Monday, December 24, 2012

သစ်တောဌာန ဆင်ဝိုင်းမှ ဆင်များ သောင်းကျန်း၍ ဒေသခံတိုင်းရင်းသားများ နေရပ် စွန့်ရမလို ဖြစ်နေ

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် သစ်တောဌာန အပိုင် ဆင်ဝိုင်းတစ်ခုက ဆင်တွေ သောင်းကျန်းနေတာကြောင့် ဒေသခံ တိုင်းရင်း သားတွေဟာ သူတို့ရဲ့ နေရပ် ဒေသကို စွန့်ခွာရမလို ဖြစ်နေပြီလို့ ဒေသခံ ရွာသားတွေက ပြောပါ တယ်။

တောင်ကုတ်မြို့ (၁၀) မိုင်ခန့် အကွာမှာရှိတဲ့ ကျောက်တံခါးကျေးရွာအနီးမှာ မြန်မာ သစ်တောဌာနက ပိုင်တဲ့ ဆင်ဝိုင်း တစ်ခု ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဆင်ဝိုင်းကဆင်တွေဟာအနီးအနားကတောင်သူတွေ စိုက်ထားတဲ့ဥယာဉ် ခြံမြေတွေကို ၀င်ပြီး နေ့တိုင်လိုလို စားသောက်တဲ့ အ တွက် ရွာသားတွေပိုင် တဲ့ စိုက်ပျိုးပင်တွေဟာ အကုန်လုံးပျက်စီးကုန်တယ်လို့ သိရပါတယ်။

တောင်ယာစိုက်ရင်လည်း တောင်ယာစိုက်ခင်းတွေကို ၀င်ရောက်စားသောက်တယ်လို့ ဆိုပါတယ်။ အဲသလို သောင်းကျန်းနေတဲ့ဆင် ကောင် ရေ ဟာ ၂၀ ၀န်းကျင်နီးပါး ရှိတယ်လို့ ပြောပါတယ်။

“ ဆင်တွေက သစ်တော ဦးစီးဌာ ဆင်ဝိုင်းက ဆင်တွေ ဖြစ်ပါတယ်။ ၂၀ လောက်ရှိမယ် ထင်ပါ တယ်။ကျွန်တော်တို့ တောင်ကုတ် မြို့နယ်မှာ ဆိုရင် အဲဒီ ဆင်ဝိုင်း တစ်ခုဘဲ ရှိပါတယ်။ ဆင်တွေက အယဉ်သွင်းထားပြီး သူတို့ အစာ ရေစာတွေကို ဒေသခံတွေ စိုက်ပျိုးတဲ့ ဥယာဉ် ခြံမြေ တွေ၊ တောင်ယာတွေကို ၀င်ရောက်စားသောက်ပါတယ်။ ဆင်ဝိုင်းက လူတွေကို တိုင် ရင်လည်း ဘာမှ အရေးယူ ဆောင်ရွက်ပေးတာ မရှိပါ ဘူး။ အခု ဒေသခံတွေက အထူးရောက်နေကြရပါတယ်” လို့ ရွာ သား တစ်ဦးက ပြောပါတယ်။

အခုလို ဆင်တွေ သောင်းကျန်းနေတဲ့ အတွက် ဒေသခံတွေဟာ သူတို့ရဲ့ ရိုးရာ လုပ်ငန်း ဖြစ်တဲ့ တောင်ယာ လုပ်ငန်းတွေကို စွန့်လွှတ် ပြီး ၀ါးခုတ်၊ သစ်ခုတ်ပြီး ရောင်းစားကြရတဲ့ ဘ၀ အခြေအနေမျိုးကို ရောက်လာတယ်လို့ ပြောပါတယ်။

“ ခုလို ဆင်တွေက သောင်းကျန်းနေတာက တနှစ် မဟုတ်ပါဘူး။ အခုပိုဆိုးလာတာက ဆင်တွေများ လာတော့ သစ်တော ဆင်ဝိုင်းက လူ တွေ အစာမကျွေးနိုင်တော့ လူတွေစိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ၊ တောင်ယာတွေကို ၀င်စားကြ တယ်။ အခု ရွာသား အတော်များများဟာ ဆင်ဝိုင်းက ဆင်တွေကြောင့် မိမိတို့ရဲ့ တောင်ယာလုပ်ငန်းတွေကို စွန့်လွှတ်ပြီး တစ် ခြား ကျဘမ်း အလုပ်တွေဖြစ်တဲ့ ၀ါးခုတ်၊ သစ်ခုတ်တဲ့ အလုပ် တွေကို ပြောင်းရွှေ့ လုပ်ကိုင် လာကြရပါတယ်” လို့ ဆိုပါတယ်။

ရွာသားတွေဟာ ရိုးသားတဲ့ တောသူ တောင်သားတွေ ဖြစ်တဲ့ အတွက် ယူနီဖေါင်းမြင်ရင် ကြောက်ကြတာကြောင့် သစ်တောဌာနက ဆင် ထိန်း တွေကိုလည်း ဘာမှ ပြန်မပြောရဲကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ သူတို့ နေရပ်ကနေ တခြားနေရာကို ပြောင်းရွှေ့ရမလို ဖြစ် နေတယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတာက ကျောက်တံခါး ရွာအပါအ၀င် အနီးအနား ဇရွက်ခုံ ဆိုတဲ့ ရွာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတဲ့ အတွက် ရွာသားတွေဟာ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူကြီးတွေကို ဒီဇင်္ဘာ လ ၂၃ ရက်နေ့က လာရောက် အကြောင်းကြားတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစောချစ်မောင် ပြောတာကတော့ ရွာသားတွေ ဟာ တောသူ တောင်သားတွေ ဖြစ်ကြတဲ့ အတွက် ဒီလို ဖြစ်နေတဲ့ အပေါ် ဘယ်သူ့ကို တိုင်ကြား ရမယ်ဆိုတာကိုလည်း မသိဘဲ ဖြစ်နေ ကြတယ်လို့ ပြောပါတယ်။

ဆင်ဝိုင်းက ဆင်တွေကြောင့် ဒေသခံ ရွာသားတွေဟာ အထူး ဒုက္ခရောက်နေကြပြီး သူတို့ အရေးကို လိုက်ပါ ဆောင်ရွက်ပေးမယ့်သူတွေ လည်း မရှိ ဖြစ်နေတယ်လို့ ဦးစောချစ်မောင်က ပြောပါတယ်။

No comments: