စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့ရန် ယူဆောင်လာစဉ် ဘင်္ဂလာရေတပ်မှ လွန်ခဲ့သော တနလာင်္နေ့က ဖမ်းဆီး ရမိခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်။

ဖမ်းဆီးခံရသူ မှောင်ခိုသမား ၈ ဦးမှာ စစ်တကောင်းခရိုင် အတွင်းတည်ရှိသော မြို့နယ် ၃ မြို့နယ်မှဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ရာမဒန် ဥပုတ်လ အချိန် ဖြစ်သဖြင့် ပြည်သူများ သုံးစွဲရန် လိုအပ်သော အခြေခံ စားသုံး ကုန်ပစ္စည်းများကို ဈေးမမြင့်တက်ရန် သက်ဆိုင်ရာ အာဏာပိုင်များက အလေးအနက်ထား ဆောင်ရွက်နေစဉ် ယခုကဲ့သို့ စီးပွားရေး သမားများက မြန်မာနိုင်ငံသို့ သကြားများကို မှောင်ခို တင်ပို့ ကြခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့တွင် သကြားတကီလိုမှာ ယခုအခါ တာကာ ၅၀ ထိမြှင့်တက်နေပြီး မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင်လည်း ယခုအခါ သကြားဈေးမှာ ယခင် ကျပ် ၁၆၀၀ ရှိခဲ့ရာမှ ယခုအခါ ၁၈၀၀ ကျပ်ထိ မြင့်တက်နေကြောင်း သိရသည်။

No comments: