သျှမ်းသံတော်ဆင့်
မြန်မာအစိုးရကို ၂၅ နှစ်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF နှင့် အစိုးရတို့ အကြား ပဏာမ အပစ်ရပ်ရေး ၊ အချက် ၄ ချက်ပါ ပြည်နယ်အဆင့် သဘောတူညီမှုကို ယမန်နေ့က နှစ်ဘက်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည် ။
ABSDF အဖွဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲဦးဆောင်သည့် ၃၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် ဦးအောင်မင်း ဦးဆောင်သည့် ပြည် ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံဆွေးနွေးကာ နှစ်ဘက် လက် မှတ်ရေး ထိုးခြင်း ဖြစ်ကြောင်း ၄င်းဆွေးနွေးပွဲ တက်ရောက်နေ သည့် ABSDF မြောက်ပိုင်း ကိုယ်စားလှယ် ရဲဘော် နိုင်ဝင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ ABSDF ကတော့ ဥက္ကဋ္ဌ ကိုသံခဲဦးဆောင်တဲ့ ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်တယ် ။ အစိုးရဘက်ကတော့ ဦးအောင် မင်း ၊ ဦးအုန်းမြင့် ၊ ဦးသိန်းဇော် ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းတို့ အဓိကတက်ရောက် ဆွေး နွေးကြတယ်။ အဲဒါပြီး ပြည်နယ်အဆင့် အချက် ၄ ချက်ကို သဘောတူပြီး အပစ်ရပ်စဲရေး လက်မှတ်ထိုးတယ်။ ဒါက ပဏာမအဆင့်ပေါ့။ ပြည်ထောင်စုအဆင့်ကိုတော့ လာမဲ့ ၁၀ ရက်နေ့မှာ ဆက်ဆွေးနွေးမယ် ” ဟု သူက ပြောသည် ။
အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့် သဘောတူညီခဲ့သည့် အချက် ၄ ချက်မှာ-
(၁) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့်နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် မကဒတနှင့် အစိုးရကြား အပစ်အခတ်ရပ်စဲရေး ။
(၂) အပစ်အခတ်ရပ်စဲထားသည့် ကာလတွင် နှစ်ဘက်တပ်ဖွဲ့များကြား ပဋိပက္ခဖြစ်ပွားခြင်း တိုက်ပွဲများ မဖြစ်ပေါ်အောင် ထိန်းသိမ်းဆောင်ရွက်သွားခြင်း ။
(၃) ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များကို ပြည်ထောင်စုအတွင်း မည်သည့်နေရာမဆို လွတ်လပ်စွာခရီးသွား လာ ခွင့်ပြုရေး ။
(၄) ABSDFမှ တင်ပြသော အဖွဲ့အစည်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရ တွင် ဆက်လက်ဆွေးနွေးရန် တို့ ဖြစ်ကြောင်း သိရသည် ။
တင်ပြချက်များကို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၂၀၁၂ ခုနှစ်မှစ၍ အစိုးရနှင့် ABSDF ကိုယ်စားလှယ်များ အကြား နှစ်နှစ်တာကာလအတွင်း ၅ ကြိမ်ခန့် နှစ်ဘက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံးအကြိမ် တရားဝင် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည် ။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုမူ ယခုလ ၁၀ ရက်နေ့တွင် နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည် ။
လာမည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၌ ABSDF အဖွဲ့နှင့် ပတ်သက်သည့် အချက်များနှင့် တစ်နိုင်ငံ လုံးအတိုင်းအတာ ဆောင်သည့် အချက်များဟူ၍ နှစ်ပိုင်းခွဲထားပြီး နိုင်ငံရေးအကျဉ်း သားအားလုံး လွတ် မြောက်ရေးကိစ္စများ ၊ မတရားသင်း ပယ်ဖျက်ပေးရေးကိစ္စများ ၊ Black List စာရင်းသွင်းခံထားရသည့် တပ်ဖွဲ့ဝင်များ စာရင်းမှ ပယ်ဖျက်ရေးကိစ္စများ ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိစ္စများ နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စများ ပါဝင်သည့် အချက် ၁၀ ချက်ကျော်ကို ထပ်မံ ဆွေးနွေးမည်ဟု သိရသည် ။

No comments:
Post a Comment