နန်းမြင့် | တနင်္လာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၃
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန်အတွက် တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဩဂုတ် ၄ ရက်က ပြုလုပ်ခဲ့သည်။
တစ်ကိုယ်တော်ဆန္ဒပြခြင်းကို မုံရွာမြို့မှ ကိုရာဇာ (ခေါ်) ကိုထွန်းလင်းဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆူးလေ၊ မြို့တော်ခန်းမရှေ့ တွင် ညနေ သုံးနာရီခွဲခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြချိန်မှာ ငါးမိနစ်ခန့်သာ ရှိပြီး ၎င်းကို ကျောက်တံတားရဲစခန်းက ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြသောကြောင့် လာရောက် ခေါ်ဆောင်သွားခဲ့သည်။
တစ်ကိုယ်တော် ဆန္ဒပြရာတွင် အချက် ခြောက်ချက် တောင်းဆိုပြီး ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် ဩဂုတ် ၈ ရက်တွင် ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ အသင်းဖွဲ့ ပုဒ်မများနှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မများဖြစ်သည့် ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ကို ဖျက်သိမ်းပေးရေး၊ လက်ပံတောင်းတောင်ဒေသတွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေးတို့ ပါဝင်သည်။
ယင်းအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်ပေး၊ အမျိုးသားရှေ့ဟောင်းအမွေအနှစ်ဖြစ်သော လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော် မူလ အခြေအနေအတိုင်း မပျက်စီးရေး ဆောင်ရွက်ပေးရန်နှင့် မုံရွာခရိုင်တွင်ရှိသော လက်ပံတောင်းတောင် အရေးနှင့် တစ်နိုင်ငံလုံးတွင် ဖြစ်နေသော နိုင်ငံအခြေအနေ မငြိမ်းချမ်းမှုအတွက် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်။
တစ်ကိုယ်တော် ဆန္ဒပြသူ ကိုရာဇာက “နိုင်ငံရေးအခြေအနေအရ တောင်းဆိုတာပါ။ ၂၀ဝ၇ ခုနှစ် စက်တင်ဘာက အဖမ်းခံထားရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ပါ”ဟုပြောသည်။
၎င်းကို ကျောက်တံတား ရဲစခန်းမှ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသည့်အတွက် ပုဒ်မ ၁၈ ဖြင့် အရေးယူထားပြီး ဩဂုတ် ၄ ရက် ညနေတွင် ပင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြပွဲသို့ ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက “ရှစ်လေးလုံးအခမ်းအနားမတိုင်မီ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတာ။ သမ္မတကြီး ပြောထားတဲ့ထဲမှာ ဒီနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးမယ်လို့ ပြောတယ်။ နောက်လည်းလွှတ်ပေးမယ့် အတူတူ ရှစ်လေးလုံး အခမ်းအနားမတိုင်မီ လွှတ်ပေးစေချင်တယ်”ဟုပြောသည်။
ဆန္ဒပြပွဲသို့ လာရောက်အားပေးသူ တစ်ဦးဖြစ်သည့် ဦးဘမြင့်က “ပြည်သူတစ်ယောက်ဆန္ဒပြတာကို ကြည့်တယ်။ အားပေးတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကောင်းလို့ အကူအညီပေးတာ။ ရှစ်လေးလုံးမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ သူက တောင်းဆိုတယ်။ ဒါက ကောင်းပါတယ်။ နိုင်ငံရေး အကျဉ်းသားက နိုင်ငံအတွက်အလုပ်လုပ်ရင်းထောင်ကျကြတာ”ဟု ပြောသည်။
ကိုရာဇာသည် ၂၀ဝ၇ ခုနှစ် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသူ နိုင်ငံရေး အကျဉ်းသား တစ်ဦးလည်းဖြစ်သည်။ ယင်းအပြင် လက်ပံတောင်းတောင် အရေးအတွက် ဆန္ဒပြသည့်အတွက်လည်း ၂၀၁၂ ခုနှစ်က ထိန်းသိမ်းခံခဲ့ရသေးသည်။
နိုင်ငံရေးအကျဉ်းသားများကို ဩဂုတ် ၈ ရက်တွင် အပြီးလွှတ်ပေးရန်အတွက် အစာငတ်ခံဆန္ဒပြမှုတစ်ခုလည်း ဩဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၏ နာယက ဆရာတော် ဘဒ္ဒန္တရက္ခဝံသက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။ ၎င်းဆရာတော်ကိုလည်း တိုင်းသံဃနာယကအဖွဲ့ရုံးမှ ယင်းနေ့တွင်ပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ရှစ်လေးလုံး ငွေရတုပွဲ အခမ်းအနားကို လာမည့် ဩဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment