Sunday, December 23, 2012

ဂျေဆန်မရက် (ဇ်) ကောက်ကြောင်း

မေရီကို

ရန်ကုန် – ပြည် လမ်းမပေါ်က အထင်ကရ ပြည်သူ့ရင်ပြင် အနီးတဝိုက်နဲ့ ပလက်ဖောင်းများ ဘေးတဘက်တချက်စီမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ရဲ့ နေရောင်ပြင်းရှရှကို အံတုရင်း ထောင်ပေါင်းများစွာသော လူအုပ်ကြီး ဟိုတစု ဒီတစု ရှိနေခဲ့ကြပါတယ်။

ပြည်လမ်းမကြီးရဲ့ တဘက်တချက်နဲ့ အနီးအနားတဝိုက်မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီအချိန်ကတည်းက စတင်ပြီး လူတွေ တဖွဲဖွဲနဲ့ ရှိနေခဲ့တာပါ။

ပြည်လမ်းမအနီး အလုံလမ်းပေါ်က Summit Parkview ဟိုတယ် အရှေ့ဘက်က အမြဲတစေ လူလာနည်းပါးလွန်းတဲ့ My Garden ကဖေး ဆိုင် ဟာလည်း အဲဒီနေ့ကတော့ လာရောက်သုံးဆောင်သူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

ဒီဇင်ဘာရဲ့ မွန်းတည့်နေကို အံ့တုနေကြတဲ့ လူအုပ်ကြီးထဲမှာ ငယ်ရွယ်နုပျိုတဲ့ ယောက်ျားလေး၊ မိန်းကလေး ကျောင်းသား ကျောင်းသူ တွေ က ရှေ့ဆုံးကနေ ပါဝင်နေခဲ့သလို နိုင်ငံခြားသားတွေ၊ သက်လတ်ပိုင်းတွေသာမကဘဲ အသက် ၆၀ ကျော် လောက် ရှိတဲ့ သက်ကြီး ရွယ်အို ဖိုးဖိုး ဖွားဖွား တွေကလည်း သူတို့နဲ့အတူ ပါလာတဲ့ ရောင်းရင်းမိတ်ဆွေ၊ မိသားစုတသိုက်နဲ့ တစုံတရာအတွက်နဲ့ ပျော်ရွှင်ဖွယ် အ မူအရာတွေနဲ့ ရှိနေခဲ့ကြတယ်။

ပုံမှန်နေ့ရက်တွေနဲ့ အချိန်တွေမှာ ဒီပြည်လမ်းမကြီးရဲ့ ပြည်သူ့ရင်ပြင် မြင်ကွင်းဟာ ပူပြင်းခြောက်ကပ် လွန်းလှပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ရဲ့ နေ့လယ်ခင်းကတော့ တခြားနေ့တွေနဲ့ မတူဘဲ ကွဲပြားနေခဲ့တာ ရန်ကုန်မြို့က အထင်ကရ နေရာ တခုအတွက်က တော့ သမိုင်းဝင် အမှတ်တရ ဖြစ်လာမှာပါလို့ အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တက္ကသိုလ် ကျောင်းသူ မမွန်ချမ်းကပြောလာပါတယ်။

ထောင်ပေါင်းများစွာသော လူအုပ်ကြီးရဲ့ရှေ့ ပြည်သူ့ရင်ပြင် တည့်တည့်မှာ မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာ တကြိမ်တခါမှ တွေ့မြင်ခဲ့ ဖူး ခြင်း မရှိတဲ့ ကြီးမားလှတဲ့ စင်မြင့်ကြီးတခုက ခန့်ခန့်ထည်ထည် နေရာယူနေ ပါတယ်။

ဒီစင်ကြီးအပေါ်မှာ နေရောင်အောက်မှာ ပြေးပြေးလွှားလွှား ပြင်ဆင်ဆောင်ရွက်နေကြ သူတွေထဲက အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ပါ တယ်။

အများစုကတော့ MTV Exict အမှတ်တံဆိပ်ပါ အဖြူရောင်၊ မီးခိုးရောင်၊ အနက်ရောင် တီရှပ်တွေကို ဝတ်ဆင် ထားကြပါတယ်။

၁၃၅. ၇၂ ဧက ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ ရွှေတိဂုံစေတီတော် အစရှိတဲ့ အထင်ကရ အထိမ်းအမှတ် နေရာနှစ်ခု ကြားက ပြည်သူ့ရင်ပြင်ရဲ့ အနီး တဝိုက်မှာ အခုလို အသက်ဝင် စည်ကားနေရခြင်းအကြောင်းက တစုံတယောက်ကြောင့်ပဲ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ ဂျေဆန်မရက် (ဇ်) ကြောင့် အမည်နာမနဲ့မတူဘဲ ကာလကြာရှည် စွာ တိတ်ဆိတ်ငြိမ်သက် လာခဲ့တဲ့ ပြည်သူ့ရင်ပြင်ဟာ အခုလို အသက်ဝင် စည်ကားနေရခြင်းပဲ ဖြစ်ပါတော့တယ်။

MTV Exit (End Exploitation and Trafficking) ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်မှာ အားတက်သရော ပါဝင်ဆောင်ရွက်နေ တဲ့ အမေ ရိကန်အဆိုတော် ဂျေဆန်ဟာ မြန်မာနိုင်ငံသားတွေရဲ့ စိတ်နှလုံးကို ဖမ်းစား နိုင်ခဲ့တာ အသေအချာပဲဆိုတာ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်ရဲ့ ပူပြင်းပြင်း နေရောင်အောက် ထောင်ပေါင်း များစွာသော ပရိသတ်ကြီးက သက်သေပြခဲ့တာပါပဲ။

လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို ပြုလုပ်နေတဲ့ MTV Exit ရဲ့ အထူးအစီအစဉ် တရပ်အနေနဲ့ မြန်မာနိုင်ငံကို ဂီတဖျော်ဖြေပွဲ လာ ရောက်ပြုလုပ်တဲ့ အမေရိကန် အဆိုတော်ရဲ့ အခမဲ့ ရှိုးပွဲဟာ ညနေ ၆ နာရီမှာ စတင်မယ် ဆိုပေမယ့် မွန်းတည့် ၁၂ နာရီလောက် ကတည်းက ပြည်သူ့ရင်ပြင်ရဲ့ အနီးတဝိုက်မှာ ကြည့်ရှုအားပေးမယ့် ပရိသတ်တွေနဲ့ စည်ကားခဲ့တာ ဖြစ်ပါတယ်။

ပြည်လမ်းမပေါ်က ပြည်သူ့ရင်ပြင် ဝင်ပေါက်နှစ်ပေါက်မှာ ယေက်ျားလေး၊ မိန်းကလေး ၄ တန်းခွဲပြီး ဝင်ခွင့်အတွက် စီတန်းခဲ့ရတဲ့ လူတန်း ကြီး ဟာ အလုံလမ်းမဘက်ကို ချိုးဝင်ပြီး Summit Parkview ဟိုတယ် အနီးအနားထိ ရှည်လျား လွန်းခဲ့ပါတယ်။

ဝင်ခွင့်ရမယ့် ညနေ ၄ နာရီမတိုင်ခင် မွန်းတည့်ချိန် လောက်ကတည်းက ဝီရိယရှိရှိ ရောက်နှင့်နေခဲ့ကြတဲ့ ပရိသတ် အများစုနဲ့ နောက်ကျမှ ရောက်လာပြီး လူတန်းကြားထဲ ကြားဖြတ် ဝင်ရောက်တန်းစီသူများ အကြား အချင်းချင်း စကားများသံတွေကလည်း ဆူဆူညံညံ ထွက် ပေါ် ခဲ့တယ်။

“ညီမတို့က နေ့လယ် ၁၂ နာရီ လောက်ကတည်းက ရောက်လာတာပါ။ ရန်ကုန်ကပါပဲ။ ဒီလိုမျိုး ပြည် သူ့ ရင်ပြင်မှာ ကြီးကျယ်တဲ့ ပွဲမျိုးကို လာ ရောက်ကြည့်ရှုရတဲ့အတွက် အရမ်း ပီတိဖြစ်ရတယ်။ ဒီလိုမျိုး စေတနာပါပါနဲ့ ပွဲတွေကို၊ ကိုယ့် လူမျိုးတွေကို ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်လို့ ထင်ပါတယ်” လို့ အသက် ၂၀ အရွယ်ရှိတဲ့ ပုဂ္ဂလိကကျောင်းတကျောင်းက ကျောင်းသူ ငွေစန္ဒီက ပြော ပါ တယ်။

ညနေ ၄ နာရီမှာ တာဝန်ကျ ရဲအရာရှိများက ဝင်ခွင့် တံခါးမနှစ်ခုကို ဖွင့်ပေးလိုက်ပြီး မိနစ်အနည်းငယ် အကြာမှာပဲ ပြည်သူ့ရင်ပြင် တခု လုံး ပျော်ရွှင်တက်ကြွနေကြတဲ့ လူအုပ်ကြီးနဲ့ အသက်ဝင်သွား ပါတော့တယ်။

လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို လူကုန်ကူးမှု တိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ အစိမ်းရောင်လက်ပတ်တွေ၊ တေးသံရှင်များကို ဝှေ့ယမ်း အားပေးနိုင်မယ့် ရောင်စုံမီးပြေးတွေနဲ့ အနီရောင် လေပူဖောင်း အိတ်ရှည်တွေကို အခမဲ့ ပေးဝေခဲ့ကြတယ်။

ဒါ့အပြင် ကမ္ဘာကျော် ကိုကာကိုလာ အချိုရည် ကုမ္ပဏီကလည်း သူ့ရဲ့ အချိုရည်တွေကို ငါးသောင်းကျော်ရှိတဲ့ ပရိသတ်ကြီး အလိုရှိသမျှ အခမဲ့ ပေးဝေခဲ့ပါတယ်။

မိနစ်အနည်းငယ် အတွင်းမှာပဲ အမေရိကန် အဆိုတော်အတွက် MTV Exit က တာဝန်ရှိသူတွေကိုယ်တိုင် ဆင်ယင်ထားတဲ့ စင်မြင့်ကြီး ကို ခြံ ရံပြီး ရင်ပြင်တွင်းမှာ ပြည်သူတွေ ပြည့်နှက် တိုးဝှေ့နေခဲ့ကြတယ်။

ကြီးကျယ်ခမ်းနားလှတဲ့ ဂီတဖျော်ဖြေပွဲကို လာရောက် ပြုလုပ်ပေးတဲ့ ဂျေဆန်မရက် (ဇ်) နဲ့ ပတ်သက်တာ မှန်သမျှ အားလုံးဟာ အခမဲ့ တွေချည်း ဖြစ်ခဲ့တာကတော့ မြန်မာပြည်က ရှိုးပွဲကျင်းပသူတွေ၊ ဂီတအနုပညာရှင်တွေက အတု ယူ လေ့လာသင့်တယ် ဆိုတဲ့ ဝေဖန် သံ တွေလည်း ဟိုတစ ဒီတစ ထွက်ပေါ်လာပါတယ်။

“အခမဲ့လုပ်တာကို အတုယူသင့်တယ်လို့ ဆိုလိုချင်တာထက်ကို သူတို့ရဲ့ စေတနာပါမှု၊ အခမဲ့ဆိုပေ မယ့်လည်း ပရိသတ်ကို အလေးထားပြီး အစစအရာရာကို အသေးစိတ် ဂရုတစိုက် ပြင်ဆင်မှုတွေကို လေ့လာသင့်တယ်လို့ ပြောချင်တာ ပါ။ ဒီမှာကတော့ တွေ့နေရတာ ပိုက်ဆံယူပြီး စေတနာမပါကြဘူး။ စည်းကမ်း လိုက်နာချင်အောင် မလုပ်ကြဘူး။ စည်းကမ်း လိုက်နာမှု တွေလည်း မရှိကြဘူး” လို့ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ကုမ္ပဏီမန်နေဂျာ ကိုထွဋ်အောင်က ဆိုပါတယ်။

ညနေ ၅ နာရီ မိနစ် ၃၀ မှာ အစီအစဉ် တင်ဆက်သူ ဆန်းထွဋ်နဲ့ သရုပ်ဆောင် အေးမြတ်သူတို့နဲ့အတူ ဖွင့်ပွဲကို စတင်ခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူ အတွေ့အကြုံ ရင့်နေပြီဖြစ်တဲ့ ဆန်းထွဋ် ကတော့ ပရိသတ် အားပေးမှုကို ရရှိခဲ့ပေမယ့် သရုပ်ဆောင် အေးမြတ် သူ ကတော့ ကြည့်ရှုသူ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

အဆိုတော် ချမ်းချမ်းရဲ့ သီချင်းတပုဒ်နဲ့ စတင်ခဲ့ပြီးနောက် သူမကပဲ Shania Twain ရဲ့ Still the one သီချင်းကို မူရင်း အင်္ဂလိပ်ဘာသာ အတိုင်း သီဆိုခဲ့ပါတယ်။

ချမ်းချမ်းအပြီး စိုင်းစိုင်းခမ်းလှိုင် အလှည့်မှာတော့ ပရိသတ် တွေနဲ့အတူ ထပ်တူကျတာကို တွေမြင်ရပါတယ်။ အသက် ၃၀ ကျော်နေပြီ ဆိုပေမယ့် လူကြီး၊ လူငယ် လက်ခံနေဆဲ၊ အောင်မြင်နေဆဲ ဟစ်ပ်ဟော့ပ် အဆိုတော် တယောက် ဆိုတာကို ငြင်းပယ်လို့ မရဘူးဆိုတာ သက်သေပြသွား ခဲ့ပါတယ်။

အဆိုတော် ဖြိုးကြီး၊ ချစ်သုဝေ၊ လင်းလင်းတို့ရဲ့ ဖျော်ဖြေမှုတွေဟာလည်း ကြည့်ရှုသူ ပရိသတ်ရဲ့ အားပေးမှုကို အထူး ရရှိခဲ့ပါ တယ်။

အဆိုတော် လင်းလင်းကတော့ သူ့ရဲ့ သီချင်းတပုဒ်ကို ဖျော်ဖြေပြီးတဲ့အချိန်မှာ “လူတိုင်းလူတိုင်း ည အိပ်ယာဝင်ခါနီးတိုင်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့် မသန့် အရင်စစ်ပြီးမှ အိပ်ကြပါ” လို့ ပြောလိုက်တဲ့အတွက် ပရိသတ်ရဲ့ လက်ခုပ်သံတွေ တဝေါဝေါ ထွက်ပေါ်လာပါတယ်။

ပရိသတ်အကြိုက်ကို ပြောပေးသွားတဲ့ လင်းလင်းအပြီး MTV Exit ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် ခန့်အပ် ခံထားရတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ R ဇာနည်တို့ကလည်း သူတို့ရဲ့ သီချင်း ၃ ပုဒ်စီကို သီဆိုသွားခဲ့ပါတယ်။

ချမ်းချမ်းကအစ R ဇာနည်အဆုံး သီဆိုသွားကြတဲ့ သီချင်းတွေထဲမှာ ဖြူဖြူကျော်သိန်းနဲ့ အာဇာနည်ဟာ ကိုယ်ပိုင် သံစဉ် သီချင်းတွေကို သာ ရွေးချယ် သီဆိုသွားခဲ့ကြတဲ့အတွက် ပရိသတ် ဝေဖန်မှုကို ထပ်မံရရှိခဲ့ပြန်ပါတယ်။

“အစကတည်းက ဘယ်သူမှ ကော်ပီမဆိုသင့်ဘူး။ အခုလို ပွဲမျိုးတော့ သူတို့ကော်ပီဆိုလို့ မရဘူး လေ။ အဲဒီတော့ လူတွေကလည်း သူတို့အန္တရာယ် သူတို့ရှောင်တတ်တယ်လို့ပဲ မြင်ကြတာပေါ့။ တမင် မဆိုရဲလို့ ရွေးဆိုတယ်လို့ပဲ မှတ် ချက် ပြုချင်တယ်။ နောက်ပိုင်း ကော်ပီတွေ ရှောင်ကြရင် သိပ်ကောင်းမယ်” လို့ အသက် ၂၅ နှစ်အရွယ် ဂီတ ဝါသနာရှင် လူ ငယ်တဦး က ဆိုပါတယ်။

မြန်မာတေးသံရှင်တွေရဲ့ ဖျော်ဖြေမှု တခုနဲ့ တခု အကြား လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေး အစီအစဉ်တွေအနေနဲ့ မိနစ် အနည်းငယ်စီ ပြသသွားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတိုတွေ၊ Documentary တွေကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှု အထူး ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာတေးသံရှင် တဦးချင်းစီဟာလည်း လူကုန်ကူးမှု “ရပ်” ဆိုတဲ့ အသိပညာ ပေး အကြောင်းအရာတွေကို ပြောဆို ခဲ့ပါသေးတယ်။

အဆိုတော် Rဇာနည်ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “လူကုန်ကူးမှုဆိုင်ရာ ဘဝရဲ့ ထောင်ချောက် များ” အမည်ရ တေးသီချင်းဟာ Rဇာနည်ရဲ့ သရုပ်ဆောင် သီဆိုမှုနဲ့ လိုက်ဖက်လွန်းလှပြီး Animation သရုပ်ဖော် နေမျိုးဆေးရဲ့ ပြုလုပ်ချက်တွေဟာလည်း ရိုးရိုးရှင်းရှင်းနဲ့ ပရိတ်သတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။

