Monday, December 24, 2012

တိုင်းပြည်အတွက် အာဏာရှိရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မင်းလွင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် ကောင်းအောင် လုပ်ဖို့ဆိုရင် အာဏာရှိဖို့လိုကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့ နယ်မှာ ပြုလုပ်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

“ကျမသတင်းထောက်တွေနဲ့တွေ့ရင် အထူးသဖြင့် နိုင်ငံခြားသတင်းထောက် တွေက မေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမက လည်း ဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာလို့။ ဒီတော့ ဟိုတလော က ၁ ရက် ၂ ရက်လောက်ကလည်းနိုင်ငံခြားကသတင်းထောက် တယောက်က မေးတယ်။ ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။လိုချင် တယ် လို့ကျမကပြောလိုက်တယ်။ လိုချင်တယ်ဆိုတော့ သူကဘယ်လိုပြောလဲဆို တော့။ သူကနိုင်ငံခြားသတင်းထောက် အင်မတန်မှ ၀ါရင့်တဲ့ သတင်းထောက် ဆိုတော့ နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေကို ဗျူးဖူးတယ်။ သူပြောတယ်။ သူဒီလောက်အများကြီး နိုင်ငံရေး သမားပေါ့နော်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံ က နိုင်ငံရေးသမား အများကြီးကို ဒီမေးခွန်းမေးခဲ့ဖူးတယ်တဲ့။ တယောက်ကမှ အာဏာလိုချင် ပါတယ်လို့ မ၀န်ခံခဲ့ဘူးတဲ့။ ကျမတယောက် တည်း အာဏာလိုချင်တယ်လို့ ပြောတယ်။ ဒီတော့ ကျမက ပြောလိုက်တယ်။ ဟုတ်တယ်။ ကျမက အာဏာလိုချင်တယ်။ နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လို့ လိုချင်တယ်လို့ ပြောတာ။ တခြားနိုင်ငံရေးသမားတွေက အာဏာမလိုချင်ဘူးလား မေးလိုက်တော့ သူကပြောတယ် လိုချင်တယ်တဲ့။ ဒါ ပေမယ့် သူတို့က ဘယ်တော့မှ မှန်မှန်ကန်ကန် မ၀န်ခံဘူးတဲ့။ အာဏာလိုချင်လို့ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက်ပါ အစသဖြင့် အဲလို ပြောတယ်တဲ့။”

“အဲ့တော့ ကျမရှင်းရှင်းလင်းလင်းပြောပါရစေ။ ပြည်သူလူထုအတွက်လုပ်နိုင်ဖို့ ကျမ အာဏာကို လိုချင် ပါတယ်လို့ပြောပါရစေ။ဒါကြောင့် ခုက တည်းက ကျမပြောထားမယ်။ ကျမတို့က ပြည်သူလူထုက လိုလားတောင့်တလို့၊ မျှော်ကိုးဖိတ်ခေါ် လို့ ကျမတို့က ရွေးကောက်ပွဲဝင်ရမှာတို့၊ ကျ မတို့က အာဏာရတဲ့နေရာရောက်ဖို့ ကြိုးစားရပါတယ်လို့ ကျမတို့မပြောဘူး။ ကျမပြည်သူလူ ထုနဲ့ ဆက်ဆံတဲ့အခါ ဖြောင့်ဖြောင့်မတ်မတ်ပဲ ဆက်ဆံမယ်။ ကျမ အာဏာလိုချင်တယ်၊ ဟုတ်တယ်။ ဘယ်သူက အာဏာမရဘဲ ကိုယ် လုပ်ချင်သလို လုပ်နိုင်မလဲ။ ကျမတို့ ပြည်သူကောင်း စားဖို့ လုပ်ချင်တယ်ဆိုတာလည်း ကိုယ့်ကောင်းကျိုးအတွက်ပဲ၊ ဘာလို့လဲဆိုတော့ ကျမလည်း ပြည်သူထဲကတယောက်ပဲ။ ကျမကောင်းကျိုး လုပ်တာ ပြည်သူ့ကောင်းကျိုးလုပ်တာနဲ့တူတူပဲလို့ မြင်ပါတယ်။ ဒါကြောင့် အာ ဏာ လိုချင်လို့တော့ မဟုတ်ပါဘူး မဲထည့်ပေးပါ ဆိုရင် ဘယ် တော့မှမယုံနဲ့နော်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေးအခြေအနေနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ၊ သ ဘာဝပတ်ဝန်းကျင် သယံဇာတ အရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ ပါတယ်။

“ပညာရေးစနစ်ကောင်းသွားပြီလားဆိုတော့ မကောင်းသေးဘူး။ ကျန်းမာရေးစနစ်လည်း ကောင်းသွားပြီ လားဆိုတော့မကောင်းသေးဘူး။နိုင် ငံရေးစနစ် ကောင်းသွားပြီလားဆိုတော့ ကောင်းသွားအောင် ကြိုးစားနေတယ်။ နိုင်ငံရေးစနစ် ကောင်းအောင်ကြိုးစားနေတဲ့ တချိန်တည်း မှာပဲ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကောင်းအောင် ကြိုးစားအားထုတ်ရမှာပေါ့။ ကျမတို့လူ ငယ်တွေ အလုပ်လက်မဲ့ဘ၀နဲ့ နေနေတာကို ကျမမ တွေ့ချင်ပါဘူး။ ဒီလိုဘ၀က ကျမတို့လူငယ်တွေ လွတ်မြောက်ဖို့ဆိုရင် အလုပ်အကိုင် တွေ ဖန်တီးပေးရမယ်။ ပညာရေးနဲ့ ကျန်းမာရေး စနစ် တွေကောင်းအောင် လုပ်ပေးရမယ်။

“သစ်တောတွေ၊ ဓနိတောတွေပြုန်းတီးသွားတာ ကျမတို့ တွေ့ရတယ်။ အဲလိုပြုန်းတီးသွားတာ ဘယ်သူ့ တွေမှာ အကျိုးရှိလဲဆိုတော့ ပြည်သူ ပြည်သားတွေအတွက် ဘာအကျိုးအမြတ်မှ မရှိခဲ့တာ ကျမတို့တွေ့ရတယ်။ ပြည်သူပြည်သားတွေ မနစ်နာအောင် အရေးယူရမှာ၊ ကာကွယ်ပေး ရမှာ အစိုးရရဲ့ တာဝန်ဖြစ်တယ်။ နိုင်ငံတနိုင်ငံဟာ သယံဇာတပေါများလျက်နဲ့ သဘာဝအားဖြင့် ချမ်းသာလျက်နဲ့ မတိုးတက်နိုင်ဘူး ဆိုရင် ဒါ အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ ပြောရမှာပဲ။”

ကျွန်းစုမြို့နယ်က ဒေသခံတွေ မေးမြန်းတဲ့ ပုဂ္ဂလိကပိုင်အအေးခန်းစက်ရုံတွေမှာ နားရက်မရှိ အလုပ်ဆင်းခိုင်းမှုနဲ့ နယ်မြေခံ စစ်တပ်တွေ က ဒေသခံစက်လှေတွေဆီက စက်သုံးဆီ တောင်းရမ်းနေမှုတွေကို လည်း သတ်ဆိုင်ရာကို တင်ပြဆွေးနွေးပေးမယ် လို့ ပြန်လည် ဖြေကြားခဲ့ ပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းမှာလည်း အစောပိုင်းရက်တွေက ပေါက်ကွဲမှုဖြစ်ပွား ခဲ့ တယ် လို့ သတင်းထွက်ပေါ်ခဲ့တဲ့ မြိတ်မြို့နယ် ကံပေါ်ကျေးရွာမှာလည်း ဒေသခံတွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

No comments: