နန်းမြင့်
ပြည်တွင်းရှိ ဘွဲ့ရလူငယ်များနှင့် ဆင်းရဲနွမ်းပါးသော အလုပ်လက်မဲ့ လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးမည့် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် စည်းကမ်းချက်များ သတ်မှတ်ပေးနိုင်ရန်အတွက် ယင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည်ဟု ယင်းအဖွဲ့မှ သိရသည်။
“ စွန့်ဦးသူများအဖွဲ့” ဆိုသည့် ယင်းအဖွဲ့က ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်ကို တည်ထောင်ပြီးပြည်တွင်းတွင် လုပ်ငန်းများ ဆောင်ရွက်ကာ ယင်းလုပ်ငန်းများ အောင်မြင်ပါက ပြည်တွင်းရှိ အလုပ်လက်မဲ့ ၆၀၀၀ ခန့်ကို အလုပ်ပေးနိုင်မည်ဖြစ်သည်ဟု ယင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းဆွေဦးကဆို သည်။ ၄င်းတို့လုပ်ငန်းနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် သမ္မတထံသို့ စာတင်ခြင်းကို သြဂုတ် ၅ ရက်က လုပ်ဆောင်ခဲ့သည်ဟု ဦးဝင်းဆွေဦးက မဇ္ဈိမသို့ သြဂုတ် ၁၂ ရက်တွင် ပြောသည်။
ယင်းသို့ လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတော်က မူဝါဒပိုင်းများ ဆောင်ရွက်ပေးရန် လိုသည်ဟုလည်း ၎င်းကဆိုသည်။ ယင်းကုမ္ပဏီကို ယခုနှစ် မတ်လအတွင်းက ဖွဲ့စည်းထားခဲ့သည်ဟုလည်း သိရသည်။
၎င်းက “ဒီလုပ်ငန်းတွေ ပေးဖို့ဆိုတာ နိုင်ငံတော်က ကူညီပေးဖို့လိုတယ်။ ပိုက်ဆံနဲ့ မဟုတ်ပါဘူး။ စည်းကမ်းတွေ သတ်မှတ်ပေးဖို့၊ ကျွန်တော်တို့လုပ်ငန်းကို သေချာနားလည်သွားရင် ဒီလုပ်ငန်းက မှန်ကန်တယ်ဆိုတာ အာမခံပေးဖို့ဖြစ်တယ်”ဟု ပြောသည်။
ကုမ္ပဏီအနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို လက်ရှိအချိန်တွင် တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း လုပ်ငန်းများမှာ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ကျစေရန် လုပ်ဆောင်ခြင်းဖြင့် ၀င်ငွေရှာခြင်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အလုပ်လက်မဲ့ များကို အလုပ်ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အလုပ်အကိုင် ပေးနိုင်ခြင်းနှင့် ပတ်သက်၍ ဦးဝင်းဆွေဦးက “ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အလုပ်သမားအပြင် ကျန်တဲ့နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေပါ အလုပ်ပေးနိုင်ဖို့ အစီအစဉ်ရှိတယ်။ ဒီလုပ်ငန်းတစ်ခုကို တည်ထောင်ပြီးတဲ့ အချိန်ကျရင် နောက်လုပ်ငန်းကို စတဲ့အချိန်မှာ အလုပ်သမား ဘယ်လောက်လိုတယ်ဆိုတာ တိတိကျကျ ပြောပြ သွားမယ်”ဟု ဆိုသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ (LRDP) မှ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဒေါ်အိရွှေစင်ညွန့်က “အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ လူထုအဖွဲ့ အစည်းလောက်နဲ့တော့ မလွယ်ဘူး။ လုံးဝ ခက်ခဲနေတဲ့ အခြေအနေမှာ လျော့သွား မယ်ဆိုရင် သဘောကျပါတယ်။ လက်ခံပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ပိုင်ခွင့်တွေ အလုပ်တွေအ များကြီးရှိမှသာ ဖြေရှင်းနိုင်မှာလေ။ အခု မြန်မာ မှာ အရင်းအနှီး လာလုပ်မယ့် နိုင်ငံတကာ အခြေအနေကို စောင့်ကြည့်နေတဲ့ အဆင့်ပဲရှိတယ်။ ၀ုန်းဒိုင်းနဲ့ ပြောင်းလဲ လာမယ့် အနေအထားမရှိဘူး”ဟု ပြောသည်။
သြဂုတ် ၁ ရက်က Myanmar Info Tech ၌ပြုလုပ်ခဲ့သော မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေးအလုပ် ရုံဆွေးနွေးပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးဝင်းကပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အလုပ်လက်မဲ့ဖြစ်နေသူများတွင် ဂုဏ်ထူးတန်း၊ ဘွဲ့ရများမှ ဆရာဝန်နှင့်အင်ဂျင်နီယာ များထိ ပါဝင်နေသည်ဟု ဆိုသည်။
No comments:
Post a Comment