မြန်မာတေးသံရှင်များရဲ့ ဖျော်ဖြေမှုများအပြီး ထိုင်းနိုင်ငံက နာမည်ကြီး Rock band ဖြစ်တဲ့ Slout Machine အဖွဲ့က အင်္ဂလိပ် သီချင်းတ ပုဒ် အပါအဝင် သူတို့ရဲ့ ယိုးဒယား သီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ယိုးဒယား ဘာသာစကားကို နားမလည်ပေမယ့်လည်း သူတို့ရဲ့ ဂီတစွမ်းရည်ကြောင့် စင်အောက်က ကြည့်ရှုသူများရဲ့ အံ့သြ မင်တက်မှုနဲ့ အားပေးမှုကို ရရှိခဲ့ပြန်ပါတယ်။

နောက်ဆုံး ည ၉ နာရီ ခွဲ ဝန်းကျင်မှာတော့ အားလုံး မျှော်လင့် တောင့်တနေခဲ့ကြတဲ့ အမေရိကန်အဆိုတော် ဂျေဆန်မရက် (ဇ်) အလှည့် ကို ရောက်ရှိလာပါတော့တယ်။

“မင်္ဂလာပါခင်ဗျာ” လို့ မြန်မာလို ပီပီသသ သူ့ရဲ့ နှုတ်ဆက်သံကို မြန်မာပရိသတ်ကြီး က “ဟေး” ခနဲ တခဲနက် အားပေးခဲ့ကြပြီး သီချင်း ၈ ပုဒ်လောက်ကို ဆက်တိုက် သီဆိုသွားပါတယ်။

အနက်ရောင် တီရှပ်၊ ခဲရောင် သမ်းတဲ့ ဂျင်းဘောင်းဘီနဲ့ သူ့ရဲ့ အမှတ်အသား ဖီဒိုရာ ဦးထုပ်အပြင် ဂစ်တာ တလက်ကို လွယ်လို့ ပရိ သတ်ရှေ့ ထွက်လာခဲ့တဲ့ ဂျေဆန်ရဲ့ သွင်ပြင်ဟာ တည်ငြိမ်စွာနဲ့ သူ့ရဲ့ ဂီတစွမ်းရည်ကို အပီအပြင် ပြသတော့မယ့် သွင်ပြင်နဲ့ ရှိနေခဲ့ပါ တယ်။

သူက “ကမ္ဘာပေါ်မှာ နေ့စဉ်ဆိုသလို မှားယွင်းတဲ့ အဖြစ်အပျက်တွေ အများကြီးရှိနေပါတယ်။ ဒါ ကြောင့် ကျနော်ဟာ အခုအချိန် ဒီနေရာမှာရှိနေတာပါ” လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးအကြောင်းနဲ့ ဆက်လျဉ်းပြီး ပြောခဲ့ပါ တယ်။

ပရိသတ် မျှော်လင့်နေကြတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Lucky သီချင်းကိုတော့ ဂျေဆန်က မြန်မာပြည်က အဆိုတော် ဖြူဖြူ ကျော်သိန်းနဲ့ တွဲဖက် သီဆိုခဲ့ပါတယ်။ Lucky သီချင်းဟာ ဖြူဖြူကျော်သိန်းနဲ့ တွဲဖက်သီဆိုတဲ့အခါ လိုက်ဖက်မှု မရှိလှဘူးလို့ ပရိတ်သတ် အများစုက ဝေဖန်ကြပါတယ်။

ကြည့်ရှုနေတဲ့ ပရိသတ်တွေ တကယ်မျှော်လင့်နေတဲ့ I won’t give up နဲ့ I’m yours သီချင်း နှစ်ပုဒ်ကိုတော့ နောက်ဆုံးနားကျမှ သီဆို သွား ခဲ့တယ်။

ဒီသီချင်းနှစ်ပုဒ်ကို လိုက်ပါသီဆိုကြတဲ့ ပရိသတ်ကြီးထဲက အများစုဟာ အခုလို လိုက်ပါသီဆိုဖို့အတွက် အလွတ် ကျက်မှတ် လာကြ တယ် လို့ သိရပါတယ်။

သီချင်းရှစ်ပုဒ်လောက်ကို မရပ်မနား သီဆိုသွားခဲ့တဲ့ ဂျေဆန်ရဲ့ လှုပ်ရှားပုံတွေဟာ အထင်ကရ ရွှေတိဂုံစေတီတော် နောက်ခံ ရှုခင်းနဲ့ အလွန်ကိုလိုက်ဖက်တယ်လို့ ပရိတ်သတ်တချို့က ဆိုပါတယ်။

ည ဆယ်နာရီခွဲကျော်မှာတော့ ပြည်သူ့ရင်ပြင် ဝန်းအတွင်းမှာ သမိုင်း ဖြစ်ကျန်ခဲ့မယ့် ဂျေဆန်မရက်(ဇ်)ရဲ့ ဖျော်ဖြေပွဲကြီး အောင်မြင်စွာပဲ ပြီးဆုံးခဲ့ပါတယ်။

အဲဒီနေ့က ညနေလေးနာရီကစလို့ မိုဘိုင်းဖုန်းလိုင်းတွေရဲ့ ဆက်သွယ်မှုတွေ ဧရိယာပြင်ပ ရောက်ခဲ့ကြပါတယ်။ ပြည်တွင်း ရုပ်သံလိုင်းဖြစ် တဲ့ ချယ်နယ်ဆဲဗင်း ကလည်း ည ၈ နာရီခွဲမှာ ထုတ်လွှင့်ပြသမယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီ အစီအစဉ် မဖြစ်ခဲ့တာမို့ ကွင်းအတွင်း လာ ရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ်တွေ တဖျစ်တောက်တောက် ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ပြင် ဝန်းတခုလုံးသာမကဘဲ ပြည်လမ်းမပေါ်ကနေပါ ဝန်းအတွင်းက ပရိုဂျက်တာတွေကို လှမ်းကြည့်ရှု နေကြတဲ့ ပရိတ်သတ် တွေနဲ့ ပေါင်းလိုက်ရင် လာရောက် ကြည့်ရှုသူ ၇ သောင်းကျော် ရှိနိုင်ပါတယ်လို့ လုံခြုံရေးတာဝန် ယူထားရတဲ့ ရဲအရာရှိ တဦးက ဆိုပါ တယ်။

ဘီယာအရက် သောက်စားသယ်ယူခွင့် မပြုခဲ့တဲ့အတွက် မြန်မာ့ ဂီတ အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲအများစုမှာ တွေ့ရသလို အချင်းချင်း ရန်ဖြစ်တာ၊ မူးယစ်တာတွေနဲ့ တခြားပြဿနာတွေ မတက်ခဲ့ပါဘူး။

လူအုပ် များပြားလွန်းတာကြောင့် အသက်ရှုကျပ်ပြီး မူးလဲခဲ့တဲ့ ပရိသတ်တချို့တော့ ရှိတယ်လို့ သိရတယ်။ ကိုကာကိုလာ အချိုရည်က တော့ ပရိသတ် တောင်းသမျှ ဇွဲရှိရှိနဲ့ ပွဲမပြီးမချင်း တက်ကြွစွာရှိနေခဲ့ပါတယ်။

ဂျေဆန်မရက် (ဇ်) ဖျော်ဖြေပွဲ အပြီးမှာတော့ တာဝန်ရှိသူတွေ စီစဉ်ပေးခဲ့တဲ့ အိမ်အပြန် လိုင်းကား ၇၅ စီးကြောင့် ပရိသတ်တွေ အတွက် တော်တော့်ကို အဆင်ပြေ ခဲ့ပါတယ်။

ပရိသတ်တွေကတော့ ကျေနပ်အားရစရာ အကောင်းဆုံး ဂျေဆန်မရက်(ဇ်)လို့ မှတ်ချက်ပြုပေးခဲ့ကြပါ တယ်။

ပွဲလာကြည့်သသူ လူငယ်တဦးကတော့ “ဂျေဆန်က ပညာတွေ၊ အသိတွေ အများကြီး ငါတို့ကိုရော၊ အစိုးရကိုပါ ပေးသွားတယ်” လို့ ဆို ပါ တယ်။

ည ၁၁ နာရီထိုးခါနီ ဒီဇင်ဘာညရဲ့ ဆောင်းလေအေးကြားမှာ ပြည်လမ်းမကြီးတဘက် တချက် လမ်းမကြီးပေါ် ပျော်ရွှင်နေကြတဲ့ ပရိ သတ်တွေရဲ့ နှုတ်ဖျားမှာတော့ ဂျေဆန် ဆိုတဲ့ စကားလုံးတွေသာ ပြည့်နှက် နေပါတော့တယ်။

No comments